Friday, July 9, 2021

ဗိုလ်နဲ့ လက်ထပ်လိုက်ရင် အပြစ်ကလွတ်ရောလား


တပ်မတော်ထောက်ခံသူ မိသားစု နီပိန်းများက အုံလိုက်ကျင်းလိုက် ဘဝဖျက်ခဲ့ကြပြီး တပ်ကလည်း အကာအကွယ်မပေး၊ ရဲကလည်း အကာအကွယ်မပေး မိသားစု လုံခြုံရေးအတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ မိသားတစ်စုအကြောင်း

(ဗိုလ်ကတော် ဖူးသက်သက်အောင်က ဒလန်စွပ်စွဲပြီး လူမှုကွန်ရက်ပေါ်ဖွခဲလို့ အသက်ရန်ရှာခံရ၊ စီးပွားပျက် ဘဝပျက် ခဲ့ရတဲ့ မိသားစုဝင်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထာတာကို အများပြည်သူ သိရှိနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။)

MNP - မင်္ဂလာပါ အမရေ။ အမတို့ ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရလဲ။
ဖြေ - အခုအခြေအနေကတော့ အမတို့ အိမ်မှာကို မနေရဘူး။ ထွက်ပြေးနေရတာပါ။ 

MNP - အမတို့ နေထိုင်ရာ နေအိမ်တွေ ဗုံးခွဲခံရတယ်။ ပြဿနာရှာခံရတယ်လို့ ကြားတယ်။ အခြေအနေလေးတွေ ပြောပြပါအုံး။
ဖြေ - အမတို့ နေထိုင်တာက မန္တလေး၊ ၅၅လမ်း ထောင့်က ကျွန်မတို့ အိမ်ပါရှင်။ လိုင်းပေါ်မှာလည်း တင်ထားခံရပါတယ်။ အဲဒီအိမ်နံပါတ်ကို လိုင်းပေါ်တင်ထားကြတာပါ။ 

MNP - အမတို့ကို ဘယ်သူတွေက လုပ်နေတာလဲဆိုတာကို ပြောပြပါ။
ဖြေ - စပြီး အမတို့ကို ဒလန်လို့ စွပ်စွဲတာက အမတို့ ဘေးအိမ်ကပ်ရပ်မှာပဲ မြေပွဲစား ဦးသိန်းမြင့်အောင်၊ ဒေါ်ခင်မာဝင်းရဲ့ သမီး အိမ်နာမည် မီးငယ်ပေါ့။ နာမည်အပြည့်အစုံက ဖူးသက်သက်အောင်ပါ။ သူက ဒလန်လို့ စပြောတဲ့ အကြောင်းအရာက အမတို့အိမ်ရှေ့ကို ကာချုပ်ပုံတွေ ကြက်ခြေခတ်ပြီး လာကပ်တယ်ပေါ့နော်။ အမတို့ ကားဂိုဒေါင်ရှေ့မှာ လာကပ်တော့ အမအမျိုးသားကလည်း တပ်မတော်ထောက်ခံသူဆိုတော့ အဲဒီလိုတွေ ကပ်တာမကြိုက်တော့ အမတို့က ခွာလိုက်တယ်။ ခွာလိုက်တော့ ခွာနေတာကို ဓာတ်ပုံတွေ ရိုက်ပြီး ဒလန်မိသားစုဆိုပြီး လိုင်းပေါ်ကို တင်လိုက်တယ်။ ၃လပိုင်း ၂ရက်နေ့က လာကပ်တယ်။ ၂-၃-၂၀၂၁ ညမှာပေါ့နော် အမတို့အိမ်ကို ပထမဆုံး ခဲနဲ့ထုတယ်။ တုတ်တွေ၊ ဓားတွေနဲ့ လာဝိုင်းတယ်။ ဒလန်မိသားစုထွက်ခဲ့စမ်း၊ ဒလန်ကောင် ထွက်ခဲ့စမ်းပေါ့နော်။ အမအမျိုးသားကိုဆိုရင် ဓားနဲ့တောင် ခုတ်မယ့်ပုံစံမျိုး လုပ်တယ်။ ၃ခါတိတိ အဝိုင်းခံရတဲ့အခါမှာ အမတို့မိသားစု ၄ရက်နေ့မနက် ၄နာရီကျော်လောက်မှာ အမတို့ မြင်းခြံကို ထွက်ပြေးလာရတယ်။ သူတို့က ထပ်ပြီးတော့ ချမ်းမြသာစည်သတင်း၊ မန္တလေးသတင်းစုံတွေမှာ ကျွန်မတို့ မိသားစုပုံတွေ အကုန်လိုက်တင်ကြတယ်။ ကျွန်မတို့ မိသားစုက သူတို့ သံပုန်းတီးတဲ့အချိန်အခါမှာလည်း မတီးဘူး။ သူတို့လှုပ်ရှားမှုတွေနဲ့ သီးသန့်ခွဲထွက်နေတယ်။ အဲဒါကြောင့် သူတို့က ပိုပြီး ဒုက္ခပေးတော့တာပဲ။ ဒလန်မိသားစု မြင်းခြံထွက်ပြေးတယ်ဆိုပြီး အမရဲ့ မြင်းခြံအိမ်လိပ်စာတွေပါ တင်တယ်။ 

MNP - အမတို့က အဲဒီလိုတွေ ဖြစ်တဲ့ အချိန်မှာ တပ်တို့၊ ရဲတို့ကို အကူအညီမတောင်းဘူးလား။
ဖြေ - အဝိုင်းခံရတဲ့ညမှာ အောင်ပင်လယ်ရဲစခန်းကို ဖုန်းဆက်ပြီး အကူအညီတောင်းတယ်။ မလာနိုင်ဘူးတဲ့။ မြဝတီတို့ မြန်မာ့အသံတို့မှာ ကြေညာတဲ့ဖုန်းတွေလေ အကူအညီဆိုရင် ဆက်သွယ်ပါဆိုတဲ့ ဖုန်းနံပါတ်တွေကို ဆက်တယ်။ မလာကြဘူး။ ကိုယ့်ကိုယ်ကိုပဲ ကာကွယ်ပါဆိုပြီး အဲဒီလိုပဲ ပြောကြတယ်။ ဘယ်သူမှ မလာဘူး။ ဒီအတိုင်းဆိုရင်တော့ မဖြစ်ခြေဘူး။ မိသားစု (၃)ယောက်ထဲနဲ့ ဘယ်လိုမှ မတွန်းနိုင်ဘူးဆိုပြီး အမတို့ မြင်းခြံကို ထွက်ပြေးလာရတာပါ။ ထွက်လာတော့လည်း မြင်းခြံ group၊ ကလေး group တွေမှာ အကုန်တင်တာ။ ကိုနေနီအောင်၊ ဒေါ်အိသန္တာမိုး အိမ်နံပါတ် ၂၇၊ ၅၅လမ်း အဲဒီလို အတိအကျတွေ တင်တာ။ အမတို့အိမ်ကို ဒလန်ဆိုပြီးတော့ အဲဒီလိုတွေ တင်တယ်။ အမတို့တွေလည်း သူတစ်ပါးကို ဒုက္ခပေးခဲ့တာ မရှိဘူး။ တပ်မတော်ကို ထောက်ခံတာကလွဲပြီး အမတို့ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး။ 

MNP - အမတို့က အခုလို အလုပ်ခံရတာတွေနဲ့ ပတ်သက်လို့ အမှုဖွင့်တိုင်တန်းတာမျိုးရော မလုပ်ခဲ့ဘူးလား။
ဖြေ - မြင်းခြံမှာနေတော့ ဘေးအိမ်တွေက ဒီအတိုင်းမနေနဲ့။ သူတို့ဒုက္ခပေးတာတွေကို မိတ္တူကူး၊ အမှုသွားဖွင့်ဆိုတော့ အမအမျိုးသား ကိုနေနီအောင် မြင်းခြံကနေပြီးတော့ မန္တလေးကို ဆိုင်ကယ်နဲ့ သွားတယ်။ အမှုဖွင့်တဲ့အခါကြတော့ တိုင်းရုံးမှာ သွားပြီးဖွင့်တယ်။ တိုင်းရုံးကနေပြီး အောင်ပင်လယ်ကို ပြန်လွှဲတယ်။ အောင်ပင်လယ်စခန်းက နယ်ထိန်းအင်ချပ် ဝင်းပိုင်တဲ့။ သူ့ဆီမှာ အမှုဖွင့်တဲ့အခါကြတော့ ဖူးသက်သက်အောင်ရယ်၊ တုတ်တွေ ဓားတွေနဲ့ ဝိုင်းတဲ့အချိန်မှာ ဦးဆောင်တဲ့ ဗိုလ်ကြည်၊ လဲ့လဲ့ဝင်း မိသားစုရယ် ကျန်တဲ့သူတွေကိုတော့ အပေါင်းအပါများလို့ ဖွင့်ခဲ့ပြီးတော့ ဖူးသက်သက်အောင်ရယ်၊ ဗိုလ်ကြည်ရယ်၊ ကြည်သာလဲ့လဲ့ဝင်းရယ် (အိမ်နာမည် နန္ဒာဝင်း) အဲဒီ(၃)ယောက်ကို အမှုဖွင့်ခဲ့တယ်။  ၅၀၅-က နဲ့ ဖွင့်တာပါ။ 

MNP - အဲဒီလို အမှုဖွင့်ပြီးတော့ရော ဖမ်းမပေးဘူးလား။
ဖြေ - ၁၁-၅-၂၀၂၁ ညက သူတို့ကို ဝင်ဖမ်းတယ်။ ဝင်ဖမ်းမယ့်ကိစ္စကို ဝင်းပိုင်က ကြိုသတင်းပေး လိုက်တော့ ရှောင်နေကြတယ်။ မမိလိုက်ဘူး။ အဲဒါကို အဲဒီကောင်မတွေက ကိုနေနီအောင်က ပျူစောထီးအဖွဲ့နဲ့ သူတို့အိမ်တွေကို ဝင်ပြီး ရမ်းကားသွားပါတယ်ဆိုပြီး ထပ်တင်တာ။ တကယ်ဝင်ဖမ်းတာက ရဲနဲ့ တပ်နဲ့ ဝင်ဖမ်းတာလည်း ဖြစ်ချင်ဖြစ်မယ်။ သူတို့ဘက်က တင်နေကြတာတွေကတော့ ကိုနေနီအောင်က လေးမျက်နှာဘုရားထဲမှာ ရဲတွေနဲ့ တပ်တွေနဲ့၊ သူ့မယားကို ရဲနဲ့ ပေးပေါင်းထားတွေရော တင်ပြီး ထပ်လှုံ့ဆော်ကြတယ်။ အမတို့မှာ ဘာမှ ရှင်းပြလို့လည်း မရဘူး။ ဘယ်သူ့ဆီက အကူအညီမှလည်း မရဘူး။ မန္တလေးမှာ ၂-၆-၂၀၂၁ ရက်နေ့က Apexဘော်ဒါကို တပ်က ဝင်စီးတယ်။ အမတို့က ၅၅ ထိပ်ဆိုရင် Apex က ၅၄ ထိပ်။ ယှဉ်ရပ်လမ်းမကြီးပေါ့။ အဲဒီကိစ္စကိုလည်း အမတို့ကို ထပ်ပြီး နာမည်တပ်လိုက်သေးတယ်။ PDF တွေ အဖမ်းခံလိုက်ရတာ ကိုနေနီအောင်က လက်ညှိုးထိုးပြီး လိုက်ပြတာဆိုပြီးတော့ ထပ်တင်ပြန်ရော။ အဲဒီလိုတွေကနေ ၃-၆-၂၀၂၁ ရက်နေ့မှာ အမတို့ မြင်းခြံအိမ်ကို ဗုံးခွဲခံရတယ်။

MNP - ထိခိုက်ပျက်စီးမှုအခြေအနေ ဘယ်လိုဖြစ်ခဲ့သလဲ။
ဖြေ - လူတော့ မထိခိုက်ဘူး။ အမရဲ့ သမီးအကြီးမလေးကတော့ နားဆီကို ထိသွားတယ်။ နားအူနေတာပေါ့။ အခုထိ ပြန်မကောင်းသေးဘူး။ လူတော့ အထိအခိုက်မဖြစ်ဘူး။ အိမ်ပျက်စီးတယ်။အခန်းနှစ်ခန်း အက်ကွဲသွားတယ်။ ဆိုင်ကယ် အင်ဂျင်လောင်သွားတယ်။  ကြောင်တစ်ကောင်သေတယ်။ 

MNP - အဲဒီလို ဖောက်ခွဲခံရတော့ရော ဘာအကူအညီရလဲ။
ဖြေ - အမတို့ မြင်းခြံရဲစခန်းကိုလည်း အကူအညီတောင်းတယ်။ တပ်ကိုလည်း အကူအညီတောင်းတယ်။ တစ်ယောက်မှ လာမကူညီပါဘူး။ အခုထိ အမတို့ မိသားစု မန္တလေးအိမ်မှာလည်း နေလို့မရတော့သလို၊ မြင်းခြံအိမ်မှာလည်း နေလို့ မရတော့ဘူး။ အသိမိတ်ဆွေတွေက ခေါ်ပြီး စောင့်ရှောက်ပေးထားလို့ အခုလောလောဆယ်တော့ လုံခြုံနေသေးတယ်။ 
ထပ်ပြီးသိရတဲ့ အခြေအနေက ကာချုပ်ကြီးမွေးနေ့၊ (၃-၇-၂၀၂၁) ရက်နေ့က အမတို့ကို ဒုက္ခပေးတဲ့ ဖူးသက်သက်အောင်ဆိုတာက နေပြည်တော်စစ်ရုံး၊ ကွန်ပျူတာဌာနမှာ တာဝန်ယူထားတဲ့ ၂၀၁၉ခုနှစ်က ရုရှားကနေ ပညာတော်သင် ပြန်လာတယ်။ ဗိုလ်မျိုးသူကျော်တဲ့။ သူ့ရဲ့ ကိုယ်ပိုင်နံပါတ်က ကြည်း- ၆၇၇၂၉ တဲ့။ အပတ်စဉ် ၅၆ ဆင်းတဲ့။ 

MNP - အမတို့ မန္တလေးအိမ် အခြေအနေကရော၊ 
ဖြေ - မန္တလေးအိမ်က ပိတ်ထားရတယ်။ အောက်ထပ်မှာ ဆိုင်ခန်းတွေ အငှား ထားတာလည်း မနေကြတော့ဘူး။ စီးပွားရေးက ဘာမှ လုပ်လို့ မရသလို သူများအကူအညီနဲ့ စားသောက်နေရတယ်။ အမတို့မှာ အဝတ်သုံးစုံပဲ ပါလာတယ်။ 

MNP - ဒီအချိန်မှာ အလုပ်ပျက် အကိုင်ပျက်၊ စီးပွားပျက် ဖြစ်နေတဲ့အခြေအနေမှာ တာဝန်ရှိသူတွေကို ဘာများ တင်ပြချင်တာ ရှိသေးလဲ။
ဖြေ - အမတို့ မိသားစု လုံခြုံချင်တယ်။ အမတို့ကို မြေကွက် လိမ်ရောင်းထားတဲ့ မိသားစု တစ်စု ရှိတယ်။ အဲဒီအမှုကို အမက တရားမမှုအနေနဲ့လည်း နိုင်လိုက်တယ်။ နိုင်လိုက်တဲ့အခြေအနေမှာ ရုံးကိစ္စတွေလည်း အသက်အန္တရာယ်ကြောက်လို့ မသွားနိုင်ဘူး။ သူတို့က သင်္ကြန်ပြီးရင် ဖယ်ပေးမယ်ဆိုပြီး နေနေတာ။ အခုချိန်အထိ မဖယ်ပေးဘူး။ အဲဒီလူတွေကို NLDက ဦးမြင့်လွင်ဆိုတဲ့ သူက အကာအကွယ်ပေးထားတာတဲ့။ ပေးထားတဲ့ ဝိုင်းတန်ဖိုးလည်း ပြန်မရသလို၊ ဝိုင်းကွက်ထဲကနေလည်း ဖယ်မပေးဘူး။ စာရွက်စာတန်းတွေကတော့ အမဆီမှာ အကုန်ရှိတယ်။ 

MNP - မြင်းခြံအိမ်မှာ ပေါက်ကွဲတဲ့အခြေအနေကို ပြန်ပြောပြပါအုံး။ မိသားစုရှိနေတဲ့ အချိန်မှာ ပေါက်ကွဲသွားတာလား။
ဖြေ - ဟုတ်တယ်။ အမရဲ့ အဖေ အသက် ၈၇နှစ်အရွယ် အဖိုးအိုရှိတယ်။ အမသမီးကြီး ရှိတယ်။ အမရဲ့ အမကြီး အကြီးဆုံး ဒေါ်မော်မော်ဆွေ ရှိတယ်။ လာခွဲတဲ့ကောင်တွေက ဘောင်းဘီအနက်၊ အင်္ကျ ီအနက် ဝတ်ထားတယ်။ ရှာထိုးဦးထုပ် အနက်ဆောင်းထားတယ်။ ဆိုင်ကယ်က Dream ဆိုင်ကယ် အစုတ်လေးနဲ့ လာတယ်။ ဖုန်းပြုတ်ကျ ကျန်ခဲ့တဲ့အချိန်မှာ အမရဲ့ အမကြီးက ပြေးကောက်တယ်။ သူတို့က ပြန်လှည့်ပြီး လက်ဦးသွားတော့ ဖုန်းမရလိုက်ဘူး။ အဲဒီလို ဖြစ်နေတာတွေကို ပတ်ဝန်းကျင်က အကုန်မြင်တယ်။ ညနေပိုင်းကြတော့ တစ်အိမ်ကျော်က ဆရာမဆီကို ဖုန်းစိမ်းနဲ့ ဆက်လာပြီး အဲဒီအိမ်မှာ ဗုံးကွဲတာ လူသေလားလို့ စုံစမ်းတယ်တဲ့။ ဆရာမတွေကတော့ မသေဘူးလို့ ပြောလိုက်တာပေါ့။ အဲဒီလို မေးပြီး မကြာဘူး။ လိုင်းပေါ်မှာ ဒလန်နေနီအောင် မသေဘူးဆိုပြီး တက်လာပြန်ရော။ လာလုပ်တာတော့ အသေလုပ်တာပေါ့။ 

MNP - အဲဒါကို ဘယ်သူက ရေးတာလဲ။
ဖြေ - ဖူးသက်သက်အောင်ဆီက post တက်လာတယ်။ ဒလန် နေနီအောင် မသေဘူး။ မြင်းခြံအိမ်မှာ နေတာမဟုတ်ဘူး။ လေးမျက်နှာဘုရားထဲက စစ်ဗိုလ်ဆီမှာ ရှိတယ်ပေါ့။ စစ်ခွေးတွေအောက်မှာ ခိုလှုံ့နေတယ်ပေါ့။ ဂုဏ်သိက္ခာကျအောင် အကုန်အလုပ်ခံရတယ်။ ကျွန်မသက်သေတွေ အကုန်သိမ်းထားတယ်။ 

MNP - မန္တလေးအိမ်ကို ပြဿနာရှာလို့ ၅၀၅-က နဲ့ ဖွင့်ထားတဲ့သူတွေ ဖမ်းမိပြီလား။
ဖြေ - မဖမ်းပေးပါဘူး။ မဖမ်းပေးတဲ့အပြင်ကို အောင်ပင်လယ်စခန်းက နယ်ထိန်းအင်ချပ် ဝင်းပိုင်က ပြစ်မှုကင်းရှင်းကြောင်း တစ်ယောက်ကို ၅သိန်းယူပြီး ထောက်ခံစာ ထုတ်ပေးထားတယ်။ အဲဒါလည်း သက်သေရှိတယ်။ တပ်မတောကို ချစ်မြတ်နိုးတာတစ်ခုပဲ ရှိတယ်။ ဘာအမှားမှ မလုပ်ဘဲနဲ့ လှိမ့်ခံနေရတာ။ ၅လပြည့်တော့မယ်။ 
ကျွန်မက ဖူးသက်သက်အောင်နဲ့ ဗိုလ်နဲ့ ယူလိုက်တဲ့အကြောင်းကို တင်လိုက်တယ်။ အဲဒီဗိုလ်က ကျွန်မကို messenger ကနေ စာပို့လာတယ်။ ကျွန်တော့်မိန်းမ ဖူးသက်သက်အောင်နဲ့ ပတ်သက်လို့ တင်တဲ့ဟာတွေကို ဖျက်ပေးပါပေါ့။ ဖူးသက်သက်အောင်ကိုယ်တိုင်က အမှားကို ဝန်ခံနေပါပြီပေါ့။ သူနဲ့ ယူလိုက်တဲ့အချိန်ကစပြီး တပ်မတော်ကို စော်ကားတာ မလုပ်တော့တဲ့အပြင် နောင်တလည်း ရနေပါပြီပေါ့။ post တွေလည်း အကုန်ဖျက်လိုက်ပါပြီပေါ့။ အဲဒီလို စာပို့လာတယ်။ စဉ်းစားကြည့် - သူဒုက္ခပေးခဲ့လို့ ကိုယ့်ကိုယ်ကို လုံခြုံအောင် ရှောင်နိုင်လို့သာ အသက်မသေခဲ့တာလေ။ အသက်အန္တရာယ်ကို နှစ်ကြိမ်တိုင်တိုင် ရန်ရှာတာ။ သူတို့ အဲဒီလို စာလေးတစ်ကြောင်းနဲ့ တောင်းပန်လို့ ရလား။ ကျွန်မအနေနဲ့ ဘာမှ ပြန်မပို့ဘူး။ 
သူတို့ကို ဥပဒေအတိုင်း အပြစ်ပေးတာမျိုးပဲ ကျွန်မတို့ လိုချင်တယ်။ ဗိုလ်ဆိုပြီး အကာအကွယ်ပေးတာမျိုးလည်း လက်မခံနိုင်ဘူး။ ဒီလောက် ပြစ်မှုကျူးလွန်ထားတဲ့သူက ဗိုလ်တစ်ယောက်နဲ့ လက်ထက်လိုက်ရင် အဆင်ပြေသလား။ ခံရတဲ့ ကျွန်မတို့နဲ့ မိသားစုလိုနေတဲ့ အိမ်နီနားချင်းအိမ်ကို ငါက စစ်ဗိုလ်နဲ့ လက်ထပ်လိုက်ပြီ နင်တို့ဘာဖြစ်ချင်လဲဆိုပြီးတော့ ဖူးသက်သက်အောင်ရဲ့ အဖေက ကိုယ်ထိလက်ရောက်ကျူးလွန်လို့ ခံလိုက်ရတဲ့ အမတစ်ယောက်ရှိသေးတယ်။
(အခု ပြောဆိုသမျှ စကားမှန်သမျှ မုသာဝါဒ မပါရပါဘူး။ အာမခံပါတယ်။)

(ဆူပူအကြမ်းဖက်လှုံ့ဆော်၊ လှုပ်ရှားသူတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်းမရှိတဲ့ ပြည်သူတွေကို ဥပဒေမဲ့ဆူပူသောင်းကျန်းသူ နီပိန်းတွေက လိုက်လံသတ်ဖြတ်သည်အထိ၊ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးသည်အထိ ဘေးကြုံလာရတဲ့အခါမှာ တပ်မတော်ကလည်း အကူအညီမပေးသလို၊ ရဲတပ်ဖွဲ့ရဲ့ အကူအညီကိုလည်း မရကြပါဘူး။ ဥပဒေစိုးမိုးရေးဆိုတာ ဘာလဲလို့ မေးခွန်းထုတ်စရာဖြစ်လာတဲ့ အခြေအနေမျိုးနဲ့ တပ်မတော်ကို ယုံကြည်ထောက်ခံခဲ့သူတွေ ခိုကိုးရာမဲ့ဖြစ်နေတဲ့ အခြေအတွေကို တာရှိသူများ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးနိုင်ဖို့ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။)

#MyanmarNationalPost
#mnpnews