ဘ.က ကျောင်းလို့ကြားလိုက်တာနဲ့
ခပ်စိမ်းစိမ်း အကြည့်တစ်ချို့နဲ့
ခင်ဗျားတို့ ချိုးနှိမ်ချင်ကြတယ်
ကလေးချင်းဆော့တဲ့ ကစားဝိုင်းတွေမှာ
မတူဘူး မတန်ဘူးဆိုတဲ့ ပညတ်ချက်နဲ့
သွေးခွဲချင်နေကြတယ် ။
ဘ.က ကျောင်းဆိုတာ
အပျင်းပြေ မဟုတ်ဘူး
ပေါ့ပျက်ပျက် မဟုတ်ဘူး
ကိုယ့်ဝမ်းစာ ကိုယ်ကျောင်း
သာသနာ့ဝန်ကို ထမ်းရင်း
အနာဂတ်ကို အလင်းပြပေးနေတဲ့
ဘုရားသားတော်တွေဖွင့်တဲ့ ကျောင်း ။
ဘ.က ကျောင်းဆိုတာ
အိုနာသေဘေး တစ်စုံတစ်ရာကြောင့်
မိဘမဲ့ မေတ္တာငတ်နေရှာတဲ့
ရင်သွေးလောင်းတွေကို မိနေရာက
မွေးထုတ်ပေးနေတဲ့ ကျောင်း ။
မိဘကူ ကိုယ့်အားကိုယ်ကိုးနေရတဲ့
ဘဝတွေအတွက် မေတ္တာဓာတ်တွေလွှမ်းခြုံ
အရိုင်းကို အယဉ်ဖြစ်အောင်
စိတ်ဓာတ်တွေ သွေးပေးနေတဲ့ ကျောင်း ။
ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
ဒီကျောင်းတွေကို တန်ဖိုးထားဂုဏ်မြှင့်ပေးပါ ။
ခင်ဗျားတို့ရဲ့ ရှုံ့ချတတ်တဲ့
လက်ညှိုးချက်တွေကို ပြန်ရုတ်သိမ်းပေးပါ ။
မသထီစရာမျက်နှာပေးနဲ့ မေးငေါ့တတ်တဲ့
အကျင့်တွေကို ပြုပြင်ပေးကြပါ ။
ကိုယ်ထိုးလိုက်တဲ့ ချိုးချိုးနှိမ်နှိမ်
လက်ညှိုးချက်တွေရဲ့ ရှေ့မှာ
ငါ့သားငါ့သမီးသာဆိုရင် ဆိုတဲ့
အသိစိတ်နဲ့ ကိုယ်ချင်းစာကြည့် ပေးကြပါ ။
ဒီမြေမှာနေ ဒီရေကို သောက်ဖူးသူမှန်ရင်
ဒီကျောင်းတွေကို တန်ဖိုးထားပေးပါ ။
ဘ.က ကျောင်းဆိုတာ မေတ္တာဓာတ်ကိုအရင်းခံ
ဘာသာ သာသနာ ပညာ ဆိုတဲ့သုံးရောင်ခြည်နဲ့ မွှန်း
အနာဂတ်အတွက် မင်းလောင်းမွေးပေးနေတဲ့ ကျောင်း ။
ဘ.က ကျောင်းဆိုတာ
လမ်းပေါ်မှာ ခြေကျင်းလိမ်နေတဲ့ အရေအတွက်တွေ
တစ်စိတ်တစ်ဒေသ လျော့ပါးစေတဲ့ကျောင်း
မီးပွိုင့်တွေ ပလက်ဖောင်းတွေပေါ်က
ဖြူနုနု ခြေထောက်လေးတွေကို
စာသင်ခန်းထဲ ဆွဲခေါ်တတ်တဲ့ ကျောင်း ။
အမှန်ဆိုရင်
ဒီမြေမှာ ဒီလိုကျောင်းတွေရှိနေတဲ့အတွက်
ခင်များတို့ ကျုပ်တို့ ဂုဏ်ယူကြရမှာ
အားတက်ကြရမှာ ။
အမြတ်ကြီးစားတွေရဲ့ လက်အောက်မှာ
ယင် တစ်လောင်းလောင်းနဲ့
ညှီစို့စို့ စိတ်ဓာတ်တွေရဲ့အောက်မှာ
အနှိမ်ခံဘဝနဲ့ရပ်တည်နေရတဲ့ မိသားစုတွေကိုတွေ့ရင်
သူ့ရင်ကဖြစ်တဲ့သွေးကို ဆွဲထုတ်
ဒီမြေမှာ ဒီလိုကျောင်းတွေရှိကြောင်း
ခင်ဗျားတို့ ကျုပ်တို့ လူပီသစွာ တွန်းပို့ပေးကြပါစို့...။
CRD; ✍✍✍ ရွှေနန်းဆက်
အရှင်တိက္ခဉာဏ ( ကန့်ဘလူ )
June - 3 - 2021
#ဂီဂျောင်ပြန်လည်မျှဝေသည်။😍🥰