Sunday, August 1, 2021

မြန်မာလူမျိုးဆိုတာ ဓားမိုးပြီးအုပ်ချုပ်မှရတယ်။ (ဗိုလ်မှူးကြီး ကံကြီး)


၁၉၉၇ခုနှစ်တွင် ရန်ကုန်တိုင်း လက်ခုတ်ကုန်းအနီး ဝက်ကိုက်ရွာတွင် ကျွန်တော်ဆားလယ်လုပ်သည်။ကျွန်တော်အပါအဝင် ဆားတောင်သူတို့၏ ဆားလယ်များကို ခရိုနီများက ပုစွန်မွေးမြူရန်အတွက် သိမ်းယူဖို့လုပ်ကြသည်။

ကျွန်တော်တို့ဆားတောင်သူများသည် အစိုးရဆားလုပ်ငန်းရုံးချုပ်သို့ ရောက်သွားပြီး ဆားလယ်များကို မသိမ်းပါရန် သွားရောက်တောင်းပန်ပြောဆိုကြသည်။ဆားလုပ်ငန်းMD ဗိုလ်မှူးကြီးကံကြီးက ကျွန်တော်တို့ဆားတောင်သူများကို လက်ခံတွေ့ဆုံပြီး ဆွေးနွေးသည်။

ထိုစဉ်က ဗိုလ်မှူးကြီးကံကြီးသည် အသက်ခြောက်ဆယ်ရှိနေပါပြီ။တပ်မတော်တွင် စီနီယာကြီးဖြစ်သည်။ဗိုလ်မှူးကြီးကံကြီးသည် ခရိုနီများနောက်မလိုက်ဘဲ ငွေနောက်မလိုက်ဘဲ ဆားတောင်သူများဘက်က မားမားမတ်မတ်ရပ်တည်ပေးသဖြင့် ဆားလယ်များအသိမ်းမခံခဲ့ရပါ။

ဗိုလ်မှူးကြီးကံကြီးသည် ကျွန်တော့်ကို ကောင်လေးဟုခေါ်သည်။တစ်နေ့တွင်သူ၏ရုံးခန်း၌ နှစ်ဦးထဲ ဆုံဖြစ်ကြသည်။ကျွန်တော်က နိုင်ငံရေးအကြောင်း ဒီမိုကရေစီအကြောင်းပြောလိုက်မိသည်။ဗိုလ်မှူးကြီးကံကြီးသည် အပြုံးမျက်နှာဖြင့် ကျွန်တော့်ကို စိုက်ကြည့်လိုက်ပြီး ကောင်လေးမှတ်ထား မြန်မာလူမျိုးဆိုတာ ဓားမိုးပြီး အုပ်ချုပ်မှရတယ်ဟု တစ်ခွန်းတည်းပြောလိုက်ပါသည်။

ဝေဖန်သုံးသပ်နိုင်ကြဖို့ တင်ပြလိုက်တာပါ။

ငါးမင်းဆွ
၃၁-၇-၂၀၂၁