Saturday, December 4, 2021

ပရဟိတ မုန်တိုင်း


            ယနေ့ ပရဟိတကဏ္ဍကို လှုပ်ခတ်နေတဲ့ ပြဿနာက အသုံးပြုနေသော မော်တော်ယာဥ်များအား လိုင်စင်မရှိလျှင် အရေးယူမည်ဆိုတဲ့ အမိန့်ကြောင့် ဖြစ်ပါတယ် ။ 

     မြန်မာ့ ပရဟိတအဖွဲ့တွေ ပေါ်ပေါက်လာရတဲ့ သမိုင်းကြောင်းကို ပြန်လည်လေ့လာကြည့်ပါက စိတ်ဝင်စားဖွယ်ကောင်းလှတာကိုလည်း တွေ့ရပါတယ် ။ 

         တကယ်တော့ ပရဟိတ ဆိုတာ အစိုးရ လက်လှမ်းမမှီသော တနည်း အစိုးရ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသော ပြည်သူ့လိုအပ်ချက်မျာအား အစိုးရကိုယ်စား အခမဲ့ ဝန်ဆောင်မှု ပေးနေတဲ့ အဖွဲ့အစည်းများပဲ ဖြစ်ပါတယ် ။ 

        သို့သော် အစိုးရနဲ့ မသက်ဆိုင်ရဟု သတ်မှတ်ထားတဲ့ NGO တွေလည်း ဖြစ်ပါတယ် ။ ပထမဆုံး မြန်မာနိုင်ငံက ပရဟိတအသင်းတွေဟာ တကယ်ကို လူထုအကျိုးအတွက် ဆောင်ရွက်ဖို့ ဖြူစင်စွာ ရည်သန်ခဲ့ကြပါတယ် ။ 

       နောက်တဆင့် နိုင်ငံတကာအဆင့် INGO များ ဝင်ရောက်လာပြီး ရည်ရွယ်ချက် အသီးသီးနဲ့ ပရဟိတ ဗန်းပြ ဆောင်ရွက်လာကြပါတယ် ။ INGO တို့ရဲ့ အဓိကရည်ရွယ်ချက်က ခိုင်မာလှတဲ့ မြန်မာ့ယဥ်ကျေးမှု ဓလေ့ထုံးစံများ နဲ့ တပ်မတော်မုန်းတီးရေး စိတ်ဓာတ်များအား မြန်မာလူငယ်တို့ရဲ့ ရင်ထဲသို့ ထည့်ပေးရန်ပဲ ဖြစ်ပါတယ် ။ 

        ဒီနေရာမှာ NLD အစိုးရတက်လာပြီးနောက် NLD ရဲ့ စွန့်ပစ်ပယ်ခံ အုပ်စု နဲ့ တပ်မတော်အလားဂျစ် ဗုဒ္ဓဘာသာယုံကြည်သူများ (NLD ကိုလည်း ဘာသာရေးအရ လက်ခံမရ ၊ တပ်မတော်ကိုလည်း အမုန်းမပြေ) ဆိုပြီး သင်းကွဲတွေ ပေါ်ပေါက်လာကြပါတယ် ။ 

      အဲဒီ အုပ်စုတွေအတွက် မိမိနဲ့တူရာတူရာ စုဖွဲ့လုပ်ဆောင်နိုင် အကောင်းဆုံးကတော့ NGO လုပ်ပြီး ပရဟိတ လုပ်ငန်းလေးတွေ တပိုင်တနိုင် လုပ်ကြရင်း စိတ်ဖြေနေကြရတာပါပဲ ။ 

        ကိုဗစ် ပထမလှိုင်းမှာ ပရဟိတအသင်းတွေ NLD အောက် စုစည်းလုပ်ကိုင်ဖို့ ဆိုပြီး ဒေါ်စုကြည်ဟာ မဖွယ်မရာ ဆောင်ရွက်ခဲ့ပြန်ပါတယ် ။ NGO ရဲ့ အနှစ်သာရကို ပြောင်ပြောင်တင်းတင်း ချိုးဖျက်ပြီး ပရဟိတတွေကို ပါတီအရောင်ခြယ်ဖို့ ကြံစည်လုပ်ကိုင်တာပါပဲ ။ 

         နောက်တော့ အားလုံးသိတဲ့အတိုင်းပဲ ၂၀၂၁ အရေးအခင်းဖြစ်လာတော့ မူလကတည်းက ပြည်ပထောက်ပံ့ကြေးစား INGO တွေက မင်းသားမျက်နှာဖုံး ကွာကျခဲ့ရပါပြီ ။ အဲဒီအချိန်မှာပဲ တခါတုန်းက NLD ကနေ ကန်ထုတ်ခံခဲ့ရတဲ့ နီပိတ် အရေခွံလဲ ပရဟိတ သမားတွေဟာ မူလအခံ တပ်မတော်မုန်းတီးစိတ်တွေ ပေါ်လာပြီး ဆန့်ကျင်လာပါတယ် ။ 

     ပရဟိတအရေခြုံ ဆောင်ရွက်နေတဲ့ ဆန့်ကျင်မှုများအား သက်သေပေါင်းများစွာ နဲ့ မကြာခဏ ဖမ်းဆီးရမိနေတော့ အစိုးရကလည်း ဒီလို လိုင်စင်ကား ပြဿနာ နဲ့ ပရဟိတတွေကို ကျစ်လိုက်တာပါပဲ ။ 

     ဆင်းရဲတဲ့ တိုင်းပြည် ၊ လာဘ်ပေးလာဘ်ယူ ထူထပ်တဲ့ တိုင်းပြည်မှာ ပရဟိတ အဖွဲ့ အတော်များများဟာ လိုင်စင်ကားအသုံးပြုနိုင်ခြင်း မရှိပဲ ပေါ ချောင် ကောင်း ဝပ်သောက် ကားလေးတွေနဲ့ လှုပ်ရှားနေကြရတာ များပါတယ် ။ 

       အခုလို အမိန့်ထွက်လာတော့ ယခင်ကတည်းက ပါတီအရောင် ကင်းမဲ့စွာ ကူညီဆောင်ရွက်ပေးနေတဲ့ အဖြူရောင် ပရဟိတအသင်းတွေ ဒုက္ခရောက်ကြရပါပြီ ။ 

       ဒီကန့်သတ်ချက်ကြောင့် ဆက်လက် မကူညီတော့ပဲ နားကုန်ကြပါပြီ ။ ဒီတော့ ဆင်းရဲသား ပြည်သူတွေပဲ ဒုက္ခရောက်ကြပြန်ပါတယ် ။ 

       ပြည်သူ့ဝန်ဆောင်မှုများအား ပြည့်စုံအောင် လုပ်မပေးနိုင်သေးတဲ့ အစိုးရအနေနဲ့ ရှည့်လည်းလျှောက်သာ ပျားလည်းစွဲသာ အနေအထားကို ဖော်ဆောင်သင့်ပါတယ် ။ 

         ပရဟိတအသင်းရှိ ပါဝင်သူများရဲ့ ကိုယ်ရေးရာဇဝင်များနဲ့ လှုပ်ရှားခဲ့တဲ့ သမိုင်းကြောင်းများကို စီစစ်အကဲခတ်၍ ဖြူစင်သည်ဟု စစ်ဆေးတွေ့ရှိပါက ယင်းအသင်းပိုင် ယာဥ်များအား လိုင်စင်ပြုလုပ်ပေးခြင်းဖြင့် ကူညီမယ်ဆိုရင် ဥပဒေနဲ့လည်း ညီညွှတ်သွားပြီး ဆင်းရဲသားများ အားထားရာ ဖြူစင်သော ပရဟိတများလည်း ဆက်လက်ကူညီခွင့် ရသွားပါလိမ့်မယ် ။ 

       ပရဟိတ အများအပြားဟာ NLD နဲ့ အတူ ပြိုကျနေပြီး ကျန်ရှိနေတဲ့ ပရဟိတလေးတွေလည်း လိုင်စင်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ဖြိုချခံရရင်ဖြင့် ဆင်းရဲသားပြည်သူများ အားကိုးရာမဲ့ ဖြစ်ရပါတော့မယ် ။ 

        ကိုရွှေမျိုးဝင်း

(ဒီတိုင်းပြည်က ယုတ်မာတဲ့ အတိုက်အခံ နဲ့ ဥာဏ်ကြီးရှင် အစိုးရကြားထဲမှာ ပြည်သူဖြစ်ရတာကလည်း ဘာဆုတောင်းရမှန်းကို မသိအောင် လမ်းပျောက်နေရတဲ့ အဖြစ်......)