Tuesday, June 29, 2021

ဇောက်တိ ဇောက်ထိုး နိုင်ငံရေး


          Covid ကာလမှာ အိမ်တွင်းပုန်းရင်း ရောက်တတ်ရာရာတွေကို တွေးနေမိရင် ကိုယ်ကောင်းစွာ သိမှီရလိုက်တဲ့ မဆလ ခေတ်ကနေ ဒီကနေ့အထိ နိုင်ငံဖြစ်စဥ်တွေ အခင်းအကျင်းတွေကို ပြန်စဥ်းနေမိပါတယ် ။ 

      အထူးသဖြင့် အများပြောနေကြတဲ့ စစ်အာဏာရှင် တွေ ဆိုတဲ့ ဦးနေဝင်း နဲ့ ဦးသန်းရွှေတို့ရဲ့  လုပ်ဆောင်ချက်တွေကို လေ့လာသုံးသပ်မိပါတယ် ။ 

     ပထမဆုံး အာဏာရှင်ဆိုတဲ့ ဦးနေဝင်း အကြောင်း စဥ်းစားမိပါတယ် ။ 1958 မှာ တိုင်းပြည်ရဲ့  ၃ ရပ်ကို ယာယီတာဝန်ယူပြီး ရွေးကောက်ပွဲ လုပ်ပေးခဲ့တယ် ။ ပြီးတာနဲ့ 1960 မှာ အနိုင်ရ ဦးနု အစိုးရကို တာဝန် လွှဲပေးခဲ့ရတယ် ။ 

      တခါ 1962 မှာ နိုင်ငံရေး ခွါပြဲမှုကတဆင့် ပင်လုံစာချုပ်ပါ အချက်တွေအရ ခွဲထွက်ခွင့် ပြဿနာတွေ ပေါ်လာပြန်ပါတယ် ။ နိုင်ငံရေးသမားတွေ အချင်းချင်း မညီမညွှတ် နဲ့ ဖြစ်ကြရပြီး တိုင်းပြည် ပြိုကွဲမယယ့် အနေအထားရှိတယ် ဆိုပြီး ဦးနေဝင်းက အာဏာသိမ်းလိုက်ပါတယ် ။

          တကယ်ပြိုကွဲမယ့် အနေအထားရှိနေလို့ သိမ်းလိုက်တာလား ? 

        1958  မှ 1960 အထိ အာဏာသုံးရပ်ကို တဦးတည်း သုံးစွဲနေရတဲ့ အရသာကို ပြန်လိုချင်လို့လား ?

           ၂ မျိုးစလုံးကြောင့်လား ဆိုတာကိုတော့ ဦးနေဝင်းမှ အပ ဘယ်သူမှ မသိနိုင်ပါဘူး ။ 

         အာဏာရှင်ကြီးဆိုတဲ့ ဦးနေဝင်းဟာ 26 နှစ်လုံး သူ့ခြေ သူ့လက် သူ့စိတ်တိုင်းကျ  စီးမံခွင့် ရှိနေဆဲ သူအာဏာပြင်းထန်နေဆဲကာလမှာ ပဲ ၈၈ အရေးအခင်း ဖြစ်လာတော့ အကြမ်းဖက် နှိမ်နင်းခြင်း မပြုခဲ့ပါဘူး ။ 

      ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အရေးမယူဖို့ မြို့နယ်ပါတီ ယူနစ်တွေကို လှို့ဝှက်စာပို့ပြီး တားမြစ်ထားပါတယ် ။ သူ့သေဆိုသေ ရှင်ဆိုရှင်ရမယ့် တပ်မတော်ကိုလည်း မနှိမ်နင်းခိုင်းပါဘူး ။ 

(လူမော်ဂျင်းမိနေသူကတော့ လက်ခံမယ် မထင်ဘူး)

         နောက်ဦးနေဝင်းဟာ သူ့ဘာသာ အနားယူပါတော့မယ် ဆိုပြီး တခါတည်း ကြေညာပါတယ် ။ ပြီးတော့ ပါတီစုံဒီမိုကရေစီ ကြိုက်သလား တပါတီကြိုက်သလား ပြည်သူတွေ ကြိုက်တဲ့စနစ် ပြောင်းပေးရမယ်လို့ သူ့ပါးစပ်က စတင်ပြောဆိုလိုက်ပါတယ် ။ 

(အဲဒီကျမှ သပိတ်မှောက်တဲ့ သူတွေက ဒီမိုကရေစီ ဆိုတဲ့ စကားလုံး ပြောတတ်လာတာပါ ။ မူလတုန်းက ဝေလေလေ အော်နေကြတာပါ ။ ဒီမိုကရေစီရဖို့ တိုက်ပွဲဝင်ခဲ့တယ်ဆိုတာ ဗြောင်လိမ်တာပါ ဗျာ ။ အာဏာရဖို့ တိုက်နေကြတာပါ )

      ကဲ အာဏာရှင် ဦးနေဝင်းကို ဘယ်သူမှ ဖြုတ်ချတာ မဟုတ်ပါဘူး ။ သူ့ဘာသာ ဆင်းသွားတာပါ ။ ဦးစောမောင်ကို အာဏာသိမ်းဖို့ မနည်းတိုက်တွန်းရပြီး အာဏာမသိမ်းရဲပါဘူး ဆိုလို့  နောက်နောင်အရေးမယူပါဘူးဆိုပြီး ဦးနေဝင်းက စာချုပ်မှာ အာမခံ လက်မှတ်ရေးထိုးပေးမှ တပ်မတော်က ဒေါက်တာမောင်မောင်ရဲ့ လက်ထဲကအာဏာကို သိမ်းခဲ့တာပါ ။ 

         ဒါက ဦးနေဝင်းရဲ့ အာဏာကနေ ဆုတ်ခွါခဲ့တဲ့ သမိုင်းမှန်ပါပဲ ။ ကဲ နောက်တဦးကြည့်ပါအုံးမယ် ။ 

        ၈၈ မှာ စီနီယာတွေကို ကျော်ပြီး ဒု ချုပ်ဖြစ်လာတဲ့ ဦးသန်းရွှေဟာ 1992 မှာ တပ်ချုပ်ကြီးဖြစ်လာပြီး အာဏာပိုင် ဖြစ်လာပြန်ပါပြီ ။ 1992 ကနေ နည်းပေါင်းစုံနဲ့ ပြည်တွင်းပြည်ပ အနှောက်အယှက်တွေကို ကျော်လွှားပြီး နိုင်ငံအတွက် မရေတွက်နိုင်တဲ့ တည်ဆောက်မှုတွေ လုပ်ပေးခဲ့ပါတယ် ။

        တပ်မတော်တွက် အဆင့်အတန်း တခုအထိ ရောက်အောင် တွန်းတင်ပေးလိုက်ပါပြီ ။ နိုင်ငံတော်ရဲ့ ကာကွယ်ရေးအတွက် ထိုက်လျှောက် အင်အားတည်ဆောက်ပြီးပါပြီ ။ 

        ပြည်တွင်းအဖျက်သမား အုပ်စုတွေထဲ ထောင်တွေမှာ ငြိမ်ဝပ်ပိပြားနေပါပြီ ။ ဦးသန်းရွှေ ရဲ့ သြဇာအာဏာဟာ အထွဋ်အထိပ်ကို ရောက်ရှိနေချိန်မှာပဲ သူလည်း အာဏာစွန့်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ 

     ဦးသန်းရွှေဟာ ဘယ်နေ့ဘယ်အချိန်မှာ အာဏာလွှဲပြောင်းပေးမယ်ဆိုတဲ့ တိကျတဲ့ မူဝါဒနဲ့ စီစဥ်သွားတာ တွေ့ရပါတယ် ။ 

     ပထမဆုံး ပေါင်းလောင်းဆည် ၂ ခု တည်ဆောက်ပြီး လျှပ်စစ်ထုတ်ပါတယ် ။ ရွာတွေဖယ်ပြီး နေရာပြန်ချထားပေးရ တာနဲ့ လျှော်ကြေးပေးရတာ နဲ့ ထွက်လာမယ့် လျှပ်စစ်က တောထဲတောင်ပေါ် လူနေကျဲတဲ့ဒေသ ဆိုတော့ ဆည်မြောင်းဌာန နဲ့ လျှပ်စစ်ဝန်ကြီး ဌာနတွေက ဦးသန်းရွှေကြီး ရူးနေသလားလို့ ကွယ်ရာမှာ ကဲ့ရဲ့ကြပါတယ် ။

      လျှပ်စစ်ထုတ်ဖို့ အချိန်အနည်းငယ် အလိုမှာပဲ ဘယ်သူမှ ထင်မထားတဲ့ တောခေါင်ခေါင်ထဲမှာ နေပြည်တော်ကြီး တည်ဆောက်လိုက်ပါတယ် ။ ယခု အရှေ့တောင်အာရှရဲ့  အခန့်ညားဆုံး လွှတ်တော်ကြီးပါဝင် သမ္မတအိမ်တော် ၊ ဝန်ကြီးတွေရဲ့ နေအိမ်တွေ နဲ့ ပြည့်စုံစွာ တည်ဆောက်ပါတော့တယ် ။ 

      အစောပိုင်းက လူနေကျဲပါးတဲ့ ပေါင်းလောင်းဒေသက လျှပ်စစ်မီးတွေဟာ မြို့တော်အသစ်ကြီးကို ထိန်ထိန်ညီးစေမှ ဆည်မြောင်းရော လျှပ်စစ်ဌာနက ပုဂ္ဂိုလ်များပါ ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပါတယ် ။ 

      ဆိုလိုတာက ဦးသန်းရွှေဟာ အာဏာလွှဲပြောင်းဖို့ကို နှစ်ရှည်လများကတည်းက စနစ်တကျ စီမံထားတာ တွေ့ရတာကို မြင်အောင် ကြည့်တတ်ကြဖို့ပါပဲ ။ 

      တနိုင်ငံလုံး သူ့ရဲ့ သြဇာအာဏာအောင်မှာ ငြိမ်ဝပ်ပိပြားနေတဲ့ ကာလမှာပဲ သူ့သဘောနဲ့သူ အာဏာစွန့်ပြီး ယခုတိုင် စာဖတ်နေတာ အားလုံးအသိပါပဲ ။ 

      ဒီးတော့ ကျနော်အမြင်ပြောရမယ် ဆိုရင် ဦးနေဝင်းရော ဦးသန်းရွှေကော ဘယ်သူကမှ နိုင်အောင် တိုက်ထုတ်ခဲ့တာ မဟုတ်ပါဘူး ။ သူတို့သဘော သူတို့စီမံကိန်း နဲ့ အာဏာစွန့်သွားကြတာပါ ။ 

     ပြည်သူ့သဘောကွလို့ ပြောမယ်ဆိုရင် ၈၈ အာဏာသိမ်းချိန်လေးကို ဥပမာ ပြန်ပြရပါ့မယ် ။ အာဏာသည် ပြည်သူ့သဘော မဟုတ် ကျည်ဆံ၏ သဘောသာ ဖြစ်ကြောင်းကိုပါ ။ 

        ယနေ့ စစ်အာဏာရှင်တွေပါ ဆိုပြီး နှစ်ပေါင်းများစွာ စွတ်စွဲ အပြစ်တင်ပြီး စစ်အာဏာရှင်ဆိုတဲ့ ပုဂ္ဂိုလ်ကြီး ပေးထားခဲ့တဲ့အာဏာပိုင်တွေကရော တကယ့်ကို ရိုးသားတဲ့ အာဏာပိုင်တွေလားဆိုတာ လေ့လာကြည့်ပါအုံး ။ 

     အာဏာကို ၅ နှစ်မျှ ရရှိယစ်မူးသွားပြီး တိုင်းပြည်ကို အဖက်ဖက်က ဆုတ်ယုတ်ပျက်ဆီအောင် အုပ်ချုပ်ပြီးနောက်  နောက်တကြိမ်အတွက် ရွေးကောက်ပွဲကျင်းပရာမှာ မိမိအာဏာသက်ဆိုးရှည်ရေး အတွက် covid ရောဂါ ပြန့်နှံ့နေတဲ့ကြားထဲက ရွေးကောက်ပွဲ ကျင်းပပါတယ် ။  

   နောက်ဆက်တွဲအဖြစ် ပြည်သူတွေ ရောဂါအဆမတန်ကူးပြီး သေကြေ စီးပွါးပျက်ခဲ့ရပါတယ် ။ မဲလိမ် မဲခိုးပြီး ယုတ်ယုတ်မာမာ အာဏာရဖို့ ကောက်ပျစ်နေသူကိုရော အာဏာရှင်လို့ မခေါ်တော့ဘူး လား ဗျာ ။

      ဦးနေဝင်း နဲ့ ဦးသန်းရွှေတို့က လက်နက် နဲ့ အာဏာရယူပြီး   သူတို့မိသားစုတွေ ချမ်းသာအောင် လုပ်ခဲ့ကြသလို တိုင်းပြည်အတွက်လည်း ကြိုးစားတည်ဆောက်ပေးခဲ့တာတွေ အများကြီးပါပဲ ။ သူတို့ အာဏာအထွဋ်အထိပ် ရှိနေတဲ့ ကာလမှာပဲ သိက္ခာရှိရှိ စနစ်တကျ အာဏာစွန့်သွားကြတယ် ။

    ယခု NLD ကတော့ ကာလတိုအတွင်း ချမ်းသာအောင် ခိုးခဲ့ကြပြီး တိုင်းပြည်ကို ဆုတ်ယုတ်စေခဲ့တယ်  ။ အာဏာကို မသမာတဲ့ နည်းနဲ့ ထပ်မံရယူဖို့ ကောက်ကျစ်စွာ ကြံစည်ခဲ့တယ် ။ ဥပဒေချိုးဖောက်ပြီး အာဏာထပ်ယူဖို့ မဲခိုးတယ် ။ တရားနည်းလမ်းတကျ ဖြေရှင်းဖို့ တောင်းဆိုတာကို အရေးမလုပ်ပဲ ငါ တကော ကောနေလို့ အာဏာထိုင်ခိုက်ကနေ ကုတ်နဲ့ကော်ချ ခဲ့ရတယ် ။ 

   ကိုင်း ဘယ်သူ့ကို အာဏာရှင် အာဏာရူး ဘွဲ့ပေးသင့်သလဲ စဥ်းစားသာကြည်တော့ဗျာ ။ 

       မျိုးဝင်း