Friday, June 18, 2021

ကောလဟာလ တတိယ အုပ်စု

         ကိုကြီးစိုးတယောက် မနက်လင်းတာနဲ့ ဂမူးရှူထိုး ရောက်လာပါတယ် ။ အင်း ဘာသတင်းတွေ ကြားပြီး ရောက်လာတယ် မသိဖူးလို့တော့ ကြိုတွေးမိပါရဲ့ ။ လက်ဖက်ရည်ဆိုင်ရောက်တော့ မှာပြီးတာ နဲ့ ပြောတာပဲ


"ငမျိုးရေ မြောင်းမြမှာ ကျောင်းသောက်ရေအိုးထဲ အဆိပ်ခပ်လို့တဲ့ ငါ အရမ်းဒေါသဖြစ်တယ် ကွာ''

"သြော် ဘာများလဲ လို့ အဲဒီသတင်းက အတုကြီးပါဗျာ ဟိုတုန်းက ဖြစ်ခဲ့တာကို အခု အချိန်ကိုက် ပြန်ဖွနေကြတာပါ ''

"ဟမ် ဟုတ်လို့လား ကွ''

"ဟုတ်ပါတယ် ဗျ  တနေ့ကလည်း ဘိုးဘွားရိပ်သာမှာ လုပ်ကြံသူ နှစ်ဦးဆိုပြီး တက်လာသေးတယ် ''

"အေး လူတွေ အများကြီး ရှယ်နေကြတာပဲ လေ ''

"ဟုတ်ပါ့ အဲဒါလည်း ဖေဖော်ဝါရီ လထဲက သတင်းဟောင်းကြီး ပဲ ပြန်ဖွနေတာ မသိပဲ ရှယ်နေကြတာ ''

"ဟ ဒါဆို စိမ်းပေါတွေ လုပ်ကြံနေတာလား ''

"အစတုန်းကတော့ ကျနော်လည်း အဲလို ယူဆထားတာဗျ အခုတော့ ရှုထောင့် တမျိုးကနေ ပြန်ကြည့်မိတယ် ''

"ဘယ်လို ရှု့ထောင့်လဲကွ ''

"အစိမ်းတွေက သူတို့ မှန်နေတာတောင် အချက်ကျကျ ပြန်မရှင်းတတ်အောင် နုံအညံ့ဖျင်းနေတဲ့ အဖွဲ့ဗျ ''

"လုပ်ပြီ သူများဆို ပြောကို ပြောချင်နေတဲ့ ကောင်ပဲ ''

"သြော် ဟုတ်တာ ပြောနေတာလေ ဆိုလိုတာက အဲသလောက် အ တဲ့ အစိမ်းတွေ ဒီလို အကောက်မကြံ တတ်ကြလောက်ဖူး ဗျ ''

"ဒါဆို အနီတွေ က ''

"No ပါ သူတို့ နာမည်ပျက်မှာ ဘယ်လုပ်မလဲဗျ ''

"ဟမ် အစိမ်း မဟုတ် အနီ မဟုတ် ဆိုရင် နင့်မေလွှား ဘယ်ကသူတောင်းစားက ဝင်လုပ်မှာလဲ ကွ ''

"အစိမ်းလဲ မဟုတ်ဖူး အနီလည်းမဟုတ်ဖူး အစိမ်းရော အနီကော နှစ်ဖွဲ့လုံးကို ပျက်ဆီးစေချင်နေတဲ့ အမဲရောင်တွေပဲ ''

"ဟိုက်.. အနီ နဲ့ သူတို့က မဟာမိတ်တွေလေ ကွာ ''

"သူတို့ အတွက် အနီဆိုတာ ​ငွေဝယ်ကျွန် အဆင့်ပါဗျာ သုံးစားမရတဲ့ အချိန် အဲဒီကျွန်စုတ်ကို ထမင်းအကုန်မခံဖူး သတ်ပစ်မှာပဲ ''

"အင်း သဘာတော့ ကျသားကွ ဒါနဲ့ မင်းကို မေးမလို့ မြင်းခြံအမတ် အောင်မျိုးလတ် နဲ့ မင်း သိသလား ကွ မနက်က ရေးထားတာ တွေ့လို့ ''

"သိတယ် သူတင်မဟုတ်ဖူး သေသွားတဲ့ သူ့အဖေ နဲ့ သူ့ညီ ဦးပြုံး ၊ ဖိုးတက် တို့ကိုရော သူ့အမေ အန်တီမွှေး နဲ့ သူ့ညီမ ဝါဝါ နဲ့ ဆရာဝန်အငယ်မကိုရော သိပါတယ် ''

"မင်းက NLD ကို ဒဲ့ ဆော်ပေမယ့် အောင်မျိုးလတ်ကို ဘာလို့ မဆော်တာလည်း အားနည်းချက် မရှိလို့လား ''

"ရှိတာပေါ့  သူ့အားနည်းချက်က အကြီးကြီး ရှိခဲ့တယ် ဒါပေမယ့် အများပြည်သူကို ထိခိုက်စေတဲ့ အားနည်းချက် မဟုတ်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စသာ ဖြစ်တယ် ''

"အဲဒါ ဘာလဲ ကွ ''

"ပြောမပြဘူး ဗျာ ဘယ်သူမှ အကျိုးမရှိဖူး ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ မသင့်တော်ဖူး''

"မင်းက ဇော်မြင့်မောင်တို့ကိုတော့ ဆော်ပြီးတော့ ကွာ''

"အင်း ဇော်မြင့်မောင် ဆိုလို့ သူနဲ့ဒေါ်စု ခိုးသွားတဲ့ ရှားပါးပစ္စည်း အကြောင်း ပြောပြအုံးမယ် ''

"ဘာ ပစ္စည်းလဲ ကွ ''

"ကျောက်မွှေးလို့ ခေါ်တဲ့ ပစ္စည်း ဗျ ''

"ဘာလဲ ကွ ကျောက်မွှေးဆိုတာ ''

"သဘာဝကျောက်တုံးကြီးက မွှေးနေတာ ဗျာ တကျပ်သားလောက် ဖဲ့ပြီး ရေခွက်ထဲ စိမ်ထားရင် အလွန်မွှေးတဲ့ ရေမွေးနံ့ရတယ်ဗျ ။ သုံးကြိမ်အထိ အနံ့ရတယ် ဆိုရင် တန်ဖိုးကြီးပေး ဝယ်ကြတဲ့ ရှားပါးစျေးကွက်ရှိတယ် ''

"အေး အဲဒီ ကျောက်မွှေးတုံးကို...''

"၂၀၁၈ လောက်ကထင်တယ် တောင်ပြုံးရွာ အနောက်ဖက်က တွေ့ခဲ့တယ် ၊ ဇော်မြင့်မောင်က ဒေါ်စုကြည်ကို ဖားပြီး ပေးလိုက်တယ် တိုင်းပြည်ရဲ့ ရှားပါးရတနာတခု ပျောက်သွားတော့တာပဲ ''

"ဟိုက်.မင်းဟာက ပုံပြင်လို ဖြစ်နေတယ်ကွ သက်သေဘာနဲ့ ပြမလဲ ''

"အဲဒီ ကာလတုန်းက မန္တလေးတောင်ပြုံးအပိုင်နယ်က ရဲတွေ လုံခြုံရေး ယူပေးကြရတယ် ၊ သူတို့ကတော့ ဘယ်နားလည်မလဲ အဲဒီလို ကျောက်တုံးကြီးကို လုံခြုံရေးယူပေးခံ့ရတာကိုတော့ ကောင်းစွာ မှတ်မိနေကြအုံးမှာ ဗျာ မြို့နယ်မှူးက အခု ပင်စင် နဲ့ မေမြို့မှာ ရှိနေတုန်းပါပဲ ''

"ဟ ဒါဆို အဲဒီ အချိန်က တာဝန်ကျ စာရင်း ပြန်ကြည့်ပြီး အမှုစစ်ကြည့်ရင် ပေါ်ပြီပေါ့ ''

"အဲဒါ​ကြောင့် ပြောတာ ကိုစိုးက တဲ့တဲ့ပြောရင် ရိပ်မိပါတယ် ဆို ''

"မနောက်စမ်းနဲ့ ကွာ ဒီအချိန်မှာ တမှုဆို တမှု အရေးကြီးတယ် ကွ ''

"နေစမ်းပါဗျာ လတ်တလော အမှုတွေပဲ ရုန်းမရတော့ပါဘူး ''

"ဟုတ်ပါ့မလား ကွာ အခုတလော ရှေ့နေဆီကတဆင့် အပြင်လောကနဲ့ ပြန်ဆက်နေသလိုပဲနော ''

"အဲဒါ ကောင်းတဲ့ အခြေအနေလို့ ကျနော်က ယူဆနေတာ ဗျ ''

"မင်းက ပြောင်းပြန်ပြောပြီ စိုးရိမ်စရာ မဟုတ်ဖူးလား ကွ''

"နစက ကို အချဥ်ထင်နေသလား ဗျ  ကျနော်ယူဆတာက အခု စွဲထားတဲ့ အမှုမှန်သမျှ ဘယ်လိုမှ ရုန်းထွက်မရအောင် ဥပဒေကြိုးနဲ့ ချည်တုတ်ပြီးမှ ရုံးထုတ်တာဗျ ကြိုက်တဲ့ ကမ္ဘာကျော် ရှေ့နေလာခဲ့ မလွတ်အောင် သက်သေ အခိုင်အမာ နဲ့ တုတ်နှောင်ထားပြီးလို့ ပြောချင်ရာ ပြောစမ်းဆိုပြီး လွှတ်ပေးထားတာ ဗျ ''

"ဟိုက် ဒါဆိုရင်...''

"နစက အနေနဲ့ ဘယ်ဖိအားကိုမှ အရေးမလုပ်နိုင်လောက်အောင် ခိုင်မာသွားပြီလို့ ကောက်ချက်ချတယ် ဗျ ''

"အင်း ဒီကောက်ချက်တော့ ကြိုက်တယ် ကွာ ပြန်ကြစို့''

         မျိုးဝင်