Monday, August 23, 2021

ဥပဒေ နဲ့ မျှတမှုသည် တခါတရံ ရန်ဘက်ဖြစ်၏


          ဦးသန်းရွှေလက်ထက် ရပခ တိုင်းမှူး ဗိုလ်ချုပ်မောင်ဘို တောင်ကြီးမှာ ရုံးထိုင်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး တာဝန်ရော တိုင်းမှူးတာဝန်ကော ပူးတွဲထမ်းဆောင်စဉ် ကာလတုန်းကအဖြစ်လေးပါ ။

      အေးသာယာဂေါက်ကွင်းမှ ယာဉ်တန်း နဲ့ ပြန်အထွက် အဖွားကြီး တဦးက ယာဉ်တန်းကို ပိတ်တားထားလို့ အကြောင်းစုံ ဆင်းမေးပါတယ် ။ 

     ပြောင်းကုန်သည် တဦးက အဖွားကြီးဆီက ငွေ ဆယ်သိန်း ယူပြီး တက်လာမယ့် ပြောင်းတန်ဖိုး အမြတ်ပါ ပေးမယ်လို့ ကတိပေးခဲ့ပါတယ် ။ တောသူတောင်သားတွေချင်း စာချုပ်မရှိပဲ ယုံကြည်စွာ ပေးလိုက်ပါတယ် ။ 

     အချိန်တန်တော့ ပြောင်းပွဲစားက ဗြောင်ငြင်းပြီး မပေးနိုင်ဖူး လုပ်လို့ တိုင်ကြားရာမှာ စာချုပ်စာတမ်း မပြနိုင်လို့ တရားစွဲမရကြောင်း အကြောင်းပြန်ကြပါတယ် ။ ဒါကြောင့် တိုင်းမှူးဗိုလ်ချုပ် မောင်ဘိုထံ တိုက်ရိုက်စွန့်စားပြီ တိုင်ကြားခြင်း ဖြစ်ပါတယ် ။ 

     တိုင်းမှူးက ပြည်နယ်ဥပဒေအရာရှိချုပ်အား စုံစမ်းစေရာ ငွေယူထားတာ မှန်ကန်ကြောင်း သို့သော် စာချုပ်စာတမ်း မရှိ၍ အရေးယူလို့ မရကြောင်း သတင်းပို့ပါတယ် ။ 

     ဗိုလ်ချုပ်မောင်ဘိုက ဥပဒေစကား ထပ်မပြောပါဘူး ၊ ဒီကောင် ယူထားတာ မှန်ရင် အရင်းရော အမြတ်ကော ဒီအဖွားကြီးကို ပေး ပါစေ ၊ မပေးရင် ရတဲ့ ပုဒ်မနဲ့ ထောင်ချက်ခြင်း ချပါလို့ ဥပဒေ အရာရှိချုပ်ကို အမိန့်ပေးလိုက်ပါတယ် ။ 

    တိုင်းမှူးကိုယ်တိုင် အမှန်တရားဖက်မှ ဥပဒေကို ဆန့်ကျင်သော်လည်း မားမားမတ်မတ် ရပ်တည်ပေးလိုက်လို့ ဆုံးမယ့် ငွေကြေးတွေ အဖွားကြီး ပြန်ရလိုက်ပါတယ် ။ 

       ဒီဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် တခါတရံ ဥပဒေဆိုတဲ့ အရာဟာ တရားမျှတမှုကို မဖော်ဆောင်နိုင်ကြောင်း သိသာလှပါတယ် ။ သူတို့ခြင်းတောင် ရန်ဖက်ဖြစ်နေတာ မြင်တွေ့ရမှာပါ ။ 

      တရားမျှတမှုကို ဥပဒေက ဥပေက္ခာပြုထားပြီ ဆိုရင် အာဏာသုံးရပ် ကိုင်စွဲထားတဲ့ အစိုးရအရာရှိများက မတရားမှုကိုကာကွယ်ပေးနေတဲ့ ဥပဒေဆိုတဲ့ အရာကို တရားမျှတမှု ဖနောင့်နဲ့ ရိုက်ချိုးကန်ကျောက်ဖို့ လိုအပ်လာရင် လုပ်ပြပြီး တရားမျှတကို ဖော်ဆောင်နိုင်ရပါမယ် ။ 

     အရာရာကို စာအုပ်ကြီးအတိုင်း ဥပဒေ အရ ဥပဒေ အရ ဆိုတဲ့ စကားလုံး တွင်တွင်သုံးကာ မတရားမှုကို မဖော်ဆောင်သော အရာရှိ အရာခံ အစိုးရဘက်တော်သားများအား ခုံတော်မောင်ကျဘမ်း ကဲ့သို့ အချုပ်တွင်းထိ လိုက်လံစုံစမ်းပြီး အမှန်တရားရှာဖွေမှု ၊ ပေါင်ချိန် ဇာတ်ကားများအား ကြည့်ရှုခိုင်းပြီး အရည်အချင်းစစ် စာမေးပွဲ ပြန်ဖြေခိုင်းဖို့ ကောင်းနေပါပြီ ။ 

         နအဖ ခေတ်နှင့် နှိုင်းယှဉ်မိ၍ အခုခေတ်နဲ့ မတူဟု ငြင်းဆိုလိုကြပါသလား ။ 

      တရားမျှတမှု နှင့် ဥပဒေ တို့ရဲ့ အနေအထားကတော့ ဘယ်ခေတ်ဖြစ်ဖြစ် ဒီအတိုင်းဖြစ်နေမှာပါ ပဲ ။ ခေတ်မတူတာ မဟုတ်ပါဘူး လူချင်း မတူတာပါ လို့ ပြောရင် ပိုမှန်ပါလိမ့်မယ် ။ 

     မည်သို့ပင် ဖြစ်စေကာမူ သာမန်ဆင်းရဲသား ပြည်သူများ အတွက် ဥပဒေ စကားတွင်တွင်ပြောပြီး မတရားမှုများအတွက် ကာကွယ်ပေးသော အုပ်စိုးသူ နှင့် ဥပဒေစကား မပြောကြားပဲ တရားမျှတမှုကို လက်တွေ့ဖော်ဆောင်ပေးနေသော အုပ်စိုးသူ တို့အား မည်သူ့ကို နှစ်သက် သဘောကျမယ် ထင်ကြပါသလဲ ။

     နောက်နောင် လာလတံ့သော အစိုးရလောင်းလျှာများ အချိန်ယူ စဉ်းစားထားသင့်ပြီလို့ ယုဆမိပါတယ် ။ 

        စာအုပ်ကြီးပါ စည်းကမ်းနှင့် ကိုင်ပေါက်ပြီး ဆင်းရဲသား မသိနားမလည်သူ ပြည်သူများအပေါ် လူလည်လုပ်နေသော ဗျူရိုကရက်များအား အလိုမရှိသူ

      ကိုရွှေမျိုးဝင်း