@ငါသည်ဆရာ ၊ နာသုံးနာနှင့်
ပညာပန်းခင်း ၊ ရနံ့သင်းဖို့
စိတ်ရင်းအမှန် ၊ ဇွဲထက်သန်စွာ
သင်အံရွတ်ပြ ၊ ဆိုဆုံးမလျက်
လောကအကျိုး ၊ ဆထပ်တိုးလို့
သယ်ပိုးထမ်းဆောင် ခဲ့လေတည်း ။
@ငါ၏ဥယျာဉ် ၊ စိမ်းစိုလွင်ဖို့
ပြုပြင်ဖို့ရေး ၊ အစဉ်တွေးလျက်
မနှေးချိန်ခါ ၊ ပေါင်းရှင်းကာလေ
ပညာမြိုင်နန်း ၊ သစ်လွင်ဆန်းလို့
ပွင့်လန်းရောင်စုံ ၊ ဖူးကင်းငုံတို့
ရဂုံနန်းထက် ၊ ချမ်းမြေ့လျက်ဖြင့်
အခက်အခဲ ကင်းစေတည်း ။
@ဇရာရယ်ထောက် ၊ ကျောင်းပြင်ရောက်မှ
တစ်ခေါက်တစ်ခါ ၊ ကျောင်းသို့လာစဉ်
ပြိုကာပျက်ယွင်း ၊ စစ်တလင်းနှယ်
မြင်ကွင်းတစ်ဖုံ ၊ မြင်လိုက်ပုံကို
မယုံနိုင်အား ၊ စိတ်ထွေပြားလျက်
ကြိုးစားလို့လာ ၊ တစ်ချိန်ခါသို့
ပြန်ကာတမ်းတ ၊ နှမျောလှ၍
သောကမျက်ရည် ကျစေတည်း ။
@အသိတရား ၊ လွန်ခေါင်းပါးတော့
အများနှင့်ဆိုင် ၊ ကိုယ်မပိုင်သည့်
နိုင်ငံ့ပစ္စည်း ၊ အရင်းနှီးကို
ဖျက်စီးပစ်တာ ၊ လူယုတ်မာတည့်
ဘယ်မှာတိုးတက် ၊ ပြည်အဖျက်တွေ
တစ်သက်ဆင်းရဲ မလွဲပေတည်း ။
အဖျက်မင်းလည်း မွဲစေတည်း ။ ။
လုလင်(မှော်ဝန်းမြေ)
photo:crd (copy)