Saturday, July 24, 2021

ပြဿနာဇစ်မြစ် ဘူးနွယ်များ


       ရန်ကင်း ကလေးဆေးရုံမှာ လက်ထောက်ဆရာဝန် ၇၀ ဝန်းကျင်ရှိပါတယ် ။ နှစ်ယောက်ပဲ လုပ်ငန်းခွင် ပြန်ဝင်ကြတယ် ။ 
နောက်ပြီး နှစ်ရက်လုပ် သုံးရက်နားစနစ် နဲ့ အလုပ်ကြိုးစားပြနေတဲ့ စနစ်လို့ ကြားသိရတယ် ။ ဒီတော့ ကလေးလူနာ အနည်းငယ်ပဲ လက်ခံနိုင်သေးတယ် ။ လူနာ လက်ခံနိုင်စွမ်း မရှိတဲ့ ကုတင်လွတ်တွေကို ဖော်ရှိုးရိုက်ပြပြီး သတင်းပို့နေကြတယ် ။ 

      ရန်ကုန်ဆေးရုံကြီးမှာ covid  ကုသဆောင် အများကြီး ရှိတယ် ။ အနည်းငယ်ပဲ ဖွင့်နိုင်သေးတယ် ။ ဝန်ထမ်းမရှိလို့ အဲဒါကို အခြား ပိတ်ထားတဲ့ ပြင်ဆင်ပြီး ကုသဆောင်တွေကို ဖော်ရှိုးပြပြီး ကျန်းမာရေးဝန်ကြီးက အမှန်တိုင်း မတင်ပြပဲ နစက ကို လိမ်ညာနေတယ် ။ 

      ပိုဆိုးတာက ဆေးရုံအတွင်းရှိ တပ်ဆင်ပြီး အောက်ဆီဂျင်ပိုက်လိုင်းတွေဟာ ဘယ်လိုစနစ်နဲ့ တည်ဆောက်သွားသလဲ မသိဖူး ၊ အဆောင်အားလုံး ပေးပို့နိုင်မှ လည်ပတ်ဖို့ စက်မောင်းရန် အဆင်ပြေတဲ့ စနစ်လို့ သိရပါတယ် ။ ဒါကြောင့် ယခု အဆောင်နည်းနည်း အတွက် မောင်းမရဟု ဆိုကာ ပြင်ပမှ အောက်ဆီဂျင် ခွဲတမ်း ပြန်လုနေရသတဲ့ ။ (ဆရာဝန်တယောက် ရေးထားတာပါ) 

       အဲလို အဖြစ်မှန် သတင်းမှန်တွေ အခက်အခဲတွေ ချပြစမ်းပါ ကိုယ်ရာထူးတက်ချင်ရင်လည်း ဖြောင့်ဖြောင့်မတ်မတ် လုပ်ကြစမ်းပါ ။ တသက်လုံးက လုပ်လာကြတဲ့ ဘူးနွယ်လို လိမ်ပြီးမှ အပေါ်မတက်ချင်ပါနဲ့ ။ ဒီကိစ္စက ပြည်သူ့အသက်တွေ နဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ် ။

     နောက် မဖြစ်သင့်တဲ့ စျေးနှုံးတွေ ဖြစ်နေတဲ့ အောက်ဆီဂျင်ကိစ္စကို ထိမ်းချုပ်ရာမှာ နည်းစနစ် လွှဲမှားနေပါတယ် ။ မလိုအပ်ပဲ တဆင့်အမြတ်တင် ပြန်ရောင်းဖို့ တန်းစီနေတဲ့ လူတွေက အဓိက ပြဿနာပါပဲ ။ အဲဒါကြောင့် 40L တအိုး ရှစ်သိန်း ဆိုပြီး ဖြစ်ကုန်တာပါ ။ 

     နစက အနေနဲ့ထိမ်းချင်ရင် အလွန်လွယ်ပါတယ် ၊ တန်းစီတဲ့သူကို စစ်ဆေးလိုက်ပါ လူနာ လိပ်စာမေး ၊ ပြီးရင် ဟုတ်မဟုတ် အဲဒီလိပ်စာအတိုင်း သွားမေးမြန်း စစ်ဆေးကြည့်ပါ ချက်ခြင်း အတည်ပြုပြီး မဟုတ်ရင် ချက်ခြင်း ပြင်းထန်ထိရောက်တဲ့ ပြစ်ဒဏ်ချပစ်စမ်းပါ ။ လူ့အသက်နဲ့ စီးပွားရှာနေတဲ့ လူယုတ်မာတွေ ပပျောက်သွားပါမယ် ။ 

      နစကဟာ အဲလို ထိရောက်တဲ့ အလုပ်မလုပ်နိုင်ပဲ ထောက်ခံစာ တောင်းခိုင်းနေတော့ ထောက်ခံစာ ရေးပေးသူတွေ လာဘ်စားဖို့ ဂွင် ဖြစ်ပါမယ် ။ 

       ယနေ့ သေဆုံးရသူတွေကို လှောင်ပြောင်ခြင်း ဝမ်းသာပြခြင်းတွေကတော့ သေဆုံးသူတွေရဲ့ သမိုင်းတွေပါပဲ ။ သို့သော် သေသူအားလုံးကို မကောင်းလို့ သေကြရတဲ့သူတွေ အဖြစ် နှစ်ဖက်လုံးက ပြောနေကြတာ ဆင်ခြင်သင့်ပါတယ် ။ ဝမ်းနည်းပူဆွေးနေကြရတဲ့ သက်ဆိုင်ရာ မိသားစုတွေကို စာနာခြင်း အားဖြင့်ပေါ့ ။

      တကယ်တန်းကျတော့ အတိတ်ဘဝရဲ့ အထောက်အပံ့တွေကြောင့် ကံ  ကံ၏ အကျိုးကို ခံစားကြရတာပါ ။ အချို့လူကြီးတွေဆိုရင် မီးစာကုန် ဆီခမ်းချိန်မှာ တိုက်ဆိုင်စွာ သေဆုံးကြရတာတွေ ဖြစ်ပါတယ် ။ 

       အောက်ဆီဂျင် ရလို့ ရှင်သန်သူတွေ နဲ့ နှိုင်းယှဥ်ပြီး မရလိုက်လို့ သေဆုံးခဲ့ရသူတွေအတွက် ကျန်တဲ့ မိသားစုတွေ စိတိဆင်းရဲ နေကြမှာပါပဲ ။ တရားသဘောအရ ကြည့်ရင် ပြုပြင်မရတဲ့ အတိတ်ဘဝကံရဲ့ အထောက်အပံ့ကွာတာလို့ပဲ နှလုံးသွင်းနိုင်ရင် စိတ်သက်သာရာ ရနိုင်ပါလိမ့်မယ် ။

       လူသတ်မှု ဖြစ်တယ် ဆိုပါစို့ ။ ဆင်းရဲသား ကျောထောက်နောက်ခံ မရှိသူက သေဒဏ် ချမ်းသာပြီး အဆက်အသွယ်ကောင်းသူ ၊ အာဏာပိုင်တွေ နဲ့ ပတ်သက်သူကျတော့ ချုပ်ရက်လောက်နဲ့ ပြီးပြတ်သွားတာ တွေ့ဖူးကြမှာပါ ။

       ပြစ်မှုတူ နှစ်ယောက်မှာ သေဒဏ်ကျခံရသူဟာ အတိတ်ဘဝကံ ညံ့ဖျင်းခဲ့လို့ဖြစ်ပြီး ၊ လွတ်သွားသူဟာ ငွေကြေးကြောင့် ဖြစ်စေ ၊ အာဏာပိုင်နဲ့ အဆက်အသွယ်ကြောင့် ဖြစ်စေ ကာကွယ်ပေးမှု ခံစားရတာဟာ သူ့ရဲ့ အတိတ်ကံက ဖေးမတာပါပဲ ။ 

        မိသားစု အသက်ရှင်သန်ရေးအတွက် ငွေကြေးပြည့်စုံသူတွေဟာ ကြိုတင်ပြင်ဆင်ပြီး အောက်ဆီဂျင် စုထားတာကို အပြစ်တင်လို်လည်း မရပါဘူး ။ သူက တတ်နိုင်တာကိုး ဗျ သူချစ်တဲ့ မိဘတွေ ၊ သားသမီးတွေ အတွက် ကြိုတင်ကာကွယ်ကြမှာပဲလေ ။ 

           တကယ်တန်းကျတော့ တပ်ချုပ်ကြီးဟာ နိုင်ငံရေးပါး မဝပါဘူး ။ အခုချိန်မှာ နိုင်ငံ့ဘဏ္ဍာကို သွန်သုံးပြီး ပြည်သူတွေရဲ့ အဓိက လိုအပ်ချက်တွေကို ဖြည့်ဆီးပေးရင် သူနာမည်ကောင်း ရပါပြီ ။ 

     ဒါပေမယ့် ရူးကြောင်ကြောင် ဘူးနွယ်တွေရဲ့ သတင်းလိမ်တွေနဲ့ အားရကျေနပ်ပြီး အောက်ခြေက သတင်းမှန်တွေ ပြည်သူ့အသံတွေကို အနီအုပ်စုက ဝါဒဖြန့်နေတာပါ ဆိုပြီး သူကိုယ်တိုင် ကျေကျေနပ်နပ် အလိမ်ခံနေတာ အင်မတန်ညံ့ဖျင်းတဲ့ ခေါင်းဆောင်မို့ပါပဲ ။ 

        ကျနော်သာဆိုရင် လက်ထဲ ငွေမရှိလည်း အောက်ဆီဂျင်လိုမျိုး အရေးပေါ်လိုနေတာ အတွက် အကြွေးဝယ်မယ်ဗျာ ၊ လိအြပ်ချက်ထက် လျှံထွက်နေအောင် ဝယ်ပြီး အလျှင်မြန်ဆုံး ဖြန့်ပေးမယ် ။ 

    ရုရှား (ဝါ) တရုတ်ကနေ ဒေါ်လာ တစ်ဘီလီယံ ချေးပြီး တအိမ်ထောင် တသိန်းနှုံး ဝေပစ်မယ် ဗျာ အဲဒါ ဒေါ်လာ သန်း ၄၀၀ လောက်ကုန်မယ် ။ လော့ဒေါင်းချပြီး ပြန့်နှံ့နှုံး လျှော့မယ် ။ 

      ယာယီ Q စင်တာတွေ များစွာ ဖွင့်ပြီး ကယ်လို့ ရသလောက် ကုသကယ်ဆယ်မယ် ။ သန်း ၆၀၀ ဆိုတာ အများကြီး ကယ်လို့ ရနေပါပြီ ။ 

     အခုတော့ ဘူနွယ်တွေရဲ့ အစီရင်ခံစာတွေ နဲ့ သာယာနေပြီး ထိရောက်တဲ့ စီမံမှုတွေ မလုပ်ပေးတော့ မူလဆန့်ကျင်ဖက် အနီအုပ်စုရဲ့ ကဲ့ရဲ့ ပြစ်တင်မှုသာ မကဖူး ထောက်ခံသူတွေရဲ့ အားမလို အားမရ ရွံရှာမှုတွေပါ ခံနေရတာ မြေပြင် လက်ရှိ အမှန်တရားပါပဲ ။ 

        မျိုးဝင်း