Thursday, July 8, 2021

ငွေတွေရဲ့ တန်ဘိုး


အင်ဒရူးကာနယ်ဂျီ အကြောင်းကြားဘူးကြမှာပါ
သံမဏိသူဌေးကြီး၊ နောက်ပိုင်း ရေနံသူဌေးကြီး
ဖြစ်လာတယ်၊ သူ့အဆိုအမိန့်တွေ စာအုပ်အဖြစ်
ထွက်လာပြီး တကမ္ဘာလုံးက တလေးတစား
ဖတ်ရတဲ့အဆင့်၊

သူ့ခေတ်တုန်းက $ ( 3 ) billion ကျော်နဲ့
ကမ္ဘာ့သူဌေးကြီးဖြစ်ပြီး၊ ခေတ်အလိုက် ငွေတန်ဘိုးကို
တွက်ကြည့်လိုက်တော့... ဒီနေ့ $ (200) billion နဲ့
ချမ်းသာသူက သူ့ငွေတန်ဘိုးကိုမမှီဘူးတဲ့၊
အဲ့ဒီခေတ် (3) billion က ဒီနေ့ခေတ် (270) billion နဲ့
ညီမျှတယ်လို့ဆိုတယ်။

..............

ဘမောင်တို့ငယ်ငယ်က (မူလတန်း) မှာ၊
အဖေ ( ၁၈,၀၀၀) ကျပ်နဲ့ ရောင်းလိုက်တဲ့ ခြံဟာ 
ဒီနေ့ သိန်း (၉၀,၀၀၀) အထက် တန်သွားတယ်၊
အဲ့ဒီတုန်းက ထီရဲ့အမြင့်ဆုံးက (၁၀၀,၀၀၀) ကျပ်
ခြံကောင်းကောင်း (၂၀,၀၀၀) အောက်
ကား                         ( ၁၅,၀၀၀)
စက်ရုံ                      ( ၁၅,၀၀၀)

အပေါ်က (၃) ခုပိုင်ရင်
အလတ်တန်းစား သူဌေးဖြစ်ပြီ၊
" သောင်း" ဂဏန်း ချမ်းသာရင် သူဌေးပဲ
"သိန်း" ဂဏန်းဆိုရင်တော့...
" သူက သိန်းချီချမ်းသာတာလို့ " ပြောလေ့ရှိတယ်။

အမေနဲ့ သူ့မောင်နှမတွေက ရုပ်ရှင်ထုတ်လုပ်ရေးလုပ်တော့
တကားမှ (၃-၄၀,၀၀၀) ပဲကုန်တာ ကြားဖူးတယ်
ဘမောင်တို့ လူပျိုပေါက် စဝင်တဲ့အချိန်မှာတောင်
ဈေးအမြင့်ဆုံးယူတဲ့ (ဦး) ဝင်းဦးက (၁၅၀,၀၀၀)၊

...............  

စူပါသူဌေး တချို့ရှိတယ်
မိုးကုတ် (ဦး) မြမောင်၊ သူက ငွေကို "လေ" လိုသုံးတဲ့အဆင့်
နောက်... (ဦး) ရှော်ဖီ ၊ သူကငွေကို " ရေ" လိုသုံးသူ၊

အဲ့ဒီကာလမှာ... (နာမယ်လွှဲ) ရွှေတောင်တင်မောင်ဆိုတဲ့
သူဌေး တဦးရှိတယ်၊ ရွှေတောင်ကြား Golden valley မှာနေလို့
ရွှေတောင်တင်မောင်လို့ခေါ်ကြတာ၊
ဘမောင်က ကျောက်လောကထဲဝင်ကာစ ငချွတ်လေး၊ 
လူပျိုပေါက်သာသာ၊ ( အကြီးတွေကို ပွဲစားလုပ်၊ 
အသေးနဲ့ အလတ်ကို ကိုယ်တိုင်လုပ်)

ဆိုရှယ်လစ်ခေတ်ဆိုတော့ ကြိတ်လုပ်ကြရတာမျိုး
ဦးတင်မောင်ကြီးက တရက်ဘမောင်ကိုပြတယ်
နတ်သမီး မီးချစ်တဝက်ဆိုက်လောက်အရွယ်၊ သူ့မှာ အဲ့ဒါမျိုး
အချပ် (၂၀) ကျော်ရှိတယ်တဲ့၊ တချပ်ကို (၁၆) သိန်း၊
တွက်သာကြည့်တော့....
(၁၀၀,၀၀၀) ချမ်းသာရင်တောင် အိမ်၊ ကား၊ စက်ရုံ
ပိုင်နိုင်တဲ့အချိန်မှာနော်၊

.................

1991 မှာ ဘမောင်အငြိမ်းစားယူတယ်
ဈေးကွက်စီးပွားရေး အစဦးပိုင်းပေါ့
သက်ဆိုင်ရာဝန်ကြီးဌာနကိုတင်ပြပြီး ပြည်ပကို
အနီ၊ အပြာ၊ အစိမ်း၊ ရောင်းတယ်၊
ပြည်ပကို တရားဝင်တင်ပို့တဲ့အထဲ ပထမဆုံး
ဖြစ်လိမ့်မယ်နဲ့ တူတယ်၊ တခါရောင်း " ရာ" ဂဏန်းပဲ
ရှိပါတယ်၊ ကျောက်မျက်ကစစ်ဆေးပေးတယ်
Cert ထုတ်ပေးတယ်၊ တရားဝင်အခွန်ဆောင်တယ်၊
ဝယ်လက်တယောက်က ဩစတေးလျမ်း၊
Harrison  Ford နဲ့ တပုံစံထဲ၊ ဗိုလ်ချုပ်ဈေးမှာ
Harrison Ford မြန်မာပြည်လာတယ်ဆိုပြီး
လူဝိုင်းလာလို့ ပြေးခဲ့ကြရသေးတယ်၊
အဲ့ဒီကာလ ရာဂဏန်းက တော်တော်ကြီးတယ်၊

....................

ပုံမှာပြထားတာက
အမ်ပိုရီယမ်မှာ သိန်း (၆၀,၀၀၀)
ကိန်းဂဏန်းအရ ပါးစပ်ထဲမှာ ပြည့်နေတာပဲ
prime area မှာ ခပ်သင့်သင့်အကျယ်၊ မြေတကွက်တောင်
ဝယ်လို့မရတော့ဘူး၊

ကာလအလိုက်
ငွေတန်ဘိုး ဘယ်လိုကွာသွားတယ်ဆိုတာကို ပြောချင်တာပါ
ငွေတန်ဘိုး ( Nominal  vs Real ) ဆိုတာရှိတယ်
နိုင်ငံအဆင့်မှာ GDP ကို ( Nominal / Real ) ခွဲသလိုပဲ။

တိုးတက်တယ်ဆိုတာ
Real value ကိုကျော်လွန်အောင်လုပ်နိုင်တာ
ကျော်အောင်မလုပ်နိုင်ရင် 
ဆင်းရဲသွားတယ်လို့သတ်မှတ်တယ်။

....................

ဒါတွေရေးပြနေတာ
လုပ်နိုင်တဲ့သူတွေ ပိုသတိရှိ​အောင်လို့ပါ
အချို့ ဘောဂဗေဒသင်ခဲ့သူ၊ 
စီမံခန့်ခွဲရေးသင်ခဲ့သူတွေတောင် 
သတိလွတ်လေ့ရှိကြတာကို သတိထားမိတယ်၊

နောက်ရှုဒေါင့်ကကြည့်ရင်
Capitalism မှာ ဆင်းရဲ-ချမ်းသာ ကွာဟချက်
ကြီးမားလာတတ်တာပဲ၊ တတ်နိုင်သလောက် အစိုးရတွေက
စီမံပေးရတယ်၊ ( ဒါပေမဲ့ မရတတ်ဘူး )

နောက်ဆုံး
ပင်စင်ယူရင် နေစရာ၊ စားစရာလေးဖန်တီးပေး​ကြရသလို
ဝင်ငွေနိမ့်တွေအတွက် တန်ဘိုးနည်းအိမ်ယာ
အခြား သက်သာခွင့်တွေကို လုပ်ပေးရလေ့ရှိတယ်
ဆင်းရဲသူရော၊ ချမ်းသာသောသူရော
အားလုံးဟာ ပြည်သူတွေဖြစ်နေကြတယ်။

.....................

ငွေကြေးဖေါင်းပွမှုဆိုတာ နိုင်ငံတိုင်းမှာရှိတယ်
တချို့က (၁-၂)% ကိုလက်ခံကြပြီး
တချို့က (၃-၄)% အထိလက်ခံကြတယ်၊

အင်ဖလေးရှင်းကြောင့်
တနှစ်ထက်တနှစ် ကိန်းဂဏန်တွေက ကြီးလာကြမှာ
အမှန်ပဲ၊ ဘမောင်ငယ်ငယ်က ရွှေတကျပ်သား (၂၀၀)
အခု (၁၆,၀၀,၀၀၀) ကျော်ပေးမှ ရွှေတကျပ်သားပိုင်တယ်

ပြောချင်တာက
ကိုယ့်ရလဒ်ဟာ...
အင်ဖလေးရှင်းထက်ကျော်သလား ?
Real value ထက်ကျော်သလား
ဒါဆို အောင်မြင်တယ်၊

ဆန့်ကျင်ဖက်ဖြစ်ရင်တော့....
ဦးဏှောက်ထပ်သုံးရတော့မယ်လို့
အကြမ်းဖျင်း မှတ်နိုင်ပါလိမ့်မယ်၊

#နေဇင်လတိ ( 8.7.21 ) 🤩