Tuesday, July 20, 2021

ကျွန်မနဲ့ကိုဗစ် (အပိုင်း-၁) ( ကိုယ်တိုင်ရင်ဆိုင်ခဲ့ရသူဧ်။ ကိုယ်တွေ့ )


ကျွန်မ ဒီပိုစ့်ကို နေကောင်းကျန်းမာတော့မှ ရေးမယ်လို့ ဆုံးဖြတ်ထားတာပါ။

ဒါပေမယ့် ဒီနေ့နဲ့ မနက်ဖြန် မတူတဲ့ ဘဝမှာ ရှင်သန်နေကြရတဲ့ သူတွေမို့ ကျွန်မ အမှားကြီးမှားခဲ့တဲ့ ကျန်းမာရေး အသိတွေကို အမြန်ဆုံး Sharing လုပ်ပေးချင်တာရယ်။

ကျွန်မကို စိတ်အားဖြင့်ရော ကိုယ်အားဖြင့်ရော အကူအညီအထောက်အပံ့ပေးခဲ့ကြတဲ့ မိသားစုဝင်နဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ကျွန်မသာ ချေချော်လက်ချော်ဖြစ်ခဲ့ရင်

ကျေးဇူးတင်စကား မပြောဖြစ်ခဲ့ရမှာ စိုးတဲ့ စိတ်ကြောင့် နေ့လည်ကတည်းက နဲနဲခြင်း ကြိုးစားပြီး ရေးလိုက် ပါတယ်။


ကိုဗစ်ကို ကျွန်မ လျှော့တွက်မိတယ်...ကျွန်မလိုပဲ တော်တော်များများလဲ လျှော့တွက်မိကြလိမ့်မယ် ထင်ပါတယ်။

မဖြစ်သေးခင်ပေါ့။


Infected Day 🚨 ၉-၇-၂၀၂၁ (သောကြာနေ့)

-------------

ဒါကတော့ ကျွန်မ စစဖြစ်တဲ့ ရက်ပါ။

အဲ့ရက် မနက်မှာ ကျွန်မ စျေးကို ဆိုက္ကားငှားပြီး သွားခဲ့တယ် လိုတာတွေ အကုန်ပတ်ဝယ်တယ်။ ကျွန်မစိတ်ကူးကတော့ နောက်ရက် ဘာမှထွက်ဝယ်စရာမလိုဘဲ အိမ်မှာ ၂ပတ်လောက်နေတော့မယ်ပေါ့။

Mask တစ်ထပ်နဲ့ပဲသွားခဲ့ပါတယ်။

ခေါင်းအုပ်ဆောင်း မအုပ်ထားသလို မျက်နှာကိုလဲ ဘာ Faceshield မှ ကာမသွားခဲ့ပါဘူး။

(နံပါတ် ၁👉 ပေါ့ဆမှု)

အိမ်ရောက်ရောက်ချင်း ဝယ်လာတာတွေ အရက်ပြန်နဲ့ ဖြန်းပြီး နေပူထဲက ပြန်ပြန်လာချင်း ရေချိုးခန်း တန်းဝင်ပြီး ရေချိုးလိုက်မိပါတယ်။


Day-1 🚨 ၁၀-၇-၂၀၂၁ (စနေနေ့)

------------

ကျွန်မ စ ဖျားပါပြီ။

ဒီအချိန်မှာ ကျွန်မရဲ့ ပထမဆုံး အမှားအယွင်းက ရေချိုးမှားလို့ အပူရှပ်သွားတယ်လို့ပဲ ကိုယ့်ကိုကိုယ် ထင်ခဲ့မိပါတယ်။

အိမ်သားတွေနဲ့ အထိအတွေ့ မလုပ်တော့ပါဘူး။

အခန်းထဲ တံခါးပိတ်ပြီး တစ်ယောက်ထဲ နေပါတယ်။

သာမန် တုပ်ကွေးဖျားသလို နှာစေး ချောင်းဆိုး ကိုယ်လက်ကိုက်ရုံလောက်ပါပဲ။


Day-2 🚨 ၁၁-၇-၂၀၂၁ (တနင်္ဂနွေနေ့)

----------

ကျွန်မ အဖျား မကျပါ။

ကိုယ်အပူချိန် ၉၉° နဲ့ အောက်ဆီဂျင်လဲ ၉၅ လောက်ထိ ရှိတယ်။ ကိုယ်တွေလက်တွေ ဆစ်ဆစ် ဆစ်ဆစ် ကိုက်တယ်။

ချောင်းဆိုးတယ်။ နှာရည်နဲနဲယိုတယ်။

ဘိုင်အိုဂျက်စစ်တွေပဲ ဆေးပတ်လည်အောင် သောက်မယ်ဆိုပြီး သောက်နေခဲ့မိတယ် တစ်ယောက်တည်း။

ကြက်စွပ်သောက်တယ် ကြက်ဥပြုတ်စားတယ်။

ခေါင်းနဲနဲ ကိုက်တယ်။


Day-3 🚨 ၁၂-၇-၂၀၂၁ (တနင်္လာနေ့)

----------

ရုတ်တရက် အဖျားပျောက်သွားတယ်။

လူလဲ ထူထူထောင်ထောင် ဖြစ်လာလို့ WFH အလုပ်တွေ

လုပ်တယ်။

ရှေ့ရက်တွေက နေမကောင်းဘူးပြောထားလို့ ညီမလေးက လိုအပ်တဲ့ အစားအစာနဲ့ ဆေးဝါးတွေ လာပို့တယ်။

အခန်းရှေ့ပဲ ထားခဲ့ခိုင်းရတယ်။

ညနေပိုင်း လူလန်းသွားအောင်ဆိုပြီး ရေထချိုးလိုက်မိတယ်။

(မဟာ့ မဟာ မဟာ အမှားကြီးပါပဲ...ခုထိနောင်တရလို့ မဆုံးပါဘူး...ကိုဗစ်ပိုးဟာ ရေသိပ်ကြိုက်တာ..အအေးအလွန်ကြိုက်တာကို နောက်မှ သိလာခဲ့ရတယ်)


Day-4 🚨 ၁၃-၇-၂၀၂၁ (အင်္ဂါနေ့)

--------

ကျွန်မ ထပ်ဖျားပြန်ပါတယ်။

ပထမ အခါကထက် ပိုပြင်းထန်လာတယ်။

ချောင်းဆိုးတယ်။ပြင်းပြင်းထန်ထန်ဆိုးပါတယ်။

နှာရည်တော့ သိပ်မယိုဘူး။

အနံ့မပျောက်သေးဘူး။

အရသာ မပျက်ဘူး ဒါ့ကြောင့် ကိုဗစ်လို့ မထင်ခဲ့ဘူး

နေမကောင်းလို့ သတင်းမေးတဲ့ သူတွေကိုတောင် သာမန် ဖျားတာလို့ပဲ ပြန်ဖြေခဲ့တယ်။

ဒါပေမယ့်

အခန်းထဲက အပြင်ကိုတော့ လုံးဝမထွက်ဘူး။

စားစရာတွေကို အခန်းဝမှာ ချိတ်ကလေးလုပ်ထားတယ်

အဲ့ကနေတဆင့် အရက်ပြန်ဖျန်းပီး ယူတယ်။

ကိုယ်က ပေးစရာရှိရင်လဲ အရက်ပြန်ဖျန်း ကျွတ်ကျွတ်အိပ်နဲ့ထုပ် ကျွတ်ကျွတ်အိတ်ကိုပါ အရက်ပြန် ထပ်ဖျန်းပြီးမှ ချိတ်ထားပေးတယ်။

အခန်းတံခါး လက်ကိုင် အတွင်း အပြင်ကို အရက်ပြန်ဖျန်းတယ်။

အောက်ကြမ်းပြင်တွေကို ဖျန်းတယ်။


Day-5🚨 ၁၄-၇-၂၀၂၁ (ဗုဒ္ဓဟူးနေ့)

----------

ကျွန်မ အတော်လေးကို ဖျားနေပါပြီ။

အလုပ်တွေ မလုပ်နိုင်တော့ဘူး။

အနံ့ စပျောက်ပြီ။

အဖျားက ၁၀၀ အောက်ဆီဂျင်ကတော့တချက် တချက် ၉၃ကိုကျတယ်။ 

ကိုယ့်ကိုကိုယ် ပထမဆုံး ငါ ကိုဗစ်ဖြစ်ပြီဆိုတဲ့ အသိဝင်လာပြီ။

ဒီ အသိဝင်လာတာနဲ့ ကျွန်မ မတုန်လှုပ်ပေမယ့် ကိုယ့်ကြောင့် ဘယ်သူမှ မကူးစေရဆိုတဲ့ အတွေးကပဲ ခေါင်းထဲ အရေးကြီး ဦးစားပေးဖြစ်ခဲ့တယ်။

ညီမလေးကို ဖုန်းဆက်ပြောပြတယ်။

ဖြစ်သမျှကို။ ညီမလေးက ရှင်းပြတယ် ပိုးက နေရာတိုင်းမှာ ရှိနိုင်လို့ အချိန်မရွေး ဖြစ်နိုင်ခြေရှိတယ်။ အစ်မ ကိုယ်ခံအားခဏလေးကျသွားတာနဲ့ ချက်ခြင်းကပ်ဝင်တော့တာပဲတဲ့။

ဒီစကားကို သတိထားမိသွားတယ်။ 

ကိုယ့်ကိုကိုယ် ကိုဗစ်ဖြစ်ပြီလို့ပဲ သတ်မှတ်လိုက်တော့တယ်။

ဖြစ်ချင်တော့ မိန်းခလေး Period ဖြစ်တဲ့ ရက်နဲ့ တိုက်တော့

စ ခံနေရပြီ။ အသက်ရှူတွေ သိပ်မဝတော့ဘူး။

အားနည်းလာပြီ။

ညဖက် ညီမလေးဆက်သွယ်ပေးတဲ့ ဆရာဝန်နဲ့ ဖုန်းပြောဖြစ်တယ်။ 

အဆုတ်ယောင်နေတဲ့ လက္ခဏာလို့ ပြောပြီး သောက်ရမယ့်ဆေးတွေ ပြောသွားတယ်။

နောက်မှ သတိထားမိတယ် ဆရာဝန်က ကိုဗစ်ဖြစ်နေပြီလို့ ပြောလိုက်ရင် ကြောက်မှာ စိုးလို့ ထင်တယ်။

တစ်ယောက်ထဲ ၂ပတ်နေပါလို့ သေချာမှာသွားတယ်။

တတ်နိုင်သမျှ လူတွေနဲ့ အထိအတွေ့ နည်းအောင် နေပါတဲ့။


Day-6 🚨 ၁၅-၇-၂၀၂၁ (ကြာသပတေးနေ့)

----------

ဆရာဝန်ညွှန်ထားတဲ့ ဆေးဝါးနဲ့ အစားအသောက်တွေ 

ညီမလေး ထပ်လာပို့ပေးတယ်။

အဖျားက ၁၀၀ က မကျဘူး။

လူက မထနိုင်တော့ဘူး။

ကိုယ်တွေလက်တွေ တဆစ်ဆစ်နဲ့ ကိုက်တယ်။

Period အတွင်းလဲ ဖြစ်ပြန်တော့ စုခံနေရတယ်။

အောက်ဆီဂျင် စကျလာပြီ ၉၀ ကို။

ဖြစ်ချင်တော့ ဝမ်းပါ စ သွားလာပြီ။

အရည်တွေ သွားပါတယ်။ တနေကုန် ၄ခါလောက်သွားတယ်။

အိမ်သာကို သွားဖို့ ခြေတစ်လှမ်းလှမ်းတိုင်း လူက မောတာ ဟိုက်နေတယ်။

ချောင်းက မျက်စိကျွတ်ကျနိုင်လောက်တဲ့ အထိ ပြင်းပြင်းထန်ထန်ဆိုးတယ်။

ညဖက် အောက်ဆီဂျင် ၈၅ထိကျတယ်။

မှောက်အိပ်တယ်။

ရေနွေးငွေ့ရှူတယ်။

ခေါင်းရင်း ကြက်သွန်နီ ၂ခြမ်း ထားအိပ်တယ်။

ဂွေးတောက်ရွက်ကို အိုးအကြီးထဲ ခြေထည့်ပြီး ခေါင်းရင်းမှာ ထားတယ်။ ရေနွေးထဲ ဆားထည့်ရှူတယ်။

ခံစားရမယ့် ကုသိုလ်ကံ ဝေဒနာအကျိုးပေးခြင်းပဲ ကွာတာလား...ကိုယ်ခံအားနဲ့ ပဲ ဆိုင်သလား မသိ။ အသက်ရှူကြပ်တာ မပျောက်။ အောက်ဆီဂျင်က ၈၅ ထိ ကျမြဲပဲ။ အများဆုံးပြန်တက်တာက ၉၀။ အဲ့ညက စ နောက်ရက်တွေကတော့ ငရဲခန်းပါပဲ။


Day-7 🚨 ၁၆-၇-၂၀၂၁ (သောကြာ)

------------

အဖျားမကျ။

ဝမ်းမပိတ်။

အောက်ဆီဂျင်ကျ။

အသက်ရှူရခက်။

ချောင်း အပြင်းအထန်ဆိုး။

တစ်ပတ်လုံးနီးပါး ဘာအလုပ်မှ မလုပ်နိုင်တော့

ရုံးက HR Manager အစ်မကို အကြောင်းကြားရပြီ။

နေကောင်းကျန်းမာမှ အကုန်သိမ်းကျုံးလုပ်မယ်ဆိုတဲ့ အလုပ်တွေလဲ ဘာတစ်ခုမှ မကိုင်နိုင်တော့။

အခင်ဆုံး အချစ်ရဆုံး မိတ်ဆွေ အစ်မ ၂ယောက်ကို ဖွင့်ပြောတယ်။

ရုံးမှာ ရန်ဖြစ်နေကြ သတ်ဖော်သတ်ဖက် မောင်နှမလို စနောက်နေကြတဲ့ အစ်ကို တစ်ယောက်ကို ဖွင့်ပြောပြတယ်။

အမှန်တော့ ကိုယ့်ကြောင့် ဘယ်သူ့ကိုမှ အလုပ်မရှုပ်စေချင်တာရယ်။ စိုးရိမ်နေကြမှာ စိုးလို့ရယ်။ မပြောခဲ့ဘူး။

ကျိတ်ခံနေခဲ့တာ။

လူအများကြီးကို မပြောဘူး။ ကိုယ့်ကို အပြစ်တင်နိုင်မယ့်သူတွေ အဆိုးမြင်တဲ့ သူတွေကို မပြောပြဘူး။ ဒီ လူတွေ ဖုန်းဆက်လာရင်လဲ မကိုင်ဘူး။ သူတို့ကို ဘာအကူအညီမှလဲ မတောင်းဘူး။

ရုံးက HRM အစ်မကြီးက ချက်ခြင်းပဲ ရုံးက ဒေါက်တာနဲ့ ချိတ်ပေးတယ်။ Emergency Team ကိုအကြောင်းကြားပေးတယ်။ လိုအပ်တာတွေ မေးတယ်။ သူ့တူလေး ဆရာဝန်ရဲ့ Contact Number တွေ ချက်ခြင်းပေးတယ်။

တဖက်မှာလဲ ရုံးက ဒေါက်တာက ကိုဗစ် လက္ခဏာတွေပြနေပြီလို့ အတည်ပြုလိုက်တယ်။

HRM က အရင်ဆုံး မေးတာက ဆေးရုံတက်ချင်လားတဲ့။

ဘာလုပ်ချင်လဲ မေးတယ်။

အိမ်နဲ့ တိုင်ပင်ကြည့်တော့ မိသားစုက လိုအပ်တာတွေ အရိပ်တကြည့်ကြည့်နဲ့ လုပ်ပေးနိုင်လို့ အိမ်မှာပဲ နေစေချင်တဲ့ အဖွဲ့က တစ်ပိုင်း ဆေးရုံမှာမှ ဆေးဝါးနဲ့ဆရာဝန် ကုသမှု အပြည့်အဝရမှာ မို့ တက်စေချင်တဲ့ အဖွဲ့က တစ်ပိုင်းပေါ့။

ကိုယ်ကိုတိုင်ကလဲ မိဘတွေနဲ့ ဆက်သွယ်ရလွယ်တဲ့ နေရာမှာပဲ နေချင်တာမို့ ဆေးရုံတော့မတက်ချင်ဘူးလို့ ပြန်ဖြေမိတယ်။ ရုံးဆရာဝန်ကလဲ ဆောင်ရန်ရှောင်ရန် မှာသွားပြီး လူငယ်လဲ ဖြစ်တယ် ကိုယ်ခံအားလဲကောင်းတဲ့ အရွယ်မို့ သက်သာလာလိမ့်မယ်လို့ သေချာပြောသွားတယ်။

အောက်ဆီဂျင် ၈၅ထိ ကျလိုက် ၉၀-၉၂ ထိပြန်တက်လိုက်နဲ့

မိုးလင်းထိ ကောင်းကောင်း အိပ်မရ

ရေနွေးထဲ ဆားထည့်ရှူတာလဲ မရ

ခေါင်းရင်းကြက်သွန်နီခြမ်းလဲ ထားအိပ်တယ်။

ဇလုံကြီးထဲ ဂွေးတောက်ရွက်ခြေထည့် ခေါင်းရင်းမှာ ထား အိပ် အစုံပါပဲ။

ဆရာဝန်တွေ ညွှန်သလို မှောက်အိပ်တယ် မဆိုစလောက်ပြန်တက်တယ်။

ကျွန်မကတော့ ကျောနောက်ခေါင်းဦးတစ်လုံးမှီထား

ရင်ဘတ်က တစ်လုံးပိုက်ထားပြီး ထထိုင်နေမှ ၉၆ထိ ပြန်တက်ပါတယ်။


Day-8 🚨 (၁၇-၇-၂၀၂၁) စနေနေ့

-----------

ကျွန်မဖျားတာ တစ်ပတ်တိတိပြည့်တဲ့နေ့ 

ညဖက်အိပ်လို့မရ အောက်ဆီဂျင်ကျတဲ့ အကြောင်း HRM အစ်မကို ပြောတော့ အောက်ဆီဂျင်အိုးဝယ်ဖို့ စ စုံစမ်းပေးကြပါပြီ။

ဇာတ်လမ်းက အဲ့ညမှာ စပါပြီ...

ရုတ်တရက်ကို အောက်ဆီဂျင်က အိပ်နေရင်း ၇၀ထိကျတယ်။

လူက ဘယ်လို ခံစားရသလဲဆိုတာ ပြောမပြတတ်အောင်ပဲ။ကျောကုန်းကို သံအလေးတုန်းကြီးနဲ့ ဖိထားသလို...

ရင်ဘတ်ထဲ ရေတွေ အပြည့် ဝင်နေသလို မွန်းပြီး လန့်နိုးလာတယ်။

မအိပ်ခင် ခြေအိပ်ဝတ်...ထက်လင်းရင်လူးဆေးလူး...

ရေနွေးငွေ့ရှူပြီးမှ အိပ်တာနော်..

အတတ်နိုင်ဆုံး စိတ်ငြိမ်အောင်ထားတယ်။

တစ်ယောက်ထဲ အခန်းထဲနေတာမို့ အသက်ကို ပြင်းပြင်းရှူပြီး Oximeter ကို ဓာတ်ပုံရိုက်နိုင်အောင်ကြိုးစားတယ်။

ဒါက Oximeter က SPO2 Result နဲ့ PRbpm ကို အရေးပေါ် ဆေးရုံတက်ရတဲ့ အခါ ဆရာဝန်ကြည့်နိုင်အောင်လို့။

ဓာတ်ပုံရိုက်ဖို့ပြင်တယ်ဆိုပေမယ့် လူက ချက်ခြင်း မလုပ်နိုင်။

မောနေတာရယ် အသက်ရှူရခက်နေတာရယ်။

ကိုယ် ဓာတ်ပုံရိုက်လိုက်နိုင်တဲ့ အချိန်မှာတော့ ၇၆ ဖြစ်သွားပြီ။ ၂မိနစ်လောက် ခံရပြီး ၇၇ ပြန်တက်တယ်။ အဲ့ကနေ ၈၅။

၈၆။ ၉၀ ကို မိနစ်လေးတွေခြားပြီး ပြန်တက်တယ်။

အနားမှာ လူတစ်ယောက်ရှိမှ အဆင်ပြေတော့မယ်ဆိုတာ သိလိုက်ရတယ်။ ချက်ခြင်း ဆရာဝန်တွေ ညွှန်သလို ခေါင်းအုံးတွေ ထပ်ပြီး မှောက်တယ် အသက်ပြင်းပြင်း ရှူတယ်။

တစ်ညလုံး မအိပ်ရဘဲ မိုးလင်းသွားခဲ့ရတဲ့ ရက်တွေပေါ့။

မျက်နှာနားတစ်ယောက်ယောက်က ယပ်တောင်နဲ့ ဖြေးဖြေးလေးခပ်ပေးနေမှ အသက်ရှူရတာ နဲနဲလေး အဆင်ပြေတယ်။


Day -9 🚨၁၈-၇-၂၀၂၁ (တနင်္ဂနွေနေ့)

-----------

နောက်တစ်ည သာ အောက်ဆီဂျင်မရှိဘဲ ဆက်နေရရင် တောင့်ခံနိုင်ပါ့မလားလို့ ကိုယ့်ကိုယ်ကို ပထမဆုံး စိုးရိမ်စိတ်ဝင်မိတယ်။

ကိုယ့်အဖြစ်ကို ကိုယ့်ကို တကယ်ထိထိရောက်ရောက် အကူအညီပေးနိုင်တဲ့ လူ အနည်းအကျဉ်းကိုပဲ မနက် ၅နာရီခွဲ ၆နာရီလောက်မှာ ဓာတ်ပုံတွေ ပို့ပြီး အကူအညီတောင်းလိုက်တယ်...

HRM အစ်မရယ်

မနွယ်..မသွယ် ညီအစ်မ ၂ယောက်ရယ်

ရုံးက ရန်ဖြစ်ဖော် ရန်ဖြစ်ဖက် အစ်ကိုရယ်

နိုင်ငံခြားရောက်နေတဲ့ အစ်ကိုအရင်းလို စောင့်ရှောက်တဲ့ မိသားစုချင်းရင်းနှီးကြတဲ့ သူရယ်

ညီမလေးနဲ့ ဖေကြီး မေကြီး တို့ရယ်


HRM အစ်မက သူ့အဖေ အတွက် အရေးပေါ်ဆောင်ထားတဲ့ 

40L အိုးကြီး ချက်ခြင်းအိမ်ကို ပို့ပေးတယ်..

ဒါတောင် အဲ့ဒီအစ်မရဲ့ အစ်ကိုကလဲ ဖြစ်နေတာကို ကိုယ်က ပိုအခြေအနေဆိုးလို့ဆိုပြီး အိမ်ကို ချက်ခြင်းလာပို့ပေးတယ်...ပထမဆုံး အသက်သခင်ကျေးဇူးရှင် 🙏🙏🙏

သူ့တူ ဆရာဝန်လေးက VC ခေါ်ပြီး အောက်ဆီဂျင်အိုး တပ်ဆင်ပုံ အသုံးပြုပုံပြပေးတယ်...လူနာ အခြေအနေကြည့်တယ် ထပ်သောက်ရမယ့် ဆေးဝါးတွေပြောတယ်..လိုအပ်တာတွေမှာတယ်...ဒုတိယ အသက်သခင်ကျေးဇူးရှင် 🙏🙏🙏

ရုံးက အစ်ကို က 10L တစ်အိုး သွားရှာငှားပြီး အိမ်အရောက်လာပို့ပေးတယ် 

တတိယ အသက်သခင် ကျေးဇူးရှင် 🙏🙏🙏

မောင်အကြီးကောင်လေးကလဲ သူ့အသိထဲက 10L တစ်အိုး သွားတောင်းပန်ပြီး ငှားလာပေးတယ်...တစ်ရက်အတွက်ငှားပေးလိုက်တယ်။

စတုတ္ထ အသက်သခင်ကျေးဇူးရှင်လေး 🙏🙏🙏

အောက်ဆီဂျင် အိုးတွေ ရပြီဆိုတော့ Refill ဖြည့်ဖို့ နေရာတွေကို တစ်ခုချင်းဆီ ဖုန်းဆက် စုံစမ်းပြီး လိုအပ်တဲ့ update သတင်းတွေကို messenger ကနေ မနွယ် မသွယ် ညီအစ်မက မပြတ်တမ်း ပို့ပေးတယ်...

ပဉ္စမ ကျေးဇူးရှင် အစ်မတွေ 🙏🙏🙏

နိုင်ငံခြားက အစ်ကိုကတော့ ဆောင်ရန် ရှောင်ရန်တွေ Messenger ကနေ မပြတ်ပို့ပေးတယ်...

အရေးပေါ် ဆက်သွယ်ဖို့ သူ့မိသားစု တစ်ယောက်ချင်း ဖုန်းနံပါတ်တွေ ပို့ပေးတယ်...

စားရမယ့် အစားအစာတွေ ညွှန်တယ်..

စိတ်ဓာတ်မကျအောင် အားပေးတယ်...

ညီမလေးကတော့ အောက်ဆီဂျင် ဝယ်ဖို့ ဖေကြီးနဲ့ မေကြီးနဲ့ တိုင်ပင်နေကြပြီ...ဆေးရုံတင်ဖို့လဲ စုံစမ်းနေကြပြီ...

အစိုးရ ဆေးရုံ ပုဂ္ဂလိက ဆေးရုံ ဘာရရ ဆိုပြီး

မနွယ် မသွယ်တို့ကလဲ အစိုးရဆေးရုံတွေ ပတ်စုံစမ်းနေပြီ

အဲ့ဒီအချိန် ကိုယ်က ဘာမှ မလုပ်နိုင်တော့ ဟစိ ဟစိနဲ့ 

စကားတစ်လုံး တစ်လုံးပြောဖို့ မောတာက လှိုက်...

သွေးတိုး ဆီးချို မရှိ...အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါ အခံမရှိ...ဒါနဲ့တောင် ကိုယ်မောနေတာ ဘေးက ကြားရတဲ့သူတွေ ဘယ်သူမှ စိတ်မကောင်းနိုင်ကြ...

အောက်ဆီဂျင် တွေ ရရချင်း နေ့လည်အချိန်တောင် ၈၅ ထိကျနေတဲ့ ကိုယ်..

ပိုက်တပ်ပြီး ပထမဆုံး အောက်ဆီဂျင် ဝဝလင်လင်နဲ့ အိပ်ခွင့်ရခဲ့တယ်..10L တစ်အိုးအကုန် ၃နာရီလောက်...

အမှတ်တရ FB ပေါ်မှာပဲ သိပြီး အပြင်မှာ တစ်ခါမှ မဆုံဖူးကြတဲ့ ဦးဖစ် (Fit) က messenger ကနေ လှမ်းမေးတာနဲ့ ကြုံလို့ အောက်ဆီဂျင်ပိုက်လေးတွေ လိုနေပါတယ် ပြောသွားတာ အိမ်တိုင်ရာရောက် လာပို့ပေးသွားတယ်...မိုးတော လေတောထဲ...ကျေးဇူးမမေ့ပါဘူး ဦးဖစ်ရေ 🙏🙏🙏

အဲ့ ညက အောက်ဆီဂျင် ၈၅ထိထပ်ကျ 10L နောက်တစ်လုံး ထပ်ရှူရ ...ထုံးစံအတိုင်း အိပ်မရ မိုးလင်းတဲ့ ည


Day-10🚨 (၁၉-၇-၂၀၂၁) တနင်္လာနေ့

------------

အဖျားက ၁၀၀ ကနေမကျ

ဒူးဆစ်တွေ လက်မောင်းရိုးတွေထဲကနေ အကောင်တစ်ကောင်ပြင်းပြင်းထန်ထန် ကိုက်သလို ခံစားရတာ နာလွန်းလို့ မျက်ရည်ပေါက်ပေါက်ကျတယ်...

အသက်ကြီးတဲ့သူတွေ ဒီ ဝေဒနာဆိုးကြီး ဘယ်လိုများ ခံစားနေရမလဲ ကိုယ်ချင်းစာမိတယ်...

ဝမ်းကလဲ သွားလိုက်တာမှ ဒလဟော

လူက မျော့မျော့ပဲ ရှိတော့တယ်။

ငါ့ကို ဘယ်သူမှ ဆက်မကုကြနဲ့တော့လို့ ပြောချင်လောက်တဲ့အထိ ပထမဆုံးအကြိမ် စိတ်ဓာတ်ပြင်းပြင်းထန်ထန် ကျမိတယ်...အောက်ဆီဂျင်က အများဆုံး ၉၂...မိုးရေတောထဲ အောက်ဆီဂျင်သွားတန်းစီပေးတဲ့ မောင်လေးတွေကို သနားလွန်းလို့ ၇၈ထိ ကျလဲ မရှူဘူး...အသက်ရှူလေ့ကျင့်ခန်း ကြိုးစားလုပ်တယ်...ညီမလေးရဲ့ အမျိုးသား မတ်ကလေးက ဆရာဝန်ပင့်လာပေးတယ်...ဆရာဝန်က drip ချိတ်ပေးတယ် ဆေးတွေ ထိုးပေးသွားတယ်...သွေးဖောက်စစ်ဖို့ ၂ပုလင်းယူသွားတယ်...နောက်ရက်တွေ ဆေး ၅ရက် ထပ်ထိုး ရဦးမယ်.. ပရုတ်ဆီနံ့ပြန်ရပြီ..

နေ့လည်မှာ အရသာ သိပြီ။

သူ့တူမ ဒီလောက်ဖြစ်နေတာကို ဖုန်းဆက်အကြောင်းမကြားလို့ဆိုပြီး အဒေါ်အငယ်ဆုံး အဖေ့ဆီ ဖုန်းဆက် ငိုတယ်။

တစ်ချက်တစ်ချက်တော့ စိတ်ဓာတ် ကျမိပေမယ့် ကိုယ့်ကိုကိုယ်မသေဖို့ အားတင်းထားတယ်။ ကိုယ့်ကို မသေစေချင်သေးတဲ့ ရသလောက် အသက်ဆွဲဆန့်ပေးချင်ကြတဲ့ ချစ်တဲ့သူတွေရဲ့ အားပေးမှုတွေ ကြိုးစားမှုတွေ ရှင်သန်စေလိုမှုတွေကြောင့် အသက်ဆက်ရှင်ဖို့ ဆက် အားတင်း ကြိုးစားနေဦးမယ်။

ခုဆို ၁၀ရက်ကျော်လာပြီ။ ဒီရက်တွေက သေမြေကြီး ရှင်ရွှေထီးရက်တွေပါပဲ။ 

ဒိုင်ယာရီလို မှတ်တမ်း သဘောမျိုး ရေးထားတာမို့ စာအိုင်သွားရင် ခွင့်လွှတ်ပါ။

အဓိက ပြောချင်တာက 👇👇👇

🚨ကိုဗစ်ဟာ တစ်ကယ်ကြောက်ဖို့ ကောင်းပါတယ်

ကူးစက်ခံရပြီဆိုရင် လူကို မသေသေအောင် နည်းမျိုးစုံနဲ့ တိုက်ခိုက်တဲ့ ကောက်ကျစ်တဲ့ ပိုးပါ။

🚨ပရိယာယ် မာယာလဲ အရမ်းများပါတယ်။ နေပြန်ကောင်းလာတဲ့ပုံ ဖမ်းလို့ ရေတွေချိုး ရေခဲသေတ္တာထဲက ပူတင်းတွေ ထကျိတ်လိုက်မိလို့ သေမတတ်ပြန်ခံရတာပါ။

🚨အအေး အရမ်းကြိုက်တဲ့ ပိုးပါ အအေးစာတွေ လုံးဝမစားသင့်ပါ။ အဆီအစိမ့်နဲ့ အချို လုံးဝရှောင်ပါ။

🚨ရေ လုံးဝ လုံးဝ မချိုးပါနဲ့။ အာ့ အက်ကောင်ထောင်ချောက်ဆင်တာပါ။ ချိုးမိရင် ငါးပါးမက သံဃာစင်ပါ မှောက်မှာပါ

(စိတ်ချရအောင် ၁၈ ရက်တိတိ ရေမချိုးပါနဲ့) 

🚨နဲနဲလေး သက်သာလာရင် အစားမစား ဆေးသောက်လို့မရအောင် လုပ်ပြန်ပါတယ် ။ ပျို့တယ် အန်တယ်။ ကျိတ်မှိတ်စားပါ။ စားပြီး လျှက်စားလေး ၁ကော်လောက် စားပြီး ပြန်မအန်အောင်လုပ်ပါ။

🚨အပူကျသွားရင် ချွေးအရမ်းထွက်ပါတယ်။ 

အဲ့ဒီအချိန် ဓာတ်ဆားကို နိုင်နိုင်သောက်ရပါတယ်။

ချွေးအမြန်ခြောက်အောင်သုတ် ဓာတ်ဆားကို မပြတ်တမ်းသောက်ရပါတယ်။ ဝမ်းပါသွားရင် တစ်နေ့ ဓာတ်ဆား ၂ထုပ် ၃ထုပ် ကုန်အောင် သောက်ပါ။ ဓာတ်ဆားမသောက်ရင် ရေဓာတ်ခမ်းပြီး သွေးထဲက အောက်ဆီဂျင် Level ကျစေသလို သွေးပစ်ပြီး ခဲသွားစေပါတယ်။ ဒီသွေးခဲတွေက အဆုတ်ရဲ့ Function တွေ လုပ်ငန်းဆောင်တာတွေကို ကစဉ့်ကလျား ဖြစ်စေတာပါ

🚨 ကျွန်မ Test kit နဲ့ မစစ်လိုက်ရပါဘူး

ဒါပေမယ့် Symptom တွေ အားလုံးက အရေးပြား အစက်မပေါ်တာနဲ့ မျက်စိမနီတာက လွဲလို့ P လက္ခဏာတွေအားလုံးပါပဲ။ ဒီမှာ ကျွန်မ ဘာကို သတိထားမိသလဲဆိုရင် အောက်ဆီဂျင်ကျတတ်တဲ့ အချိန်ပါ။ အမြဲ ည ၁၁ နောက်ပိုင်းဆို ကျပါတယ် မနက် ၃နာရီလောက်အထိ ကောင်းကောင်း ခံရပါတယ်။ ဒါကြောင့်မို့ ကိုဗစ် လူနာ အတော်များများ ညဖက် အောက်ဆီဂျင် အလုံအလောက်မရလို့ မနက်ဖက် အသက်ဆုံးရှုံးကြရတာပါ

🚨 ကျွန်မဟာ အိပ်ပျော်သွားရင် အသက်ရှူ ရပ်ရပ်သွားပါတယ်။ ဒါ ဘာကြောင့်မှန်းလဲ ကျွန်မမသိပါဘူး။ ဘေးနားက တစ်ချိန်လုံး OXIMETER ကြည့်ပေးနေတဲ့သူက ၇၀ကျော်ကျလို့ ပုတ်နှိုးတော့မှ ကျွန်မ ရေမွန်းသလိုအနေအထားနဲ့ အသက်ကို အပြင်းအထန်လု ရှူပြီး နိုးလာရတာပါ.

ဘေးနားမှာ လူနာစောင့် မရှိရင် သေမလား မပြောတတ်ပါဘူး..

မနေ့ကမှ အဖြေ တွေ့ပါတယ်..2ND WAVE မှာ ကူးစက်ခံရတဲ့ ရုံးက အစ်ကို တစ်ယောက် သတင်းလှမ်းမေးရင်းနဲ့ ပြောပြသွားတာက လူက အိပ်နေတဲ့ အချိန်မှ အသက်ရှူတာ အလိုလိုနှေးသွားပါတယ်တဲ့ အဲ့ဒီအချိန် သွေးထဲ အောကိဆီဂျင်ကလဲ အလိုလိုကျသွားပါတယ်တဲ့ အဲ့ဒီအချိန်အခါကို အခွင့်ကောင်းယူပြီး အဆုတ်က ကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့ အချိန်အခါ နဲ့ ကိုက်ညီနေတော့ ရုတ်တရက် အောက်ဆီဂျင် ထိုးထိုးကျရတာပါပဲတဲ့

ဒါကြောင့် ကိုဗစ်လူနာတွေ ညရောက်မှာ သိပ်ကြောက်ကြပါတယ် ကျွန်မ အပါအဝင်ပါ..

လူနာကို မျက်ခြေမပြတ် ကြည့်ပေးဖို့ လူနာစောင့် ရှိဖို့လိုပါတယ်။

လူနာကို ပစၴားလို့မရပါဘူး။

ကိုယ်ခံအား အတက်အကျအပေါ်လိုက်ပြီး အားလုံးတူညီစွာ ခံစားနေရတာက ပြင်းထန် အဆုတ်ယောင် ရောဂါပါ။

လူနာက သူ့ဘာသူ တစ်ဦးထဲ ရပ်တည်လို့ မရပါဘူး။

အရမ်းမောတယ် အားနည်းတယ် ကျွန်မဆို လက်တွေပါ တုန်ပါတယ်။ 

🚨အရေးအကြီးဆုံး အချက်က ရောဂါကိုယ့်ဆီမှာ ဖြစ်လာပြီဆိုရင် ကိုယ်ပေါ့ဆမိလို့လို့ ခံယူပါတယ်။ ကိုယ့်ကြောင့် ဘယ်သူ့ကိုမှ ထပ်မကူးရအောင် ဂရုစိုက်နေထိုင်တာ လူသားဆန်တဲ့ အပြုအမူပါ။ ကိုယ်ပေါ့ဆမိလို့ ကူးစက်ခံရပြီဆိုရင် သူများကို ထပ်မကူးစက်ရအောင် သတိထားပြီး ပေါ့ပေါ့ဆဆ ဘာကိုမှ မနေသင့်ပါ။

ကျွန်မ စားသောက်တဲ့ ပန်းကန်ခွက်ယောက်တွေ ရေနွေးနဲ့ ဆေးခိုင်းပါတယ်။ ကျွန်မ အဖေနဲ့ အမေကို ကျွန်မရှိရာ လုံးဝ လုံးဝ လုံးဝကို မလာစေပါ ဘူး။

ကျွန်မကို အနီးကပ် ပြုစုပေးနေတဲ့မောင်လေးကိုလဲ Mask နဲ့လက်အိပ်နဲ့ပဲ နေစေပါတယ်.

ကျွန်မကြက်ဥပြုတ် တစ်နေ့ ၂လုံး စားရင် သူ့ကိုလဲ စားခိုင်းပါတယ်။

ငှက်သိုက်နဲ့ ကြက်ပေါင်း တစ်နေ့ ၂လုံးသောက်ရင် သူ့ကိုလဲ သောက်ခိုင်းပါတယ်။ 

ဒါကြောင့် ကျွန်မ ပြင်းပြင်းထန်ထန် ဖြစ်ပေမယ့် အိမ်သားတွေ မကူးစက်ပါဘူး။


🚨Pron Position  က တစ်ကယ် ထိရောက်ပါတယ်။

ကြက်ပြုတ်ရည်လဲ မပြတ် သောက်သင့်ပါတယ်။

အိပ်ရေးဝဝအိပ် အားရှိအောင် များများစားပါ။

စိတ်ဓာတ်ကလဲ ၆၀% ဆိုင်သလို နွေးထွေးတဲ့ မိသားစုနဲ့ ဝိုင်းဝန်းကူညီစောင့်ရှောက်ကြတဲ့ မိတ်ကောင်းဆွေမွန်တွေ

ရှိခြင်းဟာလဲ ဆုလာဘ်ကြီး တစ်ပါးပါပဲ။


ကျွန်မတော့ နောက် ၄ ရက်လောက် ဆက်ပြီး အားတင်းကျော်ဖြတ်ရဦးမယ်။ ဆေးလဲ ၅ရက် ဆက်တိုက် ထိုးဖို့ အားမွေးရဦးမယ်။နောက်ရက်တွေမှ သောက်တဲ့ ဆေးတွေနဲ့ စားတဲ့ အစားတွေ ပြောပြပါ့မယ်။ စာရှည်သွားပေမယ့် ဒီစာထဲက ကျန်းမာရေး အသိ နဲနဲလောက်ပဲ ဖြစ်ဖြစ် တစ်ယောက်တစ်လေ ရသွားကြရင်ကို ကျွန်မ အားတင်းပြီး ရေးပြရကျိုး နပ်တယ်လို့ ခံယူပါတယ်။


ကျွန်မလို ပေါ့ပေါ့ဆဆ မနေမိကြပါစေနဲ့နော်။

ကိုဗစ်က တစ်ချိန်လုံးချောင်းနေတာပါ။

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ။ 

အရင်လိုပဲ ကျန်းမာတဲ့ ကမ္ဘာကြီး မြန်မြန် တွေ့ချင်လှပါပြီ။

🙏🙏🙏🙏🙏

(PS...ပုံတွေကိုတော့ ကျွန်မနာမည်တပ်ထားပါတယ်..

အများအကျိုးအတွက် တင်ထားတဲ့ Public Post က ကျွန်မပုံတွေကို ကိုယ်ကျိုးရှာပြီး မသုံးသင့်တဲ့ နေရာမှာ အသုံးချလို့ မရအောင်လို့ပါနော်။ ကိုယ်တွေ အောက်ဆီဂျင်သွားတန်းစီရမှ သိလာခဲ့တဲ့ ဇာတ်လမ်းတွေက သူများအောက်ဆီဂျင် ရှူနေရတဲ့ ပုံတွေပြပြီး အောက်ဆီဂျင်အလကားတွေ လျှောက်ဖြည့်ဖြည့် မတန်တဆ စျေးတွေနဲ့ ရောင်းစားနေကြတဲ့ ကိုယ်ကျိုးရှာသူတွေအကြောင်းပေါ့)


Crd