ဒေါက်တာရင်ရင်နွယ်
ဤဆောင်းပါးကို ရေးရခြင်းအကြောင်းမှာ “CDM” မလုပ်ခဲ့သော နိုင်ငံ့ဝန်ထမ်း များနှင့် “Social Punishment” ခံနေရသူများအတွက် ဖြစ်ပါသည်။
သူတို့သည် အမှားနှင့်အမှန်ကို ခွဲခြားသိသော်လည်း ဘေးပတ်ဝန်းကျင်မှ ပြော သော စကားများနှင့် Facebook ပိုစ့်များကြောင့် သူတို့၏ စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်ကောင်းဖြစ်နေနိုင်သည်။ သိမ်ငယ်ညှိုးနွမ်းနေသော ခံစားချက်များ၊ မိမိအလုပ် ကြောင့်ဖြစ်စေ၊ မိမိ၏ မိဘများကြောင့်ဖြစ်စေ ရှက်သော ခံစားချက်များလည်း ဖြစ် ပေါ်နိုင်သည်။
အနောက်နိုင်ငံမှလာသော သဘောတရားတစ်ရပ်
“CDM” မှာ အနောက်နိုင်ငံမှလာသော သဘောတရားတစ်ရပ်ဖြစ်၍ အင်္ဂလိပ် စကားလုံးများဖြစ်သည့်အတွက် “CDM” မလုပ်လျှင် မိမိကပဲ ခေတ်မဆန်သလို ခံစား ကောင်း ခံစားနိုင်သည်။ CDM နှင့် Social Punishment တို့အကြောင်း ရေးသားရာတွင် ကျွန်မ၏ ကိုယ်ပိုင်အတွေ့အကြုံများကိုပါ အကျိုးသင့် အကြောင်းသင့် သုံးသပ်ထားပါ သည်။ သို့မှသာလျှင် လူငယ်များအတွက် အသုံးဝင်မည်ဟု ခန့်မှန်းပါသည်။
ဆရာမတစ်ယောက်အနေဖြင့် ကျွန်မ၏ ကိုယ်ပိုင်ရပ်တည်ချက်မှာ ရှင်းသည်။ ကျွန်မသည် မတူကွဲပြားမှုကို အပြည့်အဝလက်ခံ၍ ဒီမိုကရေစီသဘောတရားကို ယုံကြည်ကျင့်သုံးသူဖြစ်သည်။ ရင်းနှီးသော တပည့်များက သိကြပါသည်။ ကျွန်မသည် ငယ်ဘဝကပင် တပည့်များကိုဆက်ဆံရာ၌ ဆင်းရဲချမ်းသာ မရွေး၊ လူမျိုးဘာသာ မရွေး မျှတစွာ ဆက်ဆံခဲ့သည်။ ယခုကျွန်မကို ဝေဖန်ပြောဆိုနေသော ရန်ကုန်တက္ကသိုလ်မှ လုပ်ဖေါ်ကိုင်ဖက်အချို့ကဲ့သို့ မည်သည့်တပည့်သည် ချမ်းသာသည်၊ မည်သူသည် ဆင်းရဲသည်၊ မည်သူသည် DG သမီးဖြစ်သည်၊ မည်သူသည် ဗိုလ်ချုပ်သား ဖြစ်သည် ဟူ၍ ဂရုမစိုက်ခဲ့ပါ။ တပည့်များအနက် NLD ထောက်ခံအားပေးသူများ ရှိသလို တပ် မတော် နှင့် ပြည်ခိုင်ဖြိုးမှ တပည့်များလည်း ရှိသည်။ တပည့်များ၏ ကွဲပြားသော နိုင်ငံ ရေး အမြင်များကို နားထောင်၍ နားလည်ပေးခဲ့သည်။ ထို့ကြောင့်လည်း ဤ ဆောင်း ပါးကို ရေးရဲသည်။
မြန်မာပြည်တွင် Facebook ကို မှီဝဲ အသုံးပြုသူအများစုမှာ အပေါ်ယံလောက် သာစဉ်းစားကြသည်။ ထို့အပြင် မြန်မာအများစုမှာ အင်္ဂလိပ်စကား ညှပ်သုံးလျှင်၊ သို့မဟုတ် လူတစ်ဦးသည် အင်္ဂလိပ်စကား သွက်သွက်လက်လက် ပြောတတ်လျှင် အခြားအရည်အချင်းများကိုမကြည့်ဘဲ ထိုသူကို အထင်ကြီးတတ်ကြသည်။ ကျွန်မ ကိုယ်တိုင်မှာ အင်္ဂလိပ်စာနှင့် စကား ကျွမ်းကျင်ပါသည်။ နိုင်ငံတကာအလုပ်ခွင်၌ အနောက်တိုင်းသားများ၏ အင်္ဂလိပ်စာအရေးအသားကိုပင်လျှင် ပြင်ရေးပိုင်ခွင့်ရှိသော အဆင့်တွင် လုပ်ရသည်။ "CDM” နှင့် “Social Punishment” လုပ်သည်ဟု ဂုဏ်ယူနေ သူ များသည် ဤအင်္ဂလိပ်အသုံးအနှုန်းများ၏ အဓိပ္ပါယ်ကို နားလည်ရန်လိုအပ်မည်ဟု မြင်ပါသည်။
မူရင်းအဓိပ္ပာယ်မှ တလွဲတချော်ဖြစ်နေ CDM နှင့် Social Punishment လုပ်နေသူအများစုမှာ နဂိုအင်္ဂလိပ်အသုံးအနှုန်း ၏ မူရင်းအဓိပ္ပါယ်မှ တလွဲတချော် ဖြစ်နေသည်ကိုတွေ့ရသည်။ CDM အသုံးအနှုန်းမှ “Civil Disobedience”ကိုဆန်းစစ်ပါက နိုင်ငံတကာမှ လက်ခံသော အဓိပ္ပါယ်သတ်မှတ် ချက်မှာ အမေရိကန် ဒဿနိကဗေဒပညာရှင် Rawls ၏ သတ်မှတ်ချက် ဖြစ်သည် (အညွှန်း ၁)။ “Civil Disobedience” မှာ (က) နိုင်ငံရေးပေါ်အခြေခံသည်။ (ခ) လူသိ ရှင်ကြား လုပ်ပြကြသည်။ (ဂ) အကြမ်းဖက်မှုမပါစေရ။ (ဃ) ဥပဒေ သို့မဟုတ် အစိုးရ ပေါ်လစီများကိုပြောင်းလဲစေရန် ဥပဒေတစ်ရပ်ကို တမင်သက်သက် ချိုးဖေါက်ခြင်း ဟူ သော အဓိပ္ပါယ်သက်ရောက်မှု ရှိသည်။
Civil Disobedience ကို အသုံးပြုခဲ့သော နာမည်ကြီးအာဖရိက-အမေရိကန် သိက္ခာတော်ရဆရာ ဒေါက်တာကင်းဂ် (Reverend Dr. Martin Luther King Junior, ၁၉၂၉–၁၉၆၈) ၏ ထွက်ဆိုချက်မှာ Civil Disobedience ကို ပိုမိုရှင်းလင်းစေသည် (အညွှန်း ၂)။ ဒေါက်တာကင်းဂ်သည် “တရားမျှတမှုမရှိသော ဥပဒေတစ်ရပ်ဟုမြင်သော သူသည် ထိုဥပဒေကို တမင်သက်သက် ချိုးဖေါက်သည်။ ထိုဥပဒေချိုးဖေါက်မှု အတွက်လည်း လိုလိုချင်ချင်ထောင်ဒဏ်ချခံသည်” ဟုဆိုသည်။
ဒဿနိကဗေဒပညာရှင် ဆိုကရိတ်တီးစ် (Socrates, 470–399 BC) သည်လည်း Civil Disobedience လုပ်ခဲ့သည်ဟုဆိုကြသည်။ သူသည် “ဂရိစ် နိုင်ငံ၌ ယုံကြည်ကိုး ကွယ်သော ဘုရားများကို မယုံကြည်ရေး တရားများ သင်ကြား ဟောပြောသည့် အတွက်”သေဒဏ်ချခြင်း ခံရသည်။ ဆိုကရိတ်တီးစ်သည် သင်ကြား ဟောပြောခြင်းများ ကို မရပ်ဘဲ အဖမ်းခံခဲ့သည်။ အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးနိုင်ပါလျက်နှင့် ထွက်မပြေး ဘဲ ထိုခေတ်က သေဒဏ်ဖြစ်သည့် Hemlock အဆိပ်ရည်ကို မဆိုင်းမတွ သောက်သေခဲ့ သည်။ မြန်မာပြည်မှ ဝန်ထမ်းများ CDM လုပ်ခြင်းသည် သူတစ်ပါးအပေါ် အကျပ်ကိုင်မှု (coercion) ပါနေသည်။ CDM အစစ်ဆိုသည်မှာ ဆိုကရိတ်တီးစ်ကဲ့သို့ မိမိ၏ယုံကြည် ချက် အပေါ် ခိုင်မာစွာရပ်တည်သော ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်သင့်သည်။
ဒီမိုကရေစီသဘောတရားများကို ချိုးဖောက်နိုင်ငံ့ဝန်ထမ်းတစ်ဦးသည် အစိုးရကိုဆန့်ကျင်လိုသောကြောင့် CDM လုပ်ရန် ဆုံးဖြတ်ပါက၊ ဒီမိုကရေစီသဘောတရားများအရ၊ ထိုဝန်ထမ်းမှာ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ တချိန်တည်းတွင်ထိုဝန်ထမ်းသည် ဖြစ်လာမည့် ပြစ်ဒဏ်နှင့် အကျိုးဆက်အားလုံးကိုလည်း ဒေါက်တာကင်းဂ် နှင့် ဆိုကရိတ်တီးစ် ကဲ့သို့ ရဲရဲဝံ့ဝံ့ ရင် ဆိုင်ရန် ဆုံးဖြတ်ပြီးသား ဖြစ်သင့်သည်။ ဤကဲ့သို့ မဟုတ်ဘဲ CDM မလုပ်သော အခြား ဝန်ထမ်းများ၊ အထူးသဖြင့် မိမိ၏ လက်အောက်ငယ်ဝန်ထမ်းများအား အတင်းအကြပ် CDM လုပ်ရန် ဖိအားပေးနေသော CDM ပါမောက္ခများ၊ CDM ကျောင်းဆရာများ၊ CDM ဆရာဝန်များသည် သူတို့ကိုယ်တိုင် ဒီမိုကရေစီသဘောတရားများကို ချိုးဖောက်နေ သည် ဟုဆိုရပေမည်။
မြန်မာနိုင်ငံတွင် CDM အားပေးနေသူများသည် ကလေးများနှင့် လူငယ်များ၏ ပညာရေးအခွင့်အရေးများကို ချိုးဖောက်လာကြောင်းတွေ့ရသည်။ “ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်” (Convention on the Rights of the Child) တွင် ကလေးတိုင်း ကျောင်းတက်ရန် အခွင့်အရေး ပေးရမည်ဟု တိုက်တွန်းထားသည် (အညွှန်း ၃)။ CDM လုပ်သော ပါမောက္ခအချို့သည် နိုင်ငံတော်က ပေးထားသောအိမ်နှင့် ပေးမည့်ပင်စင်တို့ကို အဆုံးရှုံးမခံနိုင်သောကြောင့် အလုပ်ပြန် ဝင်ပြီး အလုပ်ခွင်ထဲမှပင် ကျောင်းသားများကို ကျောင်းမတက်ရန် တိုက်တွန်းနေ သည်ဟု ကြားသိရသည်။ ထိုကဲ့သို့သော ဆရာ၊ ဆရာမများမှာ မိမိတို့၏ သားသမီးများ ကို လက်ရှိစနစ်နှင့်ပင် ဆုံးခန်းတိုင်အောင် ပညာသင်အခွင့်အရေး ရရှိခဲ့သော်လည်း အခြားလူငယ်များ၏ အခွင့်အရေးကို ပိတ်ပင်ရန် ကြိုးစားနေသည်မှာ ရှက်ဖွယ် ကောင်းသည်။
နိုင်ငံခြားတွင်နေသော မြန်မာများသည်လည်း “စစ်ကျွန်ပညာရေး ကိုအားမပေး” ဟူ၍ကလေးများကို ကျောင်းမတက်စေရန် ဆော်ဩကြသည်။ ထို မြန်မာများသည် မိမိတို့၏ကလေးများကို နိုင်ငံခြားတွင် ကျောင်းထားပြီး မြန်မာပြည်တွင် စာသင် ကျောင်းများနှင့် တက္ကသိုလ်များ ပျက်အောင်တိုက်တွန်းနေသည်။ အစိုးရ ကျောင်းများ ကို မသုံးလျှင်ကလေးများကို မည်ကဲ့သို့ ပညာတတ်အောင်သင်မည်ကို အဖြေမပေးနိုင်။ အခြေမနေအမှန် (reality) ကို မေ့နေသူများ ဖြစ်ကြသည်။ မိမိတို့ ကြိုက်နှစ်သက်သော အစိုးရ မတက်မချင်း နိုင်ငံ၏ စနစ်များအားလုံးကို ပျက်သုဉ်းရန် တွန်းအားပေးနေသော သူများဖြစ်သည်။
ဆရာဝန်တို့၏ ကိုယ်ကျင့်သိက္ခာနှင့် ကျင့်ဝတ်တို့ကို ဖောက်ဖျက်
ဆရာဝန်များ CDM ပြုလုပ်ခြင်းသည် နိုင်ငံတကာမှလက်ခံထားသော ဆရာဝန် တို့၏ ကိုယ်ကျင့်သိက္ခာနှင့်ကျင့်ဝတ်တို့ကို ဖောက်ဖျက်ခြင်း ဖြစ်ကြောင်းထင်ရှားသည်။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) (အညွှန်း ၄) သည် ထိုကျင့်ဝတ်ကို ရှင်းလင်းစွာ ဖေါ်ပြထားသည်။ စစ်မြေပြင်၌ပင်လျှင် ဆရာဝန်များသည် ဘက်မလိုက်ဘဲ ရန်သူစစ် သည်များ အပါအဝင် ဒဏ်ရာရ လူနာများနှင့် ရောဂါဝေဒနာရှင်များအားလုံးကို ကုသ အသက်ကယ်ရန် တာဝန်ရှိသည်။ နိုင်ငံတိုင်း နီးပါးတွင် ဤကျင့်ဝတ်ကို ဖောက်ဖျက် သော ဆရာဝန်များကို ရှုတ်ချကြသည်။ ဖေဖေါ်ဝါရီလ အကြမ်းဖက်မှုများစသောအခါ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးသည် ကျွန်မအတွက် စိတ် ပူ၍ နိုင်ငံခြားမှ ဖုန်းဆက်လာသည်။ ထိုအမျိုးသမီးက မြန်မာဆရာဝန်များ CDM လုပ် ခြင်း ကို ကျွန်မအထက်တွင် ဖော်ပြထားသော အကြောင်းများကြောင့် ရှုတ်ချခဲ့သည်။
မြန်မာပြည်မှ Social punishment သည် လူမှုရေးစည်းကမ်းများကို ဖောက်ဖျက်နေ၍ အခြားသူများ၏ လူ့အခွင့်အရေးများကိုပါ ချိုးဖောက်နေကြောင်း တွေ့ရသည်။ အမေရိကန်စိတ်ပညာအသင်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ Social punishment ဆိုသည်မှာ “လူတစ်ဦး၏အပြုအမူကိုမကြိုက်သဖြင့် ထိုသူနှင့်မဆက်ဆံ ခြင်း၊ ထိုသူကို ရှုတ်ချခြင်း အစရှိသည့် အကျပ်ကိုင်အပြစ်ဒဏ်ပေးခြင်း” ဖြစ်သည်။ ကျွန်မတစ်ဦးတည်းသာလျှင် ဆုံးဖြတ်ရမည့် ကျွန်မ၏ အလုပ်ကိစ္စကို ဘူမိဗေဒ တပည့် များက မနှစ်သက်ရုံသာမက၊ ရှုတ်ချကြသည်။ သူတို့ကို ငယ်စဉ်က ပညာသင် ကြားပေးခဲ့သော ဆရာမကို ပက်စက်စွာ ဆိုရှယ်မီဒီယာပေါ်မှာ သူ့ထက်ငါ လုယက်ပြီး အပြိုင် ရိုင်းစိုင်းကြသည်။
ကျွန်မ၏ ကျေးဇူးမကင်းသော တပည့်များ ပါဝင်နေသလို၊ တပ်မတော်နှင့် ကျေးဇူးမကင်းသူများ၊ တပ်မတော်နှင့် ပတ်သက်နေသူများလည်း ပါဝင်ကြသည်။ အံ့ဩဖွယ်ရာမှာ ကျွန်မလောက် ပညာမပြည့်စုံ၊ နိုင်ငံ့အဆင့် အတွေ့အကြုံမရှိသော တပည့်များနှင့်မိတ်ဆွေများသည် ကျွန်မ၏ဘဝနှင့်ပတ်သက်၍ သူတို့သာမှန်ကန် သည် ဟု ယူဆကြသည်။
“ဆရာမ က ဒီလောက် ပြောနေတဲ့ကြားထဲက ဆက်လုပ်နေတာကိုး” ဟူ၍ မိုက်ရိုင်းစွာ ဆဲဆိုနေသူများ၏ စကားကိုပဲ နားထောင်ရမလိုဖြစ်နေသည်။ အထက်ပါ တို့ကို ဖော်ပြခြင်းမှာ ကျွန်မ စိတ်ထိခိုက်သောကြောင့်မဟုတ်။ Social punishment ခံနေရသော လူငယ်များကို အားပေးလိုသောကြောင့်ဖြစ်သည်။ ကျွန်မအတွက် Social punishment ၏ ကောင်းသော အကျိုးဆက်မှာ မည်သူက စေတနာ စစ်မှန်သည် ကို သိလာသည်။ ကျွန်မသည် ကံကံ၏အကျိုးပေးကို ယုံကြည်သူဖြစ်သည့်အတွက် ကျန်တပည့်များနှင့်အကောင်းမမြင်နိုင်သူများကို ဥပေက္ခာထားနိုင်သည်။
စိတ်ဓာတ်ကျဆင်း
...
စိတ်ဓာတ်ခိုင်မာသောသူများသည် Social punishment ကိုဂရုမစိုက်။ ထိုကဲ့သို့ စိတ်ဓာတ်ခိုင်မာရန်လည်း လူငယ်များက ကြိုးစားသင့်ပါသည်။ မိမိဘဝအတွက် မိမိ၏ ဆုံးဖြတ်ချက်သာလျှင် အဓိက ဖြစ်သည်။ Facebook နှင့် အပေါင်းအသင်းများကို အားမကိုး ဟု ခံယူသင့်ပါသည်။ အပေါင်းအသင်းကို အားကိုးသော လူငယ်များသည် ထို အပေါင်းအသင်းများနှင့် မတွေ့ရလျှင် စိတ်ဓာတ်ကျဆင်းခြင်းရောဂါ (depression) ပိုမိုဖြစ်လွယ်သည် ဟု ကိုဗစ်လော့ခ်ဒေါင်းကာလတွင် တွေ့ခဲ့ရသည် (အညွှန်း ၅)။
Social punishment သက်သက်ဟူသည် ပြစ်မှုမဟုတ်သော်လည်း Social punishment မှတဆင့် တက်လာ၍ အလုပ်မသွားရဲအောင် အကြီးအကဲက မိမိကို အနှောင့်အယှက်ပေး အနိုင်ကျင့်နေပါက (harassment and bullying) တရားဥပဒေ အရ အရေးယူနိုင်ရန် တိုင်ကြားသင့်ပါသည်။
အညွှန်းများ...
(၁) Rawls, J. (1971). A Theory of Justice. Cambridge, MA: Harvard University Press.
(၂) King, Jr. M.L. (1963) Letter from a Birmingham Jail
(၃) United Nations (1989). Convention on the Rights of the Child.
(၄) International Committee of the Red Cross, International International Humanitarian Law Database. Geneva Convention Protocol Additional to the Geneva Conventions of 12 August 1949, and relating to the Protection of Victims of International Armed Conflicts (Protocol I), of 8 June 1977.
(၅) Abbott, A. (2021) COVID’s mental-health toll: how scientists are tracking a surge in depression. Nature, Vol 590. 11 February 2021.
ဒေါက်တာရင်ရင်နွယ်