Wednesday, June 23, 2021

တောစို မှ မြို့စိုမည်

         ဒီကနေ့ ဖြစ်နေတဲ့ ပြဿနာတွေဟာ အချိန်ကာလ တခုရောက်လျှင် ငြိမ်းအေးသွားမှာ သေချာပါတယ် ။ လွတ်လပ်ပြီးစ အခြေအနေ နဲ့ ဒီကနေ့ အခြေအနေကို နှိုင်းယှဥ်ကြည့်ရင် ဒီကနေ့ ပြဿနာဟာ တပ်မတော်အတွက် အပျင်းပြေ GAME တခုထက် မပိုပါဖူး ။

      ကျနော်တို့ နိုင်ငံတော်ကို ပြန်လည်ထူမတ်တဲ့ ကာလမှာ အုပ်စိုးသူတွေ သတိထားသင့်တဲ့ အချက်တွေကို ပြောချင်ပါတယ် ။ တောင်သူတွေကို မဲလိုချင်မှ ချစ်ဟန် မဆောင်ကြပါနဲ့ ။ 

       တိုင်းပြည်ကြီး တကယ် စီးပွားရေး ကောင်းချင်ပါသလား ။ ၇၅ % သော တောင်သူတွေ အဆင်ပြေအောင် စီမံပေးစမ်းပါ ဗျာ အားလုံး အဆင်ပြေသွားပါမယ် ။ 

      ဦးသိန်းစိန်လက်ထက်မှာ သီးနှံစျေးကောင်းတော့ တောင်သူတွေ အဆင်ပြေတယ် ။ ဒီတော့ မြို့တက် ဝယ်ချမ်း သုံးဖြုန်းနိုင်ကြတယ် ။ မြို့နေလူတန်းစားလည်း ဝန်ဆောင်မှု လုပ်ငန်းတွေက အစ အလွန်လုပ်လို့ ကိုင်လို့ အဆင်ပြေလာကြပါတယ် ။ 

       အားလုံးသော အရောင်းအဝယ်တွေ ပွင့်လန်းလာကြပြီး တောင်သူတွေရဲ့ ဝင်ငွေစီးကြောင်းကြီးက အပ်ရောင်းသူကနေ ကားရောင်းသူအထိ ဆွဲခေါ်သွားနိုင်တာ တွေ့ရပါတယ် ။ 

     ဒါကြောင့် တောစိုပြေရင် မြို့ပါ လိုက်ပြီး စိုပြေတယ်လို့ ပြောနေကြခြင်း ဖြစ်ပါတယ် ။ ကဲ တောနေ တောင်သူတွေ အဆင်ပြေဖို့ အစိုးရမင်းများက ဘာတွေ ကူညီကြမလဲ ကြည့်ရအောင်ပါ ။ 

     ပထမဆုံး အမတော်ကြေးဆိုတဲ့ ချေးငွေ ကိစ္စ ။ သူက တဧကကို တသိန်းနှုံး ချေးတယ် ၊ သီးနှံပေါ်ချိန် ပြန်ဆပ်ရတယ် ။ 

    တဧက ကုန်ကျစရိတ်က သုံးသိန်းခွဲ ဝန်းကျင်ရှိပါမယ် ၊ နောက်ပြန်ဆပ်ချိန်က သီးနှံပေါ်ပြီးတာ နဲ့ ဆပ်ခိုင်းတော့ စျေးကောင်းရအောင် မစောင့်နိုင်ကြပါဖူး ။ 

     အဲဒီ ပြဿနာကြောင့် တဧကို လေးသိန်း နှုံးနဲ့ နှစ်ရှည် သုံးနှစ်ခန့် ချေးထားစေချင်ပါတယ် ။ အစိုးရအနေနဲ့ အကောင်းအဆိုး ယှဥ်ကြည့်ကြပါ ။ 

      ကာလလတ်ချေးထားလို့ တခါချေးပြီးတာ နဲ့ တခါပြန်ဆပ်လုပ်နေရတဲ့ သီနှံပေါ်ချိန်တိုင်း အလုပ်ရှုပ်နေတာ ရှင်းသွားပါမယ် ။ သုံးနှစ်တခါ ပဲ အလုပ်များပါမယ် ။ တောင်သူတွေ စိတ်လွတ်ကိုယ်လွတ် ကြိုက်စျေးရမှ ရောင်းချဖို့ အချိန်ရလာပါမယ် ။ 

       အဆိုးဖက်ကနေ ချေးငွေ ဆုံးမလား တွေးကြည့်ရင် အနည်းဆုံး တဧက ၁၅ သိန်းလောက် တန်နေတဲ့ ပုံစံ ၇ ကို သိမ်းယူထားလို့ မဆုံးနိုင်ပါဘူး ။ တောင်သူတွေ သုံးဖြုံးပစ်မယ့် ပြဿနာကတော့ ဘယ်သူမပြု မိမိမှုပါပဲ ။ လယ်ယာမြေနဲ့ မထိုက်တန်တော့တဲ့ တောင်သူရဲ့ လက်ထဲက လယ်မြေထက် အခြားလုပ်သူလက်ထဲရောက်သွားတာ နိုင်ငံအတွက် ပိုကောင်းပါတယ် ။ 

       နောက်တချက် အရေးကြီးတဲ့ မျိုးကောင်း မျိုးသန့် အလုံအလောက် ဖြန့်ချီနိုင်ရပါမယ် ။ စိုက်ပျိုးရေး သုတေသန ဌာနကြီး ငိုက်နေတာ ကြာပါပြီ ၊ အကွက်သစ်တွေ များစွာဖော်ထုတ်ပြီး မျိုးကောင်းမျိုးသန့်တွေ လုံလောက်တဲ့ ပမာဏ ထုတ်လုပ်ခိုင်းပါတော့ ဗျာ ။ 

       အခြား မြေသြဇာ ၊ ပိုးသတ်ဆေး ၊ အားဖြည့်ဆေး အားလုံး စျေးနှုံးချိုသာစွာ ရောင်းချနိုင်ဖို့ အခွန်လျှော့ကောက်ပါ ။ 

         ခေတ်မှီစိုက်ပျိုး နည်းစနစ်များအား မတက်မနေရ အမိန့် နဲ့ တရွာခြင်း သတ်မှတ်ဦးရေ ပြည့်မှီအောင် သင်ကြားစေရပါမယ် ၊ ဆင့်ပွားသင်တန်းများဖြင့် ဆောင်ရွက်လျှင် တောင်သူတိုင်း တတ်မြောက်သွားပါမယ် ။ 

       ရိတ်သိမ်းချိန်လွန် နည်းပညာများ ဖြန့်ဖြူးရပါမယ် ။ စိုက်ပျိုးရေး သင်တန်းလို မဖြစ်မနေ သင်ကြားစေရပါမယ် ။ 

       စျေးကွက် စျေးနှုံး အစိုးရမှ အာမခံထားရပါမယ် ၊ စျေးကွက်များကို အစိုးရမှ အားကြိုးမာန်တက် ရှာဖွေပေးရပါမယ် ။ 

        ၈ တန်းအောင် အဆင့်ဆိုလျှင် ပြည်ပနိုင်ငံများသို့ စိုက်ပျိုးနည်းပညာများ သင်ကြားစေရန် ပညာတော်သင် စေလွတ်ပေးရပါမယ် ။ 

        ပိုလျှံသီးနှံများအတွက် ရေရှည်စားသုံးနိုင်သော ကုန်ချောများ ထုတ်လုပ်နိုင်ရန် နည်းပညာများ ဖြန့်ဝေပေးရပါမယ် ။ ယင်းကုန်ချောများအား အစိုးရမှ ကူညီ ဖြန့်ဝေ ရောင်းချနိုင်လျှင် တောင်သူများထံမှ ယင်းအစိုးရမျိုး အတွက် မဲဆွယ်ရန်ပင် လိုအပ်မည်မဟုတ်ပါဖူး ။

.....စိုက်ပျိုးပြီး ရင့်မှဲ့ချိန်အထိ အခြားအလုပ်မယ်မယ်ရရ မရှိတော့တဲ့ တောင်သူတွေ အတွက် တနယ်ထွက်ကုန်တမျိုး မူဝါဒ အသက်သွင်းပေးခြင်း ၊ မွေးမြူရေးလုပ်ငန်းနဲ့ တွဲဖက်စေခြင်း ​တို့ဖြင့် ဝင်ငွေတိုးလာအောင် စီမံပေးကြရပါမယ် ။

          နောက်ထပ် စိုက်ပျိုးရေး ကဏ္ဍအတွက် အရေးကြီးတဲ့ သီးနှံကဏ္ဍကို ပြန်ကြည့်ရပါ့မယ် ။ ယနေ့ မြန်မာပြည် သီးနှံစျေးကွက်မှာ တရုတ် နဲ့ ယိုးဒယား တို့ လွှမ်းမိုးနေတာ ရှက်စရာ အလွန်ကောင်းပါတယ် ။ 

     မြေပေါ ရေပေါ လှတဲ့ မြန်မာ့ နှစ်ရှည်သီးနှံတောင်သူတွေ ထိုးဖောက်မရတာ အခက်အခဲအချို့ကြောင့် ဖြစ်ပါတယ် ။ 

       အဲဒါကတော့ အရင်းအနှီး နဲ့ မျိုးစပ် နည်းပညာချို့တဲ့နေကြလို့ ဖြစ်ပါတယ် ။ ထိုင်းမှာဆိုလျှင် နှစ်ရှည်ပင် အလိုက် ချေးငွေများစွာကို ၇ နှစ်အထိ ချေးပေးပြီး အားပေးကြပါတယ် ။ 

      ခေတ်အဆက်ဆက် နှစ်ရှည်သီးနှံစိုက်ပျိုးသူများအား မည်သည့်အစိုးရကမှ ချေးပေးသည်ဟု မကြားမိပါဖူး (ကျနော်မသိတာလည်း ဖြစ်နိုင်ပါတယ်)

        အသီးနှံစားသုံးတဲ့ ဓလေ့ဟာ မြန်မာပြည်မှာ ဘယ်လောက် ကြီးထွားနေသလဲဆိုတာ ရန်ကုန် သိရီမဂ်လာ ကားဝန်းထဲ သွားကြည့်နိုင်ပါတယ် ။ ပန်းသီးကနေ မန်ကျည်းသီး အထိ ပြည်ပက တင်သွင်းနေတာ မြန်မာပြည်အတွက် ရှက်စရာပါပဲ ။ 

       နယ်စပ်တွေမှာ ခိုးဝင်တွေကို လူကိုလူနဲ့ ကာရမယ် ဆိုတဲ့မူ ရှိသလို သီးနှံကို သီးနှံ နဲ့ ကာကွယ်ဖို့ လိုအပ်နေပါပြီ ။ နှစ်ရှည်သီးနှံခြံသမားကိုလည်း ပုံစံ ၇ အား အပေါင်သိမ်းထားပြီး နှစ်ရှည်ချေးငွေများ ထောက်ပံ့ပေးမယ်ဆိုရင် သီးနှံများ များစွာ ထွက်ရှိနိုင်ပါတယ် ။

..... ပြည်ပရောင်းရန် အဆင်မပြေရင်တောင် ပြည်ပထွက်ငွေ ထိမ်းချုပ်နိုင်ပါလိမ့်မယ် ။ ပြည်ပသို့ရောင်းချနိုင်မည့် တန်ဖိုးမြင့် သီးနှံအမျိုးအစား များအား သုတေသနပြု၍ စိုက်ပျိုးစေရန်လည်း စီမံနိုင်ပါတယ် ။ 

        ဘာကြောင့်လည်း ဆိုရင် မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ ရေမြေသဘာဝအရပါပဲ ။ အမြဲရေခဲနေသော ကချင်ပြည်နယ် မြောက်ပိုင်းဒေသ ရာသီဥတု ၊ ပေ ၆၀၀၀ ကျော်မြင့်တဲ့ ချင်းတောင်တန်း ၊ ပေ ၃၀၀၀ ကျော်မြင့်တဲ့ ရှမ်းရိုးမ ၊ မြေပြန့်လွင်ပြင် ၊ ကန္တရဆန်သော အညာမြေ ၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ရာသီဥတု ၊ ပင်လယ်ပြင်ရှိ များစွာသောကျွန်းများ ကဲ နှစ်သက်တဲ့ သီးနှံကို ကိုက်ညီတဲ့ ရာသီဥတုမှာ စိုက်ပျိုးနိုင်ပါတယ် ။ 

           အဓိက လိုနေတဲ့ အရင်းအနှီးနဲ့ နည်းပညာဆိုတာကလည်း အစိုးကသာ တကယ်စေတနာ မှန်ပါလျှင် ဒီခေတ်ထဲမှာ မခက်ခဲလှပါဖူး ။ အရင်းအနှီးဆိုရင် ပြည်ပဘဏ်များမှာ အတိုးသက်သာစွာနဲ့ တာဝန်ယူချေးပေးလျှင် အလွန်လွယ်ကူစွာ ရနိုင်ပါတယ် ။ 

    နည်းပညာသည်ကား ဂူးဂဲလ် ခေါက်တတ်လျှင် ငှက်ပျောသီး အခွံခွာစားသလို လွယ်လွယ်ရနိုငိနေတဲ့ အချိန်ဖြစ်ပါတယ် ။ 

       အဲဒါကြောင့် နှစ်ရှည်သီးနှံတောင်သူများ နဲ့  လယ်သမားများ၏ ဘဝများအား တကယ်ချစ်ခင် တန်ဖိုးထား၍ မြှင့်တင်ပေးလိုပါက အထက်ပါ အချက်များအား အကောင်အထည် ဖောိပေးခြင်းဖြင့် ဆောင်ရွက်နိုင်ပါတယ် ။ 

     တပ်ချုပ်ကြီး လမ်းညွှန်နေသော တစ်ရှူးငှက်ပျောထက် များစွာ အကျိုးရှိမယ့် စိုက်ပျိုးပင် အ​ကြောင်း နောက်ထပ် စိတ်ဝင်စားဖွယ် တင်ပြပါ့မယ် ။ ကျနော်လည်း ကောင်းစွာ မသိခဲ့ဖူးပါဘူး ။ အဲဒီ အပင်ကတော့ ဟမ့် လို့ ခေါ်တဲ့ ဆေးခြောက်အနွယ် ဖြစ်ပါတယ် ။ 

      သူ့ကို ဘယ်နေရာမှာ သုံးကြတယ် ၊ ဘယ်လိုအကျိုးရှိတယ် ၊ ဘယ်နိုင်ငံတွေ စိုက်ပျိုးနေတယ် ၊ မူးယစ်အဆင့်မရှိတဲ့ အပင်ဖြစ်တယ်ဆိုတာ သီးခြားရေးပါ့မယ် ။
ငန်းဇွန်မြို့နယ်ထဲမှာ စမ်းသပ်စိုက်ပျိုးခဲ့ပြီး ပြဿနာ ဖြစ်ခဲ့တဲ့ ဆေးခြောက်အနွယ် ဟမ့်အကြောင်းက များပြားလို့ သီးခြားရေးတင်ပေးပါ့မယ် ဗျာ ။

       မျိုးဝင်း