Tuesday, July 20, 2021

ဘုရားအားလုံးက သိ​နေတဲ့သူများ


         တခါတုန်းက ငယ်သူငယ်ချင်း နှစ်ယောက်ရှိပါတယ် ။ တယောက်က ခရစ်ယမ် ဘုန်းကြီးဖြစ်ရမယ် သာသနာပြုမယ် ၊ တယောက်က ဆရာဝန်ဖြစ်ရမယ် လူနာတွေကို ဝေဒနာသက်သာအောင် ကုသပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်ကိုယ်စီ နဲ့ပေါ့ ။


      ကြီးပြင်းလာတော့ ရည်ရွယ်ချက်တွေ အထမြောက်သွားတယ် ။ တနေ့ ဘုန်းတော်ကြီး နေတဲ့မြို့မှာ ပုလိပ်ရောဂါ ဖြစ်လာတယ် ။ လော့ဒေါင်းချပြီး တမြို့လုံး ကုသပေးကြတယ် ။ 


     ရပ်ဝေးက စေတနာရှင် ဆရာဝန်တွေ လာပြီး ကူညီလုပ်အားပေးတော့ ဘုန်းကြီးရဲ့ ငယ်သူငယ်ချင်း ဆရာဝန်လည်း ပါလာတယ် ။ 


     သူငယ်ချင်းနှစ်ယောက် အားကြိုးမာန်တက် ကူညီနေရင်း ဆရာဝန်ကို ပုလိပ်ရောဂါ ကူးသွားတယ် ။ ဘုန်းကြီးက ဆရာဝန်သေမှာ သိနေသလို ဆရာဝန်ကလည်း ပိုသိတာပေါ့ ၊ ဘုန်းတော်ကြီးက အားပေးတယ်


"သူငယ်ချင်း ဘာမှ အားမငယ် နဲ့မင်းကို ဘုရားသခင်က စောင့်ရှောက်မှာပါ ''


"အင်း ငါက ဆရာဝန်ပါကွာ ငါသေမှာ သိပြီးသားပါ မင်းကိုတော့ ငါ အားနာတယ်ကွ ငါက ဘယ်ဘုရားကိုမှ ယုံကြည်မှု မရှိတဲ့ ဘာသာမဲ့ပဲ သူငယ်ချင်းရ ''


"ဘာသာမဲ့လည်း ငါတို့ ဘုရားသခင်က စောင့်ရှောက်မှာပါ ကွ ''


"သေခါနီး လိမ်မပြောချင်ကွာ မင်းပါးစပ်က တဖွဖွ ရွတ်နေတဲ့ ဘုရားသခင်ကို ငါ လုံးဝ မသိဖူး ကွ ''


"မဟုတ်ဖူး သူငယ်ချင်း အများအကျိုးအတွက် အသက်စွန့်ရတဲ့ မင်းလို စေတနာရှင် ပရဟိတသူရဲကောင်း တယောက်အနေနဲ့ မင်းက ဘုရားကို မသိတာ ပြဿနာ မဟုန်ပါဘူး ကွာ ဘာကြောင့်လဲ ဆိုတော့ မင်းရဲ့ မွန်မြတ်တဲ့ စိတ်ထား နဲ့ လုပ်ရပ်တွေကြောင့် ရှိသမျှ ဘာသာအားလုံးရဲ့ ဘုရားရှင်တွေ အားလုံးက မင်းကို သိနေကြပါပြီ ကွာ မင်းက သူတို့ကို သိစရာ မလိုပါဘူး ''


          ဟုတ်ကဲ့ ကျနော် ငယ်စဥ်က ဖတ်ခဲ့ဖူးတဲ့ ဘာသာပြန်စာအုပ်ထဲက အကြောင်းအရာလေးတွေကို သတိရသလို တင်ပြလိုက်တာပါ ။ 


        ဒီစာအုပ်ရဲ့ ပေးချင်တဲ့ အချက်က ဘုန်းတော်ကြီး ပြောခဲ့တဲ့ မင်းရဲ့ မွန်မြတ်တဲ့ လုပ်ရပ်ကြောင့် မင်းကို ဘုရားအားလုံးက သိနေပါပြီ ကွာ ဆိုတဲ့ စကားလေးက အနှစ်ပါလှတာ တွေ့ရပါတယ် ။


    ယနေ့ ကပ်ဆိုးကြီးမှာ စွမ်းစွမ်းတမံ ဆောင်ရွက် ကူညီနေတဲ့ ပရဟိတ အဖွဲ့သားတွေရဲ့ အံ့မခန်းစွမ်းဆောင်ရည် နဲ့ ပေးဆပ်နိုင်မှုကတော့ ဂုဏ်ယူဖွယ် အတိ နဲ့ ညွှန်းဆိုဖွယ် စကားလုံး မရှိလောက်အောင် မြင့်မြတ်လှပါတယ် ။ 


     ဒီလို ပရဟိတလုပ်ငန်းတွေကို ဝင်ရောက် ဆောင်ရွက်နေတော်မူသော ဆရာတော်ကြီးများကား ကျေးဇူးဆပ်၍ ကုန်နိုင်ဖွယ် မမြင်တော့ပါဖူး ။ 


          Covid ဟာ မြန်မာကိုသာ မက တကမ္ဘာလုံးကို နှပ်စက်နေပါပြီ ။ နစက အနေနဲ့ လုပ်ဖွယ်ရှိသည်များအား အစွမ်းကုန်ဆောင်ရွက်နေကြတာလည်း တွေ့မြင်နေရပါတယ် ။ 


        သို့သော် ဖြစ်နေတာက နစက ရဲ့ အစွမ်းကုန်ဆောင်ရွက်မှုများဟာ ပြည်သူများအတွက် လုံလောက်မှု မရှိတဲဘ ပြဿနာပါပဲ ။ 


       CDM လုပ်ကြသော လူယုတ်မာ ဆေးဝန်ထမ်းများ ၊ ပျက်ဆီးခြင်း ၊ သိုဝှက်ခြင်း ၊ ထိန်ချန်ခြင်း ခံထားရတဲ့ အထောက်ကူ ပစ္စည်းများ ၊ ပင်ပန်းကြီးစွာ တာဝန်ထမ်းဆောင်နေရသော Non CDM ဆရာဝနိများရဲ့ စိတ်ရော ကိုယ်ပါ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေမှု ၊ လူယုတ်မာ PDF GZ တွေ ရဲ့ လူသားမဆန်တဲ့ နှောက်ယှက်သတ်ဖြတ်မှု ဒါတွေကလည်း ကြီးစွားသော အခက်အခဲများ ဖြစ်နေတာ သဘောပေါက်ပါတယ် ။ 


      Covid စင်တာတွေ လူပြည့်နေခြင်း ၊ အောက်ဆီဂျင် အလွယ်တကူ ဝယ်မရခြင်းတွေကလည်း နေ့စဥ်ကြားနေရတဲ့ အခက်အခဲတွေ ဖြစ်နေပါတယ် ။ 


        ဒီပုံစံဆိုရင် နစက အားတခုတည်းနဲ့ ရင်ဆိုင်ဖို့ မလွယ်ကူတာ သေချာပါပြီ ။ နစက ပြန်ကြားရေး ဌာနကနေ အောက်ဆီဂျင် လုံလောက်ပြီ ကြေညာနေတာ မြေပြင် အခြေအနေနဲ့ ကွားခြားပါတယ် ။ 


          အစိုးရဆေးရုံ နဲ့ covid စင်တာတွေ အတွက် လုံလောက်နေပြီ လို့ ရှင်းလင်းစွာ ကြေညာရပါ့မယ် ။ 


       လူမဆန့်တော့တဲ့ ဆေးရုံတွေ ၊စင်တာ တွေကို အားကိုးလို့ မရတဲ့ အနေအထားမှာ နစက အနေနဲ့ အားကိုးစရာ ဘုရားတိုင်းသိနေတဲ့ ပရဟိတ အဖွဲ့တွေကို အကူညီတောင်းရပါမယ် ၊ ပူးပေါင်းရပါမယ် ။ ကျနော့်အမြင်အရတော့ အစိုးရက မနိုင်မနင်းဖြစ်နေပါပြီ ။


      ပရဟိတအဖွဲ့တွေမှာ အတွေ့အကြုံ ရှိပါတယ် ။ အခြေခံပစ္စည်း အများစု ရှိပါတယ် ။ အစိုးရ အနေနဲ့ ဖိတ်ခေါ်ပြီး တရားဝင် တာဝန်လွဲပေးပြီး ထောက်ပံ့ပေးမယ် ဆိုရင် လိုအပ်ချက် အတော်များများ ဖြည့်လာနိုင်ဖွယ် ရှိနေပါတယ် ။ 


       ရောဂါ မပျံ့သေးသော ဒေသများကို အဝင်အထွက် ထိမ်းချုပ်ခြင်းဖြင့် ထပ်တိုးနှုံးကို လျှော့ချနိုင်ပါတယ် ။ အားလုံး ညီညွှတ်စွာ လုပ်ဆောင်ကြရပါမယ် ။ 


       အစိုးရ အနေနဲ့ မိမိအခက်အခဲ ဖြစ်နေတာကို ပွင့်လင်းစွာ ချပြပြီး ပရဟိတအဖွဲ့တွေ နဲ့ အလျှင်အမြန် ပူးပေါင်းကာ စင်တာ အသစ်များ ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြင့် အမှန်တကယ် ကုသရန် လိုအပ်နေသူများအား အချိန်မှီ ကယ်တင်နိုင်ပါလိမ့်မယ် ။ 


      ဘုရားပေါင်းစုံက သိနေတဲ့ ပရဟိတသမား မေတ္တာရှင်တွေကို အသိအမှတ်ပြု ဂုဏ်တင်ပေးရင်း ပြည်သူအား ပူးပေါင်း ကူညီပါရန် တောင်းဆိုပါတယ် ။ 


       ပရဟိတ မေတ္တာရှင် အစစ်များဖြစ်သော သံဃာ နှင့် လူ ပုဂ္ဂိုလ်အပေါင်းအား လေးစားမြတ်နိုးစွာ ဖြင့်.........


       မျိုးဝင်း