ကျနော် ဥရောပ ဘောလုံးပွဲတွေ တိုက်ရိုက်စပြီး ကြည့်ဖူးတာက ၁၉၉၄ က စပြီး ကြည့်ဖူးတာပါ ။ ဂြိုလ်တုစလောင်းဆိုတာ အဲဒီနှစ်ကမှ ကျနော်တို့မြို့ကို စရောက်တာ ဖြစ်ပါတယ် ။
တမြို့လုံးမှာ ဘောလုံးပွဲပြနိုင်တာ video ရုံ သုံးရုံပဲ ရှိသေးတဲ့ခေတ် ဖြစ်ပါတယ် ။ မြို့ကြီးသားတွေ ဖြစ်တဲ့ ရန်ကုန်သားတွေ ရီမယ် မကြံနဲ့ ရုံတရုံက ခင်ဗျားတို့ ရုပ်ရှင်ရုံလောက် ရှိတယ်ဗျ ၊ လူထောင်ချီဆန့်တယ် ။
ဘောလုံးပွဲ အကြောင်း ဘယ်လောက်နားလည်သလဲ မမေးနဲ့ ပွဲစဥ်မရှိတော့လို့ ရုံပိတ်ပြီဆိုပြီ စက်ကိုင်တဲ့ကောင် နဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး ပါးစပ်နဲ့ ဆက်ကန်ပြီးမှ ပြန်ကြတာ ။
မျက်စိမှိတ်ထားလိုက် ဝီစီသံကြားတာနဲ့ သာမန်ဝီစီလား ၊ အဝါလား ၊ အနီလား ကွဲကွဲပြားပြား သိတယ် ။ ဘယ်အသင်းရဲ့ လိုင်းအပ် ဘယ်သူတွေ အရံက ဘယ်သူထွက်ရင် ဘယ်သူဝင်မယ် သိကြတယ် ။ ဘောလုံးသမား ၇၀၀ ကျော်ကို မိခင်နိုင်ငံ နဲ့ ကလာပ်အသင်း တွဲပြီး ရေးပြအနိုင်ယူဖူးတယ် ။
အဲဒီအချိန်က အားပေးခဲ့တာ မန်ယူပဲ ။ ဘယ်လောက်အားပေးသလဲ ဆိုရင် ဘယ်သူနဲ့ ကန်ကန် ပေါက်စျေးဘယ်လောက်ဖြစ်ဖြစ် မန်ယူဖက်က လောင်းတယ် ။ စကားကုန်ပြောထားတယ် နတ်သကြားနဲ့ ကန်လည်း မန်ယူပဲ လို့။
ကိုယ်တွေ အားပေးခဲ့စဥ်က မန်ယူသမိုင်းရဲ့ အမြင့်ဆုံး ဖလားသုံးလုံး ရတဲ့နှစ်ဆို တပွဲမှ မလွှတ် ကြည့်ခဲ့ရတာပေါ့ ။ သရဲမရဲ စီးသလို ကန်တတ်တဲ့ မန်ယူကို သူရဲနီတွေလို့ ခေါ်ခဲ့ကြတဲ့နှစ်တွေပေါ့ ။ နာမည်ကျော် ဂျာနယ် First Elevel ဆိုတာ အဲဒီအချိန်က ဘောလုံးဂျာနယ်အဖြစ် စပြီး ခြေချခါစ လေ ။
အားပေးရကျိုးနပ်အောင် ကြိုးစားခဲ့ အောင်မြင်ခဲ့တဲ့ မန်ယူသမိုင်းပါပဲ ။
ယနေ့ မန်ယူအားပေးနေတဲ့ လူငယ်တွေက အဲဒီ အရှိန်နဲ့ အားပေးနေပေမယ့် မန်ယူဟာ အရှိန်ပါဝါ ကျဆင်းနေပြီး စိတ်ဓာတ်ပျက်ယွင်းနေပါပြီ ။ ပြောချင်တာက အားပေးရကျိုး မနပ်တော့ဖူး ဗျ ။
ကဲ နောက်ကဏ္ဍလာမယ် ။ မြန်မာ့တပ်မတော် ရဲ့ ၈၈ နောက်ပိုင်း နဝတခေတ် နအဖ ခေတ် ဆန့်ကျင်သူတွေ နားရွက်ခတ်မရတဲ့ ခေတ် ။ ရပ်ကွက်ထဲ အရက်မူးရမ်းကားနေသလား စစ်တပ်ကို အကြောင်းကြား သူတောင်းစား အဖေခေါ်ရအောင် စုတ်ပြတ်သွားရမယ့် အမူးသမား နောက်တသက်လုံး မရမ်းရဲတော့ဖူး ။
သူပုန် သူကန် အရေး ကိုယ့်နေရာနဲ့ကိုယ်နေ ခြေကျူးခြေ လက်ကျူးလက် အားမရရင် ဌာနချုပ်အထိ သိမ်းပိုက်ပစ်တယ် ။ ငြိမ်းချမ်းရေးယူမလား မယူဖူးလား မေးတယ် ၊ မယူဖူးဆိုရင် တိုက်ပစ်တယ် တနိုင်ငံလုံး အဲဒီခေတ်လောက် ငြိမ်းချမ်းခဲ့တာ မရှိဖူး ။
ကျနော်တို့ အားပေးခဲ့တဲ့ တပ်မတော်ရဲ့ သမိုင်း အစဥ်အလာက အဲသလို ခမ်းနားကြီးကျယ်ခဲ့တယ် ။ တပ်မတော်သမိုင်းမှာ ပြောသလို လုပ်ပြခဲ့ကြတယ် ။
ဘရွှေကြီး ဆောင်ပုဒ် ဘာတဲ့
"မြန်မြန် ဆန်ဆန် မှန်မှန်ကန်ကန်လုပ် ''
ဆိုပြီး တိုင်းပြည်တည်ဆောက်ရေး အားထည့်လုပ်သွားတယ် ။ ကြားထဲက ကန့်လန့်လာမလုပ်နဲ့ ရတဲ့ ပုဒ်မနဲ့ အင်းစိန်မှာ နှစ်ရှည် တရားစခန်း ဝင်ခိုင်းတယ် ။ ရိုးသားတဲ့ ပြည်သူတွေ အေးချမ်းစွာ ရှာဖွေစားသောက်နိုင်ခဲ့ကြတယ် ။
ဒါတွေက မန်ယူ သမိုင်းနဲ့ မြန်မာ့တပ်မတော် သမိုင်း အနှစ်ချုပ် တွေပဲ ။
အခု မန်ယူအားပေးသူတွေ ကြိုးကြား ကြိုးကြား မစို့မပို့ အောင်ပွဲလေးတွေ နဲ့ အတိတ်က ရဖူးတဲ့ ဖလားလေးတွေပြပြီး မဖြစ်ညစ်ကျယ် စကားနိုင်လု ပြောနေရတယ် ။ တကယ်ပကတိ အခြေအနေမှန်ကတော့ မန်ယူ ခြေစွမ်းဟာ အတိတ်က ခြေစွမ်းနဲ့ စိတ်ဓာတ်ရဲ့ ခြေဖျားမမှီဖူး ။
ထို့အတူ မြန်မာ့ တပ်မတော်ရဲ့ အဖက်ဖက်သော ကဏ္ဍပေါင်းစုံရဲ့ ခြေစွမ်းဟာ အတိတ်က မြန်မာ့တပ်မတော် ရဲ့.......ကျနော်အားနာတတ်လို့ မပြောတော့ဖူး ။
တကယ်တမ်းကျတော့ အိမ်စောင့်အစိုးရ ဆိုပြီး အမည်ပေးထားတာ မှန်ပါတယ် ။ သို့သော် ကိုယ်စောင့်နေရတဲ့ အိမ်က အိမ်ကြီးအိမ်ကောင်း မဟုတ်တော့ဖူး ။
အစစ အရာရာ ယိုယွင်းပျက်ဆီးနေတဲ့ အိမ်စုတ်ကြီး ဖြစ်နေပြီ ။ စောင့်ရုံ စောင့်ကြည့်လို့မရတော့ဘူး ။ ပြိုပျက်နေတဲ့ သုံးမရသော ကလီစာတွေကို ပြန်လဲမှ ရတော့မယ့် အိမ်အိုကြီးဆိုတာ သိထားဖို့ ကောင်းနေပြီ ။
ကျနော်တို့က ယာယီခဏ စောင့်ကြည့်ရတာပါလို့ ဆင်ခြေမပေးနဲ့ ယာယီဆိုတဲ့ ကာလအတွင်း ပြိုကျမယ့် အနေအထား ရောက်နေတာ စဥ်းစားပါ ။ အိမ်ကြီးရဲ့ အမာခံ ထုတ်တွေ ယောက်တွေ ဒိုင်းတွေ နဲ့ သဏ္ဍန်တူတဲ့ ဝန်ထမ်းတွေ ခြစားထားပြီ ၊ ဆွေးမြေ့နေပြီ ။
အိမ်စောင့်အစိုးရ အနေနဲ့ ဆေးသုတ်ပြီး အလှပြဖို့ လုပ်နေရင် ပြိုကျမှာ သေချာတယ် ။ ဆွေးမြေ့နေတဲ့ ထုတ် ၊ ယောက် ၊ ဒိုင်း တွေကို သစ်ကောင်းတွေ နဲ့ အမြန်အစားထိုးဖို့ လိုအပ်နေပြီ ။
ကျနော်တို့က ယာယီပါဆိုပြီး ရူးချင်ယောင်ဆောင် ဆေးသုတ်နေရင်း အိမ်ကြီး ပြိုကျသွားရင် ခင်ဗျားတို့ သမိုင်းတရားခံ ဖြစ်ကြမှာပါ ။ အချိန်မှီ ပြုပြင်နိုင်ကြပါစေ ဗျာ ။
ကိုရွှေမျိုးဝင်း
(ပင်လယ်တခုတည်း အတူနေရသော်လည်း ဆားငံရေပါဝင်မှုမတူ သိပ်သည်းဆမတူသော အခါ ပေါင်းစပ်မရသည့် သဘာဝ ကို နားမလည်ပဲ ငါတို့အားလုံး ပေါင်းလို့ရတယ်လို့ ထင်နေရင် ရွာသာကြီးသာ သွားကြပါတော့......)