Monday, July 26, 2021

သမိုင်းတခု အတွက် ဝမ်းနည်းခြင


        ကျနော် ဖုန်းပြောဖူးတဲ့ ရှားရှားပါးပါး fb မိတ်ဆွေဟောင်း ဗိုလ်ကြီး မြင့်ဦးတို့ လင်မယား ရက်ပိုင်းခြားပြီး ကွယ်လွန်ခဲ့ကြရရှာပါပြီ ။ 

       Mizzima သတင်းဌာနကနေ ထုံးစံအတိုင်း လုပ်ကြံသွေးခွဲပြီး ဒေါ်စုကြည်ကို ဓနုဖြူ သေနတ်နဲ့ပစ်ဖို့ လုပ်ခဲ့တဲ့ ဗိုလ်ကြီး covid ဖြစ်တော့ စစ်ဆေးရုံက လက်မခံလို့ သေဆုံးခဲ့ကြောင်း ယုတ်မာစွာ လုပ်ကြံပြီး သတင်းတင်ထားပါတယ် ။ 

      အနီလူယုတ်မာတွေက ဟ ဟတွေ နဲ့ လူမဆန်စွာ သရော်စော်ကားထားတာလည်း မနည်းလှပါဘူး ။ ဗိုလ်ကြီးရဲ့ သမီးကြီးဖြစ်သူက သူမဖခင်ဟာ စစ်ဆေးရုံမှာ ကောင်းမွန်စွာ ကုသခံရင်း သေဆုံးခဲ့ရခြင်း ဖြစ်လို့ လုပ်ကြံ အပုပ်ချထားတဲ့ Mizzima ကို တရားစွဲဖို့ ကြော်ငြာပို့စ် တင်ထားပါတယ် ။ 

        တချိန်တုန်းက ကျနော်ရေးခဲ့ဖူးတဲ့ The Lady ဇာတ်ကားထဲက သေနတ်တွေ ရှေ့ရင်ကော့ထားတဲ့ ဇာတ်ဝင်ခန်း ဖြစ်ရပ်မှန် ကို အချို့ ဖတ်ဖူးကြပါလိမ့်မယ် ။ အဲဒီ သေနတ် နဲ့ ချိန်ထားတဲ့ စစ်သားတွေကို ခေါင်းဆောင်ခဲ့တာ အထက်က ဗိုလ်ကြီး မြင့်ဦးပါပဲ ။ 

      သူဘဝ သူ့စိတ်ဓာတ်ကို အနည်းငယ် ဖော်ပြချင်ပါတယ် ။ 
၁၉၉၀ ဝန်းကျင်မှာ သဘာဝဘေး ဒုက္ခသည်တွေ အတွက် ထောက်ပံ့ပစ္စည်းပေးရာမှာ အားလုံးအတွက် မလုံလောက်တဲ့ ပစ္စည်းအနည်းငယ်ကို ရပ်ကျေးတာဝန်ခံများထံ လွှဲပေးရာမှာ သူ့လက်အောက်က အရာရှိတယောက်ဟာ အနည်းငယ် ကဲ့ ယူထားပါတယ် ။ 

     ဗိုလ်ကြီးမြင့်ဦးသိသွားတော့ အလှူပစ္စည်းဆိုတာ မယူကောင်းကြောင်း ပြေပြီး ထပ်မံပေးပို့စေခဲ့ပါတယ် ။ အဲဒါ အငြိုးထားပြီး လိမ်လည်ကာ တိုင်းမှူးကို တိုင်တယ် ။ တိုင်းမှူး စစ်ဆေးတော့ အမှန်တရားအတိုင်း ပေါ်လာပြီး တိုင်သူပဲ အရေးယူခံခဲ့ရပါတယ် ။

     စစ်သားပီသတဲ့ ဗိုလ်ကြီးမြင့်ဦးဟာ ဓနုဖြူမှာ လုံခြုံရေး တာဝန်ထမ်းဆောင်စဥ် ဒေါ်စုကြည်နဲ့ ပြဿနာ ဖြစ်ခဲ့ကြပါတယ် ။ ၁၉၈၉ မှာ ဒေါ်စုကြည်တို့ စည်းရုံးရေး ဆင်းတော့ ရေလမ်းခရီးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ရဲစခန်း၊ မြို့နယ် NLD  ရုံးတို့နဲ့နီးတဲ့  ရန်ငြိမ်းအောင် (ကြား သင်္ဘောဆိပ်) ဆိပ်ကမ်းကထွက်ခွာပြီး ပြန်လာရင်လည်း .....ရန်ငြိမ်းအောင်ဆိပ်ကမ်းမှာပဲ ဆိုက်ကပ်ဝင် ရောက်ရန် ကြိုတင်ညှိနှိုင်းသဘောတူထားကြပါတယ်။

      ဒါပေမယ့် စည်းမဲ့ကမ်းမဲ့ ဒေါ်စုကြည်ဟာ လူစုလူဝေးဖြစ်နိုင်တဲ့ ဓနုဖြူ မြို့မစျေးဓမ္မာရုံထိပ်က ပိတောက်ပင်ဆိပ်ကမ်းကိုရွေးပြီးတက်ခဲ့လို့ ဒီလိုထိပ်တိုက်တိုးမှု ပြဿနာကြုံရတာ ပါ။ 

      စစ်သားပီပီ သူ့ကို စာထုတ် အမိန့်ပေးထားတဲ့ အတိုင်း အဆင့်ဆင့်သော တားဆီးခြင်းကို ချိုးဖောက်လာတဲ့ အတွက် ဗိုလ်ကြီးမြင့်ဦးဟာ သူအပါအဝင် ရဲဘော် ခြောက်ဦးထဲနဲ့ အဲဒီ ဒေါ်စုကြည်တို့ လူအုပ်ကြီးကို ပစ်ခတ် နှိမ်နင်းဖို့ ပြင်ဆင်ပါတယ် ။ 

      ဒေါ်စုကြည်ဟာ လူအုပ်အလည်မှာ ရောက်နေပြီး ရုပ်ရှင်ထဲကနေ သေနတ်ပြောင်းရှေ့ လာမရပ်ပါဘူး ။ 

     အဲဒီအချိန်မှာ ဗိုလ်မှူး တင်ဖေအေး နဲ့ ဗိုလ်မှူးမောင်ထွန်း တို့ ရောက်လာပြီး ဗိုလ်ကြီးမြင့်ဦးကို ဒါဟာ နိုင်ငံရေး လုပ်နေတာ ရှေ့တန်း မဟုတ်ဖူး ဆိုကာ နှုတ်မိန့်ပေးပြီး တားဆီးခဲ့ပါတယ် ။ 

      စာထုတ်ပြီး စနစ်တကျ ပေးထားတဲ့ အမိန့်ကို ယခုလို ပစ်ရမယ့် အချိန်ကြမှ နှုတ်မိန့်နဲ့ ဖြစ်သလို ဇွတ်လာတားနေလို့ ဗိုလ်ကြီး မြင့်ဦးဟာ အထက်အရာရှိတွေရဲ့ ပြုလွယ်ပြောင်းလွယ် မတည်ကြည်မှုကို ရွံရှာ ဒေါသထွက်ပြီး သူ့ပုခုန်းပေါ်က အရာရှိဘားကို ဆွဲခွာ လွှင့်ပစ်တဲ့ အထိ စိတ်ဆိုးခဲ့ပါတယ် ။ 

     အဲဒါကို အောင်မြင်သူ ဆိုတဲ့ တပ်ထွက်အရာရှိတဦး နဲ့  Dr စစ်တင် ဆိုသူတို့က ပုံပြင်ဆန်ဆန် ပုံဖျက်ရေးသားခဲ့ပါတယ် ။ နမူနာ တင်ပြပါရစေ..... 

{ဗိုလ်ကြီးတစ်ဦး ခေါင်းဆောင်တဲ့ စစ်သားဆယ်ဦးခန့်က ပိတ်ဆို့တားဆီးထားတယ်။ ဗိုလ်ကြီးကရှေ့ဆက်လျှောက်လာပါက... သေနတ်နဲ့ပစ်မယ်လို့ အသံချဲ့စက်နဲ့အော်နေပါတယ်။ သူကပစ္စတိုသေနတ်နဲ့ ဒေါ်စုနဲ့ကျွန်တော်တို့ဘက်ကို အသင့်ချိန်ထားသလို ဘေးကရဲဘော်တွေကလည်း လက်နက်တွေနဲ့ဒူးထောက်ပြီးအသင့်ချိန်ထားတယ်။ ကျွန်တော်တို့ လူငယ်တွေ မဆုံးဖြတ်ရဲဖြစ်နေချိန်မှာ ဒေါ်စုကရှေ့ဆုံးက (ပုံပါအတိုင်း) ဆက်လျှောက်ခဲ့တယ်။

အဲဒီအချိန်မှာ ၎င်းဗိုလ်ကြီးထက်ရာထူးကြီးတဲ့ ဗိုလ်မှူးတစ်ဦးရောက်လာပြီး ပစ္စတိုသေနတ်ကိုဖယ် လိုက်မှအေးချမ်းသွားခဲ့ပါတယ်။ သို့သော်လည်း ဗိုလ်ကြီးကစိတ်ဆိုးပြီးလူအများရှေ့မှာ သူ့ပခုံးပေါ်ကအပွင့် တွေကို ဆွဲချွတ်ကာလွှင့်ပစ်လိုက်ပုံကို မျက်စိထဲစွဲထင် ကျန်ရစ်ခဲ့တယ်။

     ဒီအဖြစ်အပျက်မှာပါဝင်ခဲ့တဲ့ဗိုလ်မှူးနဲ့ ရင်းရင်းနှီးနှီး ပြန်ဆုံဖြစ်တယ်။ သူပြောပြချက်အရ သေနတ်နဲ့ပစ်မယ့် ဗိုလ်ကြီးက ရာထူးတိုးသွားပြီး တားမြစ်ခဲ့တဲ့ ဗိုလ်မှူးဖြစ်တဲ့သူက စစ်တပ်ကအနားယူခဲ့ရတယ်။

      ဗိုလ်ကြီးကို ဘယ်လိုပြော ပြီး အမိန့်ပေးခဲ့သလဲလို့မေးမိပါတယ်။

      ဒုတိယဂဠုန်ဦးစော မဖြစ်ပါစေနဲ့လို့ . . . ပြောပြီး သေနတ်ဖယ်ဖို့ အမိန့်ပေးခဲ့တာပါတဲ့။}

         အဲဒါ အကျဥ်းချုပ် ဆောင်းပါးပါပဲ ။ အဲသလို ဖြီးဖြန်းလိမ်ညာလေ့ရှိတဲ့ အနီလော်ဘီတွေကို ကာယကံရှင် ဗိုလ်ကြီးမြင့်ဦးကနေ အဆိုပါ သတင်းဌာနသို့ ကိုယ်တိုင်သွားရောက် တန်ပြန် ဆောင်းပါးပေးပြီး စိန်ခေါ်ခဲ့ပါတယ် ။

     လူလိမ်တွေ ဖြစ်တဲ့ Dr စစ်တင် ရော အောင်မြင်သူကော လုံးဝ တွေ့ဆုံ ဖြေရှင်းခြင်း မပြုရဲကြပါဖူး ။ 

     ဗိုလ်ကြီး မြင့်ဦးထံ ကျနော် ဖုန်းဆက်မေးမြန်းပြီး အဖြစ်မှန်ကို ပို့စ်တင်ပေးခဲ့ဖူးပါတယ် ။ 

     ယခုအခါ ဗိုလ်ကြီးမြင့်ဦး သေဆုံးပြီးမှ ပြန်လည် ပွထလာသော ဖြစ်စဥ်အတွက် သမိုင်းတခုကို ထပ်မံ တင်ပြလိုက်ရခြင်း ဖြစ်ပါတယ် ။ 

     စာရှည်ရင်လည်း သည်းခံပါ ဗိုလ်ကြီးမြင့်ဦးရဲ့ အင်တာဗျူးကို လေ့လာပြီး ဘယ်သူက ဘယ်လို လူစားဆိုတာ သိနိုင်ကြဖို့ အင်တာဗျူးကိုပါ တွဲဖက် တင်ပြလိုက်ရပါတယ် ။ 

     မေး။ ။ ဒေါက်တာစစ်တင်ရဲ့ ဒုတိယဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆောင်းပါးမှာ အချက် အလက် အချို့မှားနေတယ်လို့ ပြောတယ်နော် ။ဘယ်အချက်တွေ မှားနေတာပါလဲခင်ဗျား။
 
ဖြေ။ ။ ၁ ။  ။ ၄၊၄၊ ၁၉၈၉ ရက်နေ့ ဓနုဖြူမြို့မှာ အဲဒီ ဖြစ်စဉ်ဖြစ်တုန်းက ကျွန်တော့်ကို အမိန့်ပေးတဲ့ ဗိုလ်မှူး တင်ဖေအေးက ကျွန်တော့်ကိုဒုတိယ ဂဠုန်ဦးစောဖြစ် သွားမယ်ဆိုတာမျိုးလုံးဝမပြောခဲ့ပါဘူး။ ၂ ။ ။အဲဒီဖြစ်စဉ် မှာပါဝင်တဲ့ တပ်မတော်သားတွေက ဆယ်ယောက် မဟုတ်ဘူး၊ ကျွန်တော်အပါအဝင်မှ ခြောက်ယောက် တည်း၊၊ ၃။ ။ ဒူးထောက်ပြီးပစ္စတိုနဲ့ချိန်ထားတာ မဟုတ်ဘူး။ ရဲဘော်တွေကပဲ သေနတ်နဲ့ချိန်တာ (သေနတ်တွေကို ကျည်ထိုးမထားသေးဘူး) ၄။  ။ဖြစ်စဉ် ဖြစ်တုန်းမှာဒေါ်စုက ရှေ့ကတက်လာတယ်ဆိုတာ မဟုတ်ဘူး။ ဒေါ်စုကလူငယ်တွေ ဝိုင်းထားလို့ အလယ်မှာရောက်နေတာ။ ၅။  ။ ကျွန်တော့်ကို အမိန့်ပေးတဲ့ဗိုလ်မှူး တင်ဖေအေးတပ်ကထွက်ရတယ်ဆို တာမမှန်ဘူး။ သူဟာသူ အရပ်ဘက်ရောက်သွားပြီး ပင်စင်ယူသွား တာ။ ဒီဖြစ်စဉ်ကြောင့် ကျွန်တော်ရာထူးတိုးတယ်ဆို တာလည်း မမှန်ဘူး။
 
မေး။ ။ မှန်တဲ့အချက်ကရောဗျ။
 
ဖြေ။ ။ ပခုံးပေါ်က ဘားတွေချွတ်ပြီး မြေပေါ်လွှင့်ပစ်တယ်ဆိုတာတော့ မှန်တယ်။
 
မေး။ ။ ဘာကြောင့်ဒီလိုလွှင့်ပစ်တာလဲဗျ၊ဒေါ်စုကို မပစ် ရလို့လား။
 
ဖြေ။ ။ လုံးဝမှားတယ်။ လူအတော်များများကလည်း ခင်ဗျားမေးသလိုပဲထင်နေကြတယ်။ ဒေါ်စုကို မပစ်ရ လို့မဟုတ်ဘူး။ 
အဲဒီအချိန်တုန်းက ကျွန်တော့်ကို အမိန့် ပေးတဲ့သူတွေက သူတို့ပေးတဲ့အမိန့်ကို သူတို့ကိုယ်တိုင် ပဲ ပြန်ဖျက်လို့ ကျွန်တော်ကစိတ်တိုပြီး ဘားတွေဖြုတ် လွှင့်ပစ်တာပါ။
 
မေး။ ။ သူတို့ပေးတဲ့အမိန့်ကို သူတို့ကိုယ်တိုင်ပဲ ပြန်ဖျက်တယ်ဆိုတာက။
 
ဖြေ။ ။ ဒီလိုပါ၊ အဲဒီတုန်းက သူတို့ကကျွန်တော့်ကို အမိန့်ပေးထားတယ်။ ပါးစပ်နဲ့မဟုတ်ဘူး။ စာရွက်နဲ့ကို ထုတ် ပေးထားတာပါ။ စာရွက်ထဲမှာ ဘယ်လိုအနေအထား မျိုးမှာဆိုပစ်ပါလို့ အမိန့်ပေးထားတယ်။ 
ပစ်ရမယ့် အနေ အထားလည်းရောက်ရော၊ မပစ်နဲ့လို့ပြောပြန်တယ်။ ဒါကို မကျေနပ်လို့ ဘားတွေဖြုတ်ပြီးလွှင့်ပစ်တာ။ ဒေါ်အောင်ဆန်းစုကြည်ကို မပစ်ရလို့ မဟုတ်ဘူး။
 
မေး။ ။ အဲဒီကာလမှာ ဒေါ်အောင်ဆန်းစုကြည် အပေါ် ဘယ်လိုသဘောထားလဲ ၊ မုန်းတီးတာမျိုးရှိလား။
 
ဖြေ။ ။ မရှိဘူး၊ ဒေါ်စုအပေါ်ချစ်ခြင်း၊ မုန်းခြင်းမရှိဘူး။ သူ ဗိုလ်ချုပ်သမီးဖြစ်တယ်။ နိုင်ငံခြားမှာနေတယ်။ ဒါပဲ သိတယ်။ ဒါပေမယ့် အဲဒီအချိန်က တာဝန်ကျေတဲ့၊ အမိန့်နာခံတဲ့ စစ်သားတစ်ယောက်တော့ဖြစ်ချင်ခဲ့ တယ်။
 
မေး။ ။ အဲဒီအချိန်ကတားမယ့် လူမရှိခဲ့ရင်ဒေါ်အောင် ဆန်းစုကြည်နဲ့ လူအုပ်ကြီးကို တကယ်ပစ်မှာလား။
 
ဖြေ။ ။ ပစ်မယ်၊ ပစ်ဖို့လည်းအမိန့်ပေးထားတယ်။ ဒါပေမယ့် စည်းမဲ့ကမ်းမဲ့ပစ်မှာတော့ မဟုတ်ဘူး၊ စစ်တပ်ကသင်ထားပေးတဲ့အတိုင်းပဲပစ်မယ်။
 
မေး။ ။ စစ်တပ်က သင်ထားပေးတယ်ဆိုတဲ့ ပုံစံက။
 
ဖြေ ။ ။ အဓိကရုဏ်းနှိမ်နင်းရေးပေါ့၊ ပထမစည်းသုံးခုကို တားမယ်။ စည်းသုံးခုကို မကျော်ဖို့ပြောမယ်။ မိုက်နဲ့ အော်မယ်။ စည်းသုံးစည်းကျော်လာရင်တော့ပစ်မယ်။
 ပစ်မယ်ဆိုတဲ့ နေရာမှာ ပထမဆုံး လူအုပ်ကိုကျော်ပြီး မိုးပေါ်ထောင်ပစ်မယ်။ အဲဒါမှ မရရင် ရှေ့က အလံကိုင်သူ၊ ဒါမှမဟုတ် လှုံ့ဆော်သူကို ခါးအောက်ပိုင်း မသေနိုင် တဲ့နေရာကို ရွေးပစ်မယ်။
 
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်တို့ လူအုပ်နဲ့ တွေ့တဲ့ အချိန်မှာ ပစ်ဖို့ အဆင်သင့်ဖြစ်နေပြီလား။
 
ဖြေ။ ။ မဖြစ်သေးဘူး၊ သေနတ်တွေ အားလုံးမှာ ကျည် တောင် မထိုးထားသေးပါဘူး။ အကယ်၍လိုအပ်လို့ ပစ်ခဲ့ရရင်တောင် Auto  မပစ်ဖို့၊ တစ်ချက်ချင်းပဲပစ်ဖို့ ကျွန်တော့်ရဲဘော်တွေကိုမှာ ထားတယ်။
 
မေး။ ။ အခုလိုလာရှင်းတဲ့ ရည်ရွယ်ချက်က။
 
ဖြေ။ ။ ကျွန်တော့်ကို ဂဠုန်ဦးစောနဲ့ နှိုင်းတာမကြိုက်ဘူး။ နောက်ကျွန်တော့်မျိုးဆက်ကိုလည်းအရောင်မစွန်း ထင်းစေချင်ဘူး။ ဒါကြောင့်လာရှင်းတာပါ။
 
မေး။ ။ ဓနုဖြူဖြစ်စဉ်မှာတုန်းက ဒေါ်အောင်ဆန်းစုကြည် အပေါ် ချစ်ခြင်း ၊ မုန်းခြင်းမရှိဘူးလို့ပြောခဲ့တယ်။ အခု ကျတော့ရော။
 
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်မှာ လေးစားအားကျ အတုယူစရာတွေအများကြီးရှိတယ်။ တချို့ ယောက်ျား ကြီးတွေထက်သာတဲ့သတ္တိသူ့မှာရှိတယ်။ တခြား အားကျစရာ၊ လေးစားစရာတွေလည်းရှိတယ်။ ဒါပေမယ့် သမ္မတဖြစ်ချင်တယ်လို့ပြောတာမျိုးတော့မကြိုက်ဘူး။
 
မေး။ ။ ခင်ဗျားဒုတိယ ဂဠုန်ဦးစောတော့မဟုတ်ဘူး၊ ဒါပေမယ့် ဒုတိယဂဠုန်ဦးစောတွေရော ထပ်ပေါ်လာနိုင်သေးလား။
 
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ကြည်ညိုတဲ့ သူများတယ်။ သူ့ရဲ့အောင်မြင်မှုကို မနာလိုတဲ့သူတွေ လည်းရှိတယ်။ ဆိုတော့ ဒုတိယဂဠုန်ဦးစောဆိုတာလည်း ပေါ်ကောင်းပေါ်လာနိုင်တယ်။
 
စာရေးသူ ကိုယ်ရေးအကျဉ်း
ကလောင်အမည်    -    စစ်ဗိုလ် Captain လေး
အမည်အရင်း        -    ဗိုလ်ကြီးမြင့်ဦး
                                (ဒု/ညွှန်ကြားရေးမှူး (ငြိမ်း)                                        လယ်/ဆည်ဝန်ကြီးဌာန)
မွေးသက္ကရာဇ်         -   ၁၅.၆.၆၁
မွေးရပ်                  -  တိုက်ကြီးမြို့၊
                                ရန်ကုန်တိုင်းဒေသကြီး
ပညာအရည်အချင်း -    BA  (Myanmar)
တပ်မတော်တွင်တာဝန်
ထမ်းဆောင်ခဲ့သည့်ကာလ   -   ၁၉၈ဝ မှ ၁၉၉၂
လိပ်စာ   -         မြောက်ဥက္ကလာ၊ ရွှေပေါက်ကံမြို့သစ်

           ကွယ်လွန်သွားရပါသော နိုင်ငံသားကောင်း ဗိုလ်ကြီးမြင့်ဦး အတွက် ပြန်လည်တင်ဆက်လိုက်ရပါတယ် ။ သံသရာ ခရီးလမ်းဟာ သာယာဖွယ်အတိဖြစ်နေမယ်လို့ ယုံကြည်စွာနဲ့......

       မျိုးဝင်း