Wednesday, December 1, 2021

အိမ်ရှင်နှင့် အိမ်ငှား


ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ သမိုင်းနောက်ခံအကြောင်းအရင်း၊ ခေတ်အဆက်က် ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေအရပ်ရပ်အရ မြန်မာနိုင်ငံမှာတော့ တပ်မတော်ဆိုတာ အိမ်ရှင်ပဲ။ ဒါဟာ တပ်မတော်ထက် အစစ အရာရာ သာလွန်တဲ့ အစိုးရတစ်ရပ် မပေါ်ပေါက်သေးသ၍ လက်မခံလို့မရတဲ့ အမှန်တရားပဲ။

တပ်မတော်ဟာ ပြည်ထောင်စု သမ္မတ 
မြန်မာနိုင်ငံတော်ဆိုတဲ့ အချုပ်အခြာ အာဏာပိုင် ဒီိိအိမ်ကို သူ့လက်နဲ့ သူ့အသက်ရင်းပြီး ၁၃၅ မျိုးသော တိုင်းရင်းသား ပြည်သူ ၅၄ သန်းအတွက် ရည်ရွယ်တည်ဆောက် ပေးခဲ့တယ်။

ဒီအိမ်ဆောက်ခဲ့တဲ့ အချိန်ကာလတစ်လျှောက်လုံးမှာ 

- မလိုတမာပတ်ဝန်းကျင်ရဲ့ နှောင့်ယှက်ဖျက်ဆီးမှု၊ 

- အနောက်ရပ်ကွက်က ဝင်လမ်း၊ ထွက်လမ်းပိတ်ဆို့မှု၊

- အိမ်တွင်းက မကျွတ်မလွတ် အစိမ်းသူရဲများရဲ့ ခြောက်လှန့်မှု၊

- သူတို့ထက်သာသွားမှာကို မလိုလားတဲ့အတိုက်အခံအုပ်စုတွေရဲ့ အလုံးစုံပျက်သုဥ်းရေးတိုက်ခိုက်မှုတွေကြောင့် သူ့ အိမ်တည်ဆောက်ရေးဟာ နှောင့်နှေးခဲ့ရတယ်။

ကျဥ်းထဲ ကြပ်ထဲကနေ ဒီအခက်အခဲ အားလုံးကို မလွန့်သာ မလူးသာ ကြံ့ကြံ့ခံရင်ဆိုင်ရင်း၊ မိုးထဲ၊ ရေထဲ၊ နေပူကျဲကျဲမှာ ကျားကုတ်ကျားခဲ ကြိုစားခဲ့ရင်းပဲ နောက်ဆုံးမှာတော့ ရတောင့်ရခဲ နေပျော်ဖွယ် အိမ်တစ်လုံးကို တည်ဆောက်နိုင်ခဲ့တယ်။ သူ့အိမ်ဟာ ခေတ်အမီဆုံး၊ အကောင်းဆုံး မဟုတ်သည့်တိုင် ပတ်ဝန်းကျင်မှာတော့ လူရိုသေ၊ ရှင်ရိုသေ နေချင့်စဖွယ် အသိုက်အမြုံတစ်ခုဖြစ်ခဲ့တယ်။

ဒီအိမ်ပြီးစီးတဲ့အခါ ဒီအိမ်ကို စီမံခန့်ခွဲဖို့ အစိုးရဆိုတဲ့ အဖွဲ့အစည်းကို အိမ်ငှားချတယ်။ အိမ်ကိုစောင့်ကြည့်ဖို့ အစောင့်အရှောက် အစိပ်သားထားခဲ့ပြီး သူကတော့ အမြဲတမ်းနေထိုင်ရာ စစ်တန်းလျားကို အေးချမ်းစွာပဲ ပြန်သွားခဲ့တယ်။ 

ဒါပေမယ့် အိမ်ငှားဟာ အိမ်ငှားလို မနေခဲ့ဘူး။ စာချုပ်ပါ စည်းကမ်းတွေကို ဖောက်ဖျက်တယ်။

- အိမ်ကို လူပိုတွေခေါ်တင်တယ်၊
- ဘုရားစင်ကို နေရာပြောင်းတယ်၊
- အိမ်နောက် ခြံစည်းရိုးကို ဖွင့်တယ်၊
- အမိုးအကာတွေကို ဖျက်တယ်၊ 
- အိမ်ရှင်ထားခဲ့တဲ့ ပစ္စည်းတွေကို အလွဲသုံးစားလုပ်တယ်၊
- အိမ်ရှင်ကို သွားပုပ်လေလွင့်ပြောပြီး ပတ်ဝန်းကျင်နဲ့ ရန်တိုက်ပေးတယ်၊ 
- အစိပ်သားကို အမျိုးမျိုး၊ ရန်လုပ်ပြီး မောင်းထုတ်ဖို့ကြိုးစားတယ်။

အိမ်ငှားစဥ်က ဒီစည်းကမ်းချက်တွေကို သိရှိနားလည်ပါကြောင်း၊ သဘောတူလက်ခံပါကြောင်း၊ လိုက်နာပါမည့်အကြောင်းတွေ ကတိကဝတ်ပြုခဲ့ပါလျက် အိမ်ပေါ်လည်းရောက်ရော ပုံစံရော၊ လေသံပါပြောင်းလာတယ်။ စည်းကမ်းချက်တွေကို မလျော်မကန် ပြင်ပေးဖို့တောင်းဆိုလာတယ်။ နောက်ဆုံး အိမ်ကိုပါအပိုင်စီးဖို့အထိ ကြိုးစားလာပါတော့တယ်။

စစ်တန်းလျားမှာ သူ့ဘာသာသူ အေးအေးလူလူ အခြေကျနေပြီဖြစ်တဲ့ အိမ်ရှင်အနေနဲ့ အမျိုးမျိုး ညှိနှိုင်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်လည်း သူ့ကိုပါ ထိပ်တိုက်ရင်ဆိုင်ဖို့ ပြောင်ပြောင်တင်းတင်း စိန်ခေါ်လာတဲ့အတွက် အိမ်ရှင်ဟာ ဘယ်လိုမှ မတတ်သာတဲ့အဆုံး အကျင့်ပျက်အိမ်ငှားကို အင်အားသုံး မောင်းချလိုက်ရတော့တယ်။

စည်းကမ်းဖောက်ဖျက်ပြီး သူ့အိမ်ကို ဖျက်ဆီးခဲ့တဲ့ အိမ်ငှားကို ဥပဒေကြောင်းအရ တရားစွဲနိုင်ခဲ့ပေမယ့် သူပေးဆပ်ရတဲ့ အရင်းအနှီးတွေကလည်း နည်းတော့မနည်းဘူး။ 

အိမ်ကမောင်းချလိုက်လို့ ထွက်ပြေးသွားရတဲ့ ဝရမ်းပြေးတွေဟာ အိမ်ကိုခဲနဲ့ထုတယ်၊ မီးတင်ရှို့တယ်။ ခဲနဲ့တဝုန်းဝုန်းပစ်နေတဲ့ကြားကအနောက်လေကပါ ပင့်ပေးနေတဲ့အတွက် မီးဟာ ဘုရားခန်းအထိပါ ကူးစက်လာတယ်။ တစ်အိမ်လုံး မီးထဲပါမသွားအောင် ထိန်းချုပ်ရတဲ့အခါ သူကိုယ်တိုင်လည်း မီးလောင်ခံရတယ်။ ဒီတစ်ခါလည်း သူ့ရဲ့အစဥ်အလာအတိုင်း သူမလုပ်ခဲ့တဲ့အမှားတွေအတွက် သူ့အိမ်ရဲ့ ဆိုးမွေကို ခံစားရပြန်တယ်။

အိမ်ရှင်ဟာ အခုဆိုရင် အပျက်အစီးတွေကို ပြင်ဆင်ရင်း၊ ကူးစက်လာတဲ့မီးကို ငြိမ်းရင်း သူ့အနေနဲ့ ဒီအိမ်မှာ အမြဲနေဖို့ မဖြစ်နိုင်တဲ့အကြောင်း စဥ်းစားနေမိတယ်။

- ဒီတစ်ခါ ဘယ်လိုအိမ်ငှားမျိုးကို ခွင့်ပြုမလဲ၊
- စည်းကမ်းချက်တွေကို ဘယ်လိုတင်းကျပ်မလဲ၊ 
- ဒီလို အိမ်ကိုအပိုင်းစီး၊ ရောင်းစားပြီး သူ့ကိုပါ အပြတ်ရှင်းမယ့် အန္တရာ​ယ်ကနေ ဘယ်လိုကာကွယ်မလဲ၊
- သူ့အိမ်အပေါ်ကို တစ်ကျော့ပြန် ကြမ္မာဆိုးတွေ ထပ်မလာနိုင်အောင် ဘယ်လိုပြင်ဆင်မလဲ၊

ဒီအချက်တွေဟာ သူစစ်တန်းလျားမပြန်ခင် အရေးတကြီး ဆုံးဖြတ်ရတော့မယ့် သူ့အိမ်ရဲ့ အနာဂတ်ဖြစ်လာလိမ့်မယ်။

Chun Chun Htet 
Nov 27, 2021.