Monday, July 26, 2021

သတင်းမှန် မှ စီမံမှုမှန်ပါမယ်


          ယနေ့ တနိုင်ငံလုံးရဲ့ အောက်ခြေမှာ ဖြစ်ပျက်နေသမျှ အခက်အခဲအားလုံးကို နစက ဥက္ကဋ္ဌကြီး အကုန်သိမယ်လို့ ယူဆထားကြပါသလား ။ 

      လုံးဝ မသိပါဘူး ဘာကြောင့်လဲ ဆိုရင် နယ်မြေတာဝန်ခံ စရဖ ၊ SB တွေက သတင်းတင်ပြရင် ဦးစွာ မြို့နယ်မှူးက တည်းဖြတ်သုတ်သင် ဆင်ဆာလုပ်ပြီး မှ ခရိုင်ကို တင်ပါတယ် ။ 

     ခရိုင်က ထပ်မံ ဖြတ်တောက် တိုင်းကို ရောက်ပါတယ် ။ တိုင်းက အသားကုန် လှီးဖြတ် ပြုပြင်ထားတဲ့ သတင်းသာလျှင် တပ်ချုပ်ကြီးဆီ ရောက်ပါတယ် ။ 

       အဲဒီတော့ တပ်ချုပ်ကြီးဟာ မြေပြင်သတင်းမှန်ကို တရားဝင် အစီရင်ခံစာတွေထဲမှာ တကယ့်မြေပြင် လက်ရှိအနေအထားရဲ့ 25 % သာ လက်ခံရရှိလေ့ ရှိပါတယ် ။ 

      ဘာကြောင့်လဲ ဆိုရင် တပ်ချုပ်ကြီး မကြိုက်လောက်တဲ့ တင်ပြချက်ပါသွားရင် ငါ့ အလုပ်များ ထိခိုက်လေမလား ဆိုတဲ့ အရိုးစွဲနေတဲ့ အကျင့်ဆိုးတွေကြောင့် ဖြစ်ပါတယ် ။ 

     တရားခံက ကိုလိုနီ အမွေဆိုး ကြိုးနီစနစ်ကြောင့် ဖြစ်ပါတယ် ။ မိမိငယ်သားဘဝမှာ ကြိုးနီစနစ်ကို မုန်းတီးခဲ့ကြသလောက် ရာထူးကြီးသွားလေလေ ကြိုးနီစနစ်ကို ချစ်မြတ်နိုးလာလေလေ ကာကွယ်မှု ပြုလာလေလေ ဖြစ်နေကြလို့ပါပဲ ။ 

          တပ်ချုပ်ကြီးကို ကြောက်လေလေ ကြိုးနီစနစ်အရ ဖြတ်တောက်လေလေ လုပ်နေတဲ့ သတင်းပုံပျက်တွေကြောင့် တိုင်းပြည်ဟာ လိုအပ်တာထက် ပိုပြီး ဖရိုဖရဲ ဖြစ်နေကြတာပါ ။ 

(ရာထူးကြီးလေ မျှော်မှန်းချက်ကြီးလေ ဆိုတော့ကား သူတို့ ကျိုးစားမှု အားထုတ်မှုများအတွက် အဆုံးရှုံးမခံဝံ့ကြတဲ့ လူ့သဘောကိုလည်း နားလည်စာနာကြရပါမယ် ။ ကျနော်တို့ ဝေဖန်နေကြတာက အလွန်ဆုံး ထောင်ကျရုံပေါ့ လေ သူတို့က အဆပေါင်းများစွာ ဆုံးရှုံးကြမှာကိုး) 

       အဲဒီပြဿနာကို ဖြေရှင်းဖို့ ဆိုတာ တပ်ချုပ်ကြီး အပေါ်မှာပဲ မူတည်နေပါတယ် ။

- မြေပြင် သတင်းမှန်အတွက် တိုင်းမှူးအဆင့်အား အရေးယူခြင်းမှ ကင်းလွတ်စေပြီး သတင်းမှားခဲ့လျှင် တိုင်းမှူးမှ စတင် အရေးယူသော စနစ် ဖော်ဆောင်ခြင်းဖြင့် တိုင်းမှူးများသည် မိမိထုတ်နှုတ်အင်အားဖြင့် သူ့ဘာသာ သတင်းမှန်ရရှိရေး ဆောင်ရွက်ခြင်းဖြင့် အောက်က ပုဂ္ဂိုလ်များ လိမ်ညာမရအောင် အားထုတ်ကြပါလိမ့်မယ် ။

- သတင်းဇစ်မြစ် အတွက် ဘောင်ချဲ့ခြင်း တနည်း မြေပြင်သတင်းမှန် စီးဝင်ရန် အခြားလမ်းကြောင်းသစ် ထပ်မံဖွင့်ခြင်း

- သက်ဆိုင်ရာ စစ်တိုင်းမှူး အပါအဝင် အခြား တရားဝင် တင်ပြလာသော သတင်းများနဲ့ တိုက်ဆိုင်စစ်ဆေး၍ ကွာဟမှုရှိသော ဒေသများသို့ လိုအပ်သောစစ်ဆေးမှု ပြုလုပ်ခြင်း

- fb အကောင့်တုတခု ဖွင့်၍  အမျိုးသားရေး အုပ်စု တပ်မတော်ထောက်ခံသူအုပ်စု စစ်မှုထမ်းဟောင်းများ အုပ်စု အသီးသီးသို့ တနေ့ နာရီဝက်ခန့် အချိန်ပေး ဝင်ရောက်ကြည့်ရှုခြင်း

(ဒီအုပ်စုတွေဟာ ယုံကြည် လွယ်ပြီး တဖက် ဆိုက်ဝါးသတင်းတုများအား ရှယ်နေကြသည့် အလွန် အ သော ACC များ နဲ့  အတုအယောင် ACC အနည်းငယ်မှ အပ ပြည်သူ့အသံကို အမှန်အတိုင်း သိစေသော ACC များဖြစ်ကြ၍ မြေပြင်သတင်းမှန်ကို တိုင်းမှူးများထက် မှန်ကန်စွာ တင်ပြနိုင်ကြပါတယ်)

            မြန်မာပြည်အား သတင်းမှန်များဖြင့် ကယ်တင်ကြပါစို့ ။            

               မျိုးဝင်း