Tuesday, June 15, 2021

အနုပညာသမားဆိုတဲ့ကောင်တွေသိဖို့

မင်းဖြစ်ချင်တာက 
ကျားဆိုလည်း 
ကျားလိုလှမ်း။ 

နွားဖြစ်ချင်တာဆိုရင်လည်း 
နွားလိုထမ်း ။

အခုကျတော့ 
ကျားလိုလို နွားလိုလို နဲ့ 
မင်းလိုချင်တာ အသားလား 
မင်းကို ကျွေးရမှာ 
မြက်ခြောက်လားဆိုတာ 
ပရိသတ်ကိုယ်တိုင်တောင် 
ဝေခွဲလို့မရတော့ဘူး။ 

တစ်တောလုံးကို 
အုပ်စိုးချင်တယ်ဆိုရင်လည်း 
ကျားဖြစ်မယ့် လမ်းကိုရွေး။ 

လက်ခုပ်သံကို
နေရာတိုင်းမှာအချောင်လိုချင်တယ်
ဆိုရင်တော့လည်း
နွားဖြစ်မယ့်လမ်းကို 
မင်းသွားပေါ့ကွာ ။ 

မင်းရပ်တည်ချက်က 
ကျားလား 
နွားလား ကွဲပြားဖို့ 

မင်းရင်ထဲက 
စစ်မှန်တဲ့အသံတစ်ခုတော့ 
တစ်ခြားသူတွေနဲ့
ပရိတ်သတ်ကြားအောင် 
မင်းနှတ်ဖျားက
ထုတ်ပြပေးမှ ဖြစ်မယ်။ 

အနုပညာသမားမှာ 
နိုင်ငံရေးအရောင် မရှိရဘူးဆိုတာ 
ကျားမဟုတ်တဲ့ အကောင်တွေပြောတဲ့ 
ပေါ့ပျက်ပျက်စကားကွ။ 

                
အနုပညာသမားဆိုတာ 
တခြားသူတွေထက် 
ခံစားချက်ပြင်းလွန်းတာကြောင့် 
အရောင်ရှိရရုံတင်မက 
တခြားသူတွေထက်တောင် 
ထွန်းလင်းတောက်ပနေရမှာကွ ။ 

လူအများရဲ့
အပြစ်တင်မှာကိုကြောက်လို့ 
မင်းရင်ထဲက စစ်မှန်တဲ့အသံကို 
ထုတ်မပြရဲပဲ
လက်ခုပ်သံချုတဲ့
စကားမျိုးတွေပဲ
မင်းတို့ပြောနေကြမယ်ဆိုရင်တော့ 

ပရိတ်သတ်အပေါ်မှာ
တာဝန်မကျေတာပဲကွ

အဲ့ဒီတော့လက်ခုပ်သံရဖို့
ရဲရဲနီပြနေကြမယ့်အစား
မြက်ခြောက်ကိုစား 
စားမြှို့ပြန်ရင်း 
နွားဘဝမှာပဲ 
မင်းတို့တစ်တွေ
အသားကျနေလိုက်ပေါ့ကွာ။

              နီနီ ဝါဝါ စိမ်းစိမ်း ပြာပြာ 
မင်းကြိုက်တဲ့အရောင် တစ်ခုကို 
မင်းရွေးခြယ်ပြီး ရင်ခေါင်းသံကြီးနဲ့ 
ကြုံးဝါးလို့ ကျားလိုနေလိုက်စမ်းပါကွာ။ 

အခုတော့
ဗိုလ်ချုပ်မှူးကြီးသန်းရွှေတုန်းကလည်း
မင်းတို့တွေလက်အုပ်ချီခဲ့ကြတယ်

ဦးသိန်းစိန်ကိုလည်း
မင်းတို့တွေပဲ
လက်အုပ်ချီခဲ့ကြတာပဲ

အခုကျတော့မှ
စစ်အာဏာရှင်အလိုမရှိဆိုတော့
မင်းတို့မို့မရှက်ကြတယ်ကွာ

ကိုယ်ယုံကြည်ရာအတွက် 
အသက်စွန့်သွားတဲ့ လူတွေကို 
လူသားတွေ ရှိနေသမျှ 
အချိန်ကာလပတ်လုံး 
လူသားတွေကပဲ 
သူရဲကောင်းလို 
ကိုးကွယ်ကြတယ်ကွ ။

အေး ဒါပေမယ့် 
သေချာတာတစ်ခုကတော့ 
အဲဒီလူတွေက
သူတို့အသက်ရှင်နေသမျှ 
ကာလပတ်လုံး 
ကျားတွေလိုပဲ နေသွားကြတယ်။ 

မင်းတို့လို
ကျားယောင်လည်း 
မဆောင်ခဲ့ကြဘူး။ 

မင်းတို့လိုလည်း
အာဏာရလာတဲ့သူတိုင်းကို
လက်အုပ်တချီချီနဲ့
နွားတွေလိုလည်း နေမသွားကြဘူးကွ. .  .။

#မင်းအုပ်စိုး