Wednesday, December 1, 2021

ဟုတ်မှ ဟုတ်ပါ့မလား.....?


            ကျနော်စာရေးပြီး ပို့စ် တင်မိရင် စာဖတ်သူတွေ စိတ်ချမ်းသာစေချင်တယ် ။ သတင်းကောင်း အစအနလေးများ ရခဲ့ရင် အစားကောင်း စားရချိန် ချစ်ခင်ရသူကို သတိရသလိုမျိုး ချစ်မိတ်ဆွေကို သိစေချင် ဝမ်းသာစေချင်မိတယ် ။ 

       ရံဖန်ရံခါ ဝေဖန်စရာ အကြောင်းပေါ်ပေါက်လာရင် မညှာမတာ ဝေဖန်တတ်တယ် ။ အဲဒီ အထဲမှာမှ စာဖတ်တဲ့ မိတ်ဆွေတွေကို ပြုံးစေချင်တဲ့ စေတနာလည်း ရှိနေလေတော့ ကာတွန်းလေးတွေ ၊ photo လေးတွေနဲ့ တွဲဖက်တင်ပြလေ့ရှိပါတယ် ။ 

         ဒီမူနဲ့ ရေးလာတာ နီပိတ်တွေ နဲ့ ရန်သူဖြစ်နေရတာ မဆန်းပါဘူး သူတို့ကို ဒဲ့ ဆော်နေတာကိုးဗျ ။ ဒီအထဲမှာမှ နီပိတ်တွေ နဲ့ အဆင်မပြေဘူး ဆိုတဲ့ အသိုင်းအဝိုင်းကလည်း တိုက်ခိုက်လာနေတာ ခံရပြန်သဗျ ။ ထားပါ ကိုယ်ကလည်း ဆတ်ဆတ်ထိမခံကိုးဗျ ။ 

         အခုနောက်ဆုံး ကျနော်သတင်းပေးခဲ့တဲ့ လျှပ်စစ်ကိစ္စကို နည်းပညာတွေနဲ့ သိပ္ပနည်းကျ ရှင်းပြပြီး မဖြစ်နိုင်ဘူးလို့ ပြောကြပါတယ် ။ OK ဖြစ်မယ် မဖြစ်ဖူးဆိုတာ ကျနော် မကျွမ်းကြင်တဲ့နည်းပညာမို့ ငြင်းစရာမရှိပါဘူး ။ ကျနော်တို့က လက်တွေ့စမ်းထားတာပြပါ အဆင်ပြေရင် ချမယ်ဆိုပြီး ညှိနှိုင်းခဲ့ပါတယ် ။

             ကျနော် နိုင်ငံပါတီတခုရဲ့ ခေါင်းကိုင်ကြီးနဲ့ ငြင်းခဲ့ပြီးပြီ ။ မဘသ လို အဖွဲ့ကြီးရဲ့ ရဲရဲတောက်တွေနဲ့ ပြဿနာဖြစ်ခဲ့ပြီးပြီ ။ ယခု နောက်ဆုံး လွှတ်တော်အမတ်ဟောင်းကြီး နဲ့ တွေ့ရပြန်ပြီ ။ 

        သူကတော့ သူ့ဝသီအရ သူရေးတတ်သလို ရေးလိုက်တာပါ ။ ဒါလည်း ပြဿနာမရှိဘူး သူ့ပို့စ်မှာ ကျနော် မန့်ထားပါတယ် ။ ယခုထိ reply ပြန်မလာသေးပါဘူး ၊ အလုပ်များနေဟန်တူပါတယ် ။ ဒီ လျှပ်စစ်ကိစ္စသည် ကျနော်ကိုယ်ကျိုးအတွက် မဟုတ်ပါဘူး ။ ပညာရှင်ရော ငွေရှင်ကော ပြည်ထောင်စုအကျိုးသာ ရည်စူးပြီး တွေ့ဆုံအားထုတ်ခဲ့ကြခြင်း ဖြစ်ပါတယ် ။ 

       ဒီအတွက် သရော်စော်ကားခြင်းကိုတော့ဖြင့် ကျနော် လက်မခံပါဘူး ။ ကျနော်အယူအဆ မှန်တယ် လုပ်ဆောင်ချက် ရည်ရွယ်ချက် မှန်တယ်ထင်ရင် ကျနော် ဘယ်သူ့မှ သည်းမခံတတ်ပါဘူး ။ 

.......ဆရာဖုန်းရဲ့ ပို့စ် ထဲမှာ ကျနော့်ကို အသလွတ်စော်ကားထားသူကို ကျနော် ယောကျာ်းပီပီ တဲ့တဲ့ စိန်ခေါ်ထားပါတယ် ။ သူ နိုင်ငံခြား​ပြန်ပါရဂူလား ၊ ပါချုပ်လား ကျနော်မသိပါဘူး ။ ကျနော်ရဲ့ မဖြစ်စလောက် ဗဟုသုတ ၊ ကျနော်လေ့လာခဲ့မိတဲ့ မတောက်တခေါက်ပညာ ၊ ကျနော်ရထားတဲ့ လူတန်စေ့ရုံ သာမန် BA ဘွဲ့လေးနဲ့ စိန်ခေါ်ပါတယ် ။

https://m.facebook.com/story.php?story_fbid=3010511875855259&id=100006894289473

          ဒါက ကျနော့် မန့် ပါ ။ မှားခဲ့ရင် မိတ်ဆွေတွေ ဝေဖန်ပေးဖို့ ဖိတ်ခေါ်ပါတယ် ။ 

            " လေးစားပါတယ် ဆရာဖုန်းရေ ။ ကျနော်က သာမန် သမိုင်းဘွဲ့လေးပဲ ရထားတဲ့ သူတယောက်ပါ ။ စွမ်းအင်ကဏ္ဍကို နားမလည်ပါဘူး ၊ သို့သော် သူ့ဘာသာ သူ့ဝါသနာအရ စမ်းသပ်ထားပြီး အောင်မြင်နေပါပြီ ကူညီပါလို့ အမည်တပ် တောင်းဆိုထားတဲ့ ကိစ္စမှာ တိုင်းပြည်အတွက် ဆုံးရှုံးစရာ ဘာတခုမှ မမြင်လို့ တွေ့ဆုံမေးမြန်း ကူညီပေးဖို့ ဆုံးဖြတ်ပါတယ် ။

          အလကား ဘာမှ မရဘူး အချောင်မလိုချင်နဲ့ လို့ ပြောရအောင်လည်း ကျနော်တို့က ဘယ်သူ့ဆီကမှ အချောင်မတောင်းဆိုမိသေးပါဘူး ။ နည်းပညာ ပေါက်ကွဲနေတဲ့ ခေတ်ကြီးမှာ ကျနော်ခံယူထားတာကတော့ ငါ မသိသေးတာ အတော်များနေသေးတယ် ငါမသိတာ သူများသိနိုင်တယ်ဆိုတဲ့ တဖက်သားအပေါ် လေးစားမှုစိတ်ထား ဖြစ်ပါတယ် ။ 

        လေပေါ်ကို သံသတ္တုတွေ ပျံပြီး လူတွေသယ်သွားမယ်လို့ ၁၇ ရာစုထိ ဘယ်သူမှ မယုံကြည်ကြပါဘူး ။ နောက်တော့လည်း အထမြောက်သွားတာပါပဲ ။ 

        ဘာနည်းပါလို့ မသိရသေးပဲ မဖြစ်နိုင်ပါဘူး ငြင်းနေကြတာ ဆရာ အပါအဝင် အင်ဂျင်နီယာ ပညာတတ်တွေ အများကြီးပါပဲ ။ သူ့နည်းက ရေကို ဆုံးရှုံးမှု အနည်းငယ်နဲ့ စွမ်းအင်ပြန်ထုတ်တဲ့ နည်းဖြစ်ပါတယ် ။ 

         ဖြစ်နိုင်တာ မဖြစ်နိုင်တာ အသာထားပါအုံး ။ မြန်မာလူရွယ်တဦးရဲ့ အားထုတ်မှု ကြံစည်မှုကို ကျနော်တို့ရဲ့ သိထားတဲ့ မပြည့်စုံသော ဗဟုသုတလောက်ဖြင့် ဥပေက္ခာ မပြုသင့်ဖူးလို့ ယုံကြည်လို့ ကျနော်လက်ခံခဲ့တာပါ ။ 

        နိုင်ငံတော်အဆင့်ကို တခါတည်း တင်ပြပြီး မဖြစ်မှ အရှက်ကွဲမယ့် အလုပ်လည်း ပေါကြောင်ကြောင် နဲ့ ကျနော် မလုပ်ပါဘူး ။ လက်တွေ့စမ်းသပ်ပြီး အောင်မြင်မှ ရှေ့ဆက်မှာပါ ။

- မအောင်မြင်တော့ကော ဘာဖြစ်ပါသလဲ... ?

- ဘယ်သူတွေ နစ်နာသွားပါသလဲ မေးချင်ပါတယ် ။ 

........ဒီလို အပိတ် အဆို့ အတွေးအခေါ်တွေနဲ့ စွန့်ဦးတည်ထွင်သူ မြန်မာလူငယ်တွေ ဆေးသမား အရက်သမား ဖြစ်ကုန်ရတာ ဘယ်လောက်များနေပြီလဲ ဆိုတာ တွေးကြည့်ပါအုံးဗျာ ''

         ကိုရွှေမျိုးဝင်း

(တချို့ကိစ္စတွေမှာ တကယ့်ရည်မှန်းချက်ကို အပေါ်ယံကြည့်ပြီး ကောက်ချက်ချရင် မှားတတ်ပါတယ်)