အတိတ် (၁)
ကျနော် ဆယ်နှစ်သားလောက်တုန်းက အဖော်တွေနဲ့ ထင်းခွေထွက်ကြပါတယ် ။ ထင်းက ပဲစင်းငုံရိတ်ပြီးသားအခင်းထဲက အပင်စိုတွေ ခုတ်ပြီးယူခဲ့ကြတာပေါ့ ။
အိမ်ရောက်တော့ တတောင်လောက်ရှိတဲ့ မီးဆိုပ်ဖို့ အရွယ် ပိုင်းဖြတ်ပါတယ် ၊ သစ်ကိုင်းအစို သေးသေးလေးကို ဖြတ်ဖို့ ဒါးမကြီးက အရမ်းလေးနေတယ် ။ ဒါနဲ့ ကျနော့်အဘ သွေးလိုက် ဓားအိမ်ထဲထည့်လိုက် နတ်စင်ပေါ်ပြန်တင်လိုက် လုပ်နေတဲ့ မြိနေတဲ့ငှက်ကြီးတောင်ဓားကြီးကို မြင်ယောင်လာပါတယ် ။
ဒါးမကြီးနဲ့စာရင် ပေါ့မှာပဲ ဆိုပြီး နတ်စင်ပေါ်က ဓားယူပြီး ထင်းဖြတ်ဖို့ လုပ်တုန်း အဘက မြင်သွားပြီး ငါ့မြေးရေ နတ်စင်ပေါ်က ဓားဆိုတာ ဘယ်လောက်ထက်ထက် မသုံးကောင်းဘူးကွ ပြန်ထား ပြန်ထား အဘက သံချေးတက်မှာစိုးလို့ သွေးပေးနေတာ သုံးဖို့ မဟုတ်ဖူး ကွ တဲ့ ။
ကျနော်လည်း ပေါ့ပါးထက်မြက်ပြီး အသုံးတဲ့နေသော ငှက်ကြီးတောင်ဒါးကို နတ်စင်ပေါ်ပြန်ထားရင်း အလွန်းလေးလံတဲ့ ဒါးမကြီးနဲ့ ပင်ပန်းစွာ ခရီးမတွင်စွာ လုပ်ရပါတော့တယ် ။
အတိတ် (၂ )
တနေ့က ထောက်လှမ်းရေးဟောင်း မိတ်ဆွေတဦးနဲ့ စကားစပ်မိတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့်အကြောင်း ခင်ဗျားကိုယ်တွေ့ မှတ်မှတ်ရရ ကိစ္စတခုလောက် ပြောပြပါလား ဆိုတော့ ပြောပါတယ် ။
ပဲခူးတံတားဖွင့်ပွဲမှာ စျေးဗန်းကြီး ခေါင်းပေါ်ရွက်ထားတဲ့ ဆင်းရဲသား စျေးသည်မိန်းမကြီးတဦး ဇွတ်အတင်း ဦးခင်ညွှန့်ဆီ တိုးဝင်လာလို့ တားနေကြတာကို မြင်လိုက်တဲ့ ဦးခင်ညွှန့်က လွှတ်လိုက်ကွ အကြောင်းရှိလို့ လာတွေ့တာ နေမယ် လို့ ပြောလို့ လွှတ်ပေးလိုက်ပါတယ် ။
သူ့မရဲ့ သမီးလေးဟာ ဆယ်တန်းကို ထူးချွန်စွာ အောင်မြင်ပြီး ဆေးအမှတ်မှီကြောင်း ဒါပေမယ့် မုဆိုးမဖြစ်တဲ့ သူမဟာ ဆေးကျောင်း မထားနိုင်ကြောင်း ၊ သမီးလေးကလည်း ဆရာဝန်မကြီး အလွန်ဖြစ်နေကြောင်း ဒါကြောင့် ဗိုလ်ချုပ်ကြီးမှ ကူညီ၍ ကျောင်းထားပေးပါရန် အကူညီတောင်းပါတယ် ။
ဦးခင်ညွှန့်က ချက်ခြင်းပဲ ပညာရေးဝန်ကြီး ဦးပန်းအောင်ကို ခေါ်ပြီး မြန်မာပြည် အနှံ့ ဒီလို ကလေးတွေ ဘယ်လောက်များနေတယ် မသိဖူး ခင်ဗျားစုံစမ်းပြီး အားလုံးကို နိုင်ငံစရိတ်နဲ့ ဆေးကျောင်းတက်နိုင်အောင် ချက်ခြင်းစီစဉ်ပေးပါလို့ ညွှန်ကြားခဲ့ပါတယ် ။ နဝတ လက်ထက်က ဆင်းရဲသားထူးချွန်ကလေးများ အဲဒီဖြစ်စဉ်ကြောင့် ဆေးကျောင်းကို တက်ခွင့်ပေးလိုက်ပါတယ် ။
ပဲခူးက စျေးသည်မကြီး သမီးလေးကတော့ ထောက်လှမ်းရေးရံပုံငွေကနေ တလ တသိန်း ထောက်ပံ့ပေးခဲ့ကြောင်း ပြောပြပါတယ် ။ သူတို့ အဖွဲ့ဝင်ဟောင်းတွေဟာ တလ သုံးထောင်ကျပ်စီ စုဆောင်းပြီး ရံပုံငွေထောင်ထားကြောင်း အဖွဲ့ဝင်တွေရဲ့ သာရေး နာရေးအတွက် သုံးစွဲကြောင်း ပြောပါတယ် ။
ဦးခင်ညွှန့်ကတော့ သူတို့ကို နိုင်ငံရေး မလုပ်ကြဖို့ ၊ တိုင်းပြည်နဲ့ တပ်မတော်ကို သစ္စာမဖောက်ဖို့ ၊ ဘုရား တရားလုပ်ရန် နဲ့ ပရဟိတလုပ်ရန်သာ မှာကြားကြောင်း ပြောပါတယ် ။
တချိန်တုန်းက လျှမ်းလျှမ်းတောက် ဦးခင်ညွှန့်ရဲ့ အဖွဲ့ကြီးဟာ ယခုတိုင် အသင်းအဖွဲ့ သဘော လူတော်အများစု နဲ့ စုဖွဲ့ထားသကဲ့သို့ တည်ရှိနေသေးကြောင်း သိလိုက်ရတော့ ယခုလို PDF GZ တွေ ဇောင်းထနေတာ မြင်နေရတော့ ကျနော့်မျက်စိထဲမှာ ခုတ်ခွင့်မရသော နတ်စင်ပေါ်က ထက်မြက်လှတဲ့ ငှက်ကြီးတောင်ဓားကြီးကို မျက်လုံးထဲ ပြန်မြင်နေရပါတော့တယ် ဗျာ ။
အဲဒီ ငှက်ကြီးတောင် ဓားကိုသာ နတ်စင်ပေါ်က ချပြီး လက်တွေ့ကျကျ အသုံးချလိုက်ရရင် တိုင်းပြည်ရဲ့ ခလုတ်ခသင်းတွေကို အချိန်တိုအတွင်း ရှင်းလင်းနိုင်မှာပါ ။ ယခုတော့ အလုပ်မဖြစ်တဲ့ လေးလံလှသော ခပ်တုံးတုံး ဒါးမကြီးကို ကြည့်ပြီး စိတ်ပျက်စရာ ဖြစ်နေရတာ တိုင်းပြည်ရဲ့ ကံကြမ္မာပါပဲ ။
မျိုးဝင်း