Tuesday, July 20, 2021

ဗဒင် & မဂွမ်း Vs န စ က


ဖြစ်စဥ် (၁)

-----------

         ဗဒင်ဆိုတဲ့ တေးရေးဆရာတ​ယောက် သူရေးထားတဲ့ သီချင်းလေးတွေကို အဲဒီခေတ်က နာမည်ကြီး အဆိုတော် ဂျေမောင်မောင် ၊ ဂျေညီညီ နဲ့ အခြားသူတွေဆီ သွားရောင်းတယ် ။   


        သူ့သီချင်းတွေကို ဘယ်မဆိုတော်ကမှ မဝယ်ဖူး ။ ဒါနဲ့ သူ့ဘာသာ ဆိုပြီး စီးရီးခွေ ထုတ်လိုက်တယ် ။ ''နေရာ '' ဆိုတဲ့ ဗဒင်ရဲ့ စီးရီးခွေဟာ ၁၉၉၄ ဝန်းကျင်မှာ မြန်မာတနိုင်ငံလုံး တောရောမြို့ပါ ကြိုက်လိုက်တာ သူ့ရဲ့ အောင်​မြင်မှုစံချိန်ကို ယနေ့ထိ ဘယ်သူမှ မချိုးနိုင်လောက်သေးပါဖူး ။ 


      မထင်မှတ်ပဲ အဆမတန်ပေါက်သွားတဲ့ ဗဒင်ဟာ နောက်ထပ် စီးရီး တခု ထပ်ထုတ်တယ် ။ ဟုတ်ကဲ့ သူ့ရဲ့ ဒုတိယ စီးရီး ကတော့ ကျနော်ဖြင့် ခေါင်းစဥ်တောင် မသိတော့ပါဖူး ။ လုံးဝ မအောင်မြင်တဲ့ စီးရီးပါပဲ ။ 


     ဘယ်လိုဖြစ်တာလဲ သုံးသပ်ကြတော့ ပထမဆုံး စီးရီးမှာ အစွမ်းကုန် ကြိုးစားလုပ်ထားတော့ ဒုတိယ စီးရီးမှာ အစွမ်းတွေ ကုန်သွားပြီး မပေါက်တာလို့ ရီစရာ အဖြစ် ကောက်ချက်ချကြပါတယ် ။ 


ဖြစ်စဥ် (၂)

-----------


        ရွာတရွာမှာ ယက္ကန်းနာမည်ကြီး မဂွမ်းဆိုတာ ရှိပါတယ် ။ သူများ တလလောက် ယက်ယူရတဲ့ အဆင်ဆန်းကို မဂွမ်းသာ စိတ်ပါလက်ပါ ရက်ရင် တရက်နဲ့ ပြီးသတဲ့ ။ အရောင်အသွေး အဆင်အကွက်ကလည်း ငေးကြည့်လောက်အောင် ဆန်းပြားခမ်းနားလွန်းလို့ အင်မတန် နာမည်ကြီးပါတယ် ။


      အဲဒီလောက် နာမည်ကြီးတဲ့ မဂွမ်းဟာ ၉၆ ပါးရောဂါနဲ့ ဆုံးပါးသွားပြီးမှ မဂွမ်းသတင်းကြောင့် သူ့လက်ရာကို စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တယောက်က လာပြီး စုံစမ်းပါတယ် ။ 


     မဂွမ်းသေသွားပြီဆိုတော့ ဒါဆို သူ့လက်ရာလေး ကြည့်ပါရစေလို့ တောင်းဆိုပါတယ် ။ ရွာလူကြီးက ပြောပါတယ်.....


"အင်း မဂွမ်းက စိတ်ပါ လက်ပါ ယက္ကန်းရက်ရင် သူများတလစာကို တရက်နဲ့ ပြီးတာရယ် လက်ရာကလည်း အင်မတန် ဆန်းကျယ်တဲ့ သတင်းက အမှန်ပဲ ငါတို့က ကိုယ်တွေ့ကိုး ကွ ဒါပေမယ့် မင်းကို မဂွမ်းရဲ့ လက်ရာ ပြပေးဖို့ မဖြစ်နိုင်တော့ဖူး ကွ ''


"ဗျာ ဘာဖြစ်လို့လဲ ဗျ ကျနော်က ဝယ်မသွားပါဖူး နာမည်ကြီးလွန်းလို့ မြင်ဖူးယုံ ကြည့်သွားချင်တာပါ ''


"အဲဒါ ခက်တာပဲ ကွ အပျိုကြီး မဂွမ်းက သူ့တသက်မှာ စိတ်ပါလက်ပါ ရက်သွားတာ တကြိမ်ထဲ ရှိတာကွ သူ့လက်ရာ အဆင်ဆန်းကို သူသေတော့ တခါတည်း ထည်း ပေးလိုက်လို့ ဟေ့ ''


ဖြစ်စဥ် (၃)

-----------


       မြန်မာပြည်မှာ ဗုဒ္ဓဘာသာဝင်အပေါင်းဟာ အနီကြောင်တစုကလွဲရင် ၂၀၁၆ ကနေ ၂၀၂၀ အထိ အင်မတန် စိတ်ဆင်းရဲခဲ့ကြရတယ် ။ ဘာသာ သာသနာ အတွက် စိုးရိမ်ကြီးစွာ ဘုရားတနေခဲ့ကြရတယ် ။ 


        ၂၀၂၀ မဲခိုးပြီး အာဏာသက်ဆိုးရှည်ဖို့ ယုတ်မာစွာ လုပ်ကြတော့ ဗုဒ္ဓဘာသာဝင်တွေ အသက်ထွက်လုခမန်း စိုးရိမ်ကြရပါပြီ ။ နောက် ငါးနှစ်ဆို သေချာပါပြီ ပြည်ပျက်ဖို့ နဲ့ ဘာသာပျောက်ဖို့ ပေါ့ ။ 


     ဒီတော့ အားကိုးဖွယ် နောက်ဆုံးခံတပ် တပ်မတော်ကို တိုင်တယ် ကူညီကြဖို့ အားထုတ်ကြပါတယ် ။ အဲဒါနဲ့ NLD မဲသူခိုးတွေ အစိုးရထပ်ဖွဲ့ဖို့ အောင်မြင်ရန် နောက်ဆုံးနေ့ နောက်ဆုံးအချိန်ကြမှ တပ်မတော်က အာဏာသုံးရပ်လုံး ရယူကာ တိုင်းပြည်အား ကယ်တင်ခဲ့ကြပါတယ် ။ 


     ဘာသာ သာသနာအတွက် ဗုဒ္ဓဘာသာ အပေါင်း ရင်အေးရပေပြီ ။ ကျန်တဲ့ စီပွားရေး ၊ နိုင်ငံရေး ၊ ပညာရေး ၊ ကျန်းမာရေး ကိစ္စတွေ အတွက် နစက အနေနဲ့ သက်တောင့်သက်သာ ဖြေရှင်းနိုင်မှာပါလို့ ယုံကြည် ယူဆခဲ့ကြပါတယ် ။ 


        တကယ့်အရေးကြတော့ ခြောက်လသာ ​ပြည့်တော့မယ် နစက ရဲ့ စွမ်းဆောင်ရည်တွေဟာ အားရဖွယ် ဘာတခုမှ မတွေ့ရသေးပါဖူး ။ 


     ကဏ္ဍပေါင်းစုံမှာ အရေးကြီးတဲ့  ဥပဒေ စိုးမိုးရေး ကြည့်ပါ ။ သူခန့်ထားတဲ့ အုပ်ချုပ်ရေးမှုးတွေ ကိုတောင် သူကာကွယ်မပေးနိုင်တဲ့ နစက ရဲ့ အရည်အသွေး နဲ့ အရည်အချင်း မူဝါဒ ။ 


      ပညာရေး မှာ သစ္စာရှိ Non CDM တွေ ကို ချီးမြှောက်ဖို့ အသာထားအုံး CDM တွေ ဖိတ်ခေါ်ပြီး ပြန်လည်မြှောက်စားနေလို့ Non CDM တွေ ပြန်ကြောက်နေရပါတယ် ။ 


        စီးပွားရေးကတော့ ကုန်စျေးနှုံးတွေ အဆမတန် တက်နေတာ ဘာမှ မလုပ်ပဲ စာထုတ်နေတဲ့ စီးပွားကူးသန်း ၊ covid နဲ့ တရားဥပဒေ မစိုးမို့လို့ PDF ကြောင့် လုပ်ငန်းတွေ မလည်နိုင်လို့ ဝင်ငွေပျောက်နေတဲ့ ကိစ္စ ဘာတခုမှ အဆင်ပြေအောင် မစွမ်းနိုင်သေးဖူး ။ ကိုယ့်ငွေကို ဘဏ်အပ်ထားတာတောင် မဆင်ပြေပြေ ပြန်မရအောင် လုပ်ထားတဲ့ စီမံချက် ။


     ကျန်းမာရေး ကတော့ CDM ဆရာဝန်တွေ ယုတ်မာသွားတမျိုး ၊ PDF GZ တွေ နှောက်ယှက်နေတာ တမျိုး ၊ တဆယ်ဖိုး လုပ်ပြပြီး တထောင်ဖိုး ကြွားပြနေတဲ့ အလိမ်အညာ စီမံချက်တွေ နဲ့ ပြည်သူတွေလည်း သေချင်းဆိုးလ ထဲက ထွက်မရတာ ကြာပြီ ။ 


      ကဲ နစက အနေနဲ့ ဘာဖြစ်လို့ အဲသလောက် စုတ်ပြတ်နေအောင် ချာတူးလန်နေတာလည်း စဥ်းစားမရဖူး ဗျာ ။ 


      ဗဒင်လို အစွမ်းကုန် ထုတ်ပြီး အာဏာသိမ်းလိုက်ရလို့ အဲဒီ အလုပ် တခုထဲနဲ့ အစွမ်းတွေ ကုန်သွားတာလား ။ 


     အပျိုကြီး မဂွမ်းလို သေသာသွားတယ် တသက်လုံးမှ တခါပဲ စိတ်ပါလက်ပါ ယက္ကန်း အထည်ဆန်း ရက်သွားသလို အာဏာသိမ်းတာတခုထဲ နဲ့ တသက်လုံး တခါပဲ စိတ်ပါလက်ပါ လုပ်နေတာလား မေးချင်မိပါရဲ့ ဗျာ ။ 


       ကျုပ်တို့အားကိုးနေရတဲ့ တပ်မတော်ကြီးရဲ့ အရည်အချင်း အစစ်က ဒါပဲလားလို့ မေးခွန်းထုတ်ချင်ပါတယ် ဗျာ ။ တပ်မတော်သမိုင်း ရိုင်းတော့မှာလား ဗျ ။


       မျိုးဝင်း