Monday, June 14, 2021

အကြမ်းဖက်သမားများအား ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ တန်ပြန်တိုက်ဖျက်မည်ဖြစ်ကြောင်း YMBA ထုတ်ပြန်

ရန်ကုန်၊ ဇွန် ၁၃
 
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) က အသင်းသားများအား အသိပေးထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားရာ အကြမ်းဖက်သမားများကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ တန်ပြန်တိုက်ဖျက်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBAသည် ဘာသာရေးအသင်းသက်သက်မဟုတ်၊ အမျိုး ဘာသာ သာသနာ ပညာအတွက်
ရပ်တည်ခဲ့သော သမိုင်းဝင် ပထမဆုံးသော
မြန်မာ့အမျိုးသားရေးအသင်းဖြစ်ကြောင်း၊ အမျိုးသားရေးအသင်းဖြစ်သည်နှင့်အညီ မိမိမြေပေါ်ကျုးကျော်လာသော မည်သည့်တိုင်းတပါးသားတို့ကိုမဆို သမိုင်းတလျှောက် တွန်းလှန်ဖြိုဖျက်ခဲ့သည်မှာလည်း နှစ်ပေါင်း
(၁၁၅) နှစ်တိုင် ရာဇဝင်တွင်ခဲ့ကြောင်း၊ မျက်မှောက်ကာလ မိမိနိုင်ငံတော် မိမိနိုင်ငံသားတို့အချင်းချင်း
အိမ်တွင်းရေးပြဿနာများကို ဝင်ရောက်စွက်ဖက်ခြင်းမပြုခဲ့သည်မှာ မိမိလူမျိုးချင်း ဖြစ်ခြင်းကြောင့်သာဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ယခုအခါတွင် ဘာသာ သာသနာ နှင့် ဓမ္မ တရားတော်များ၊ သံဃာတော်များအား ကာယကံမြောက် ရိုင်းပြစော်ကားမှုများ၊ သတ်ဖြတ်မှုများ၊ ဆဲဆိုမှုများအထိ
ပြုလုပ်လာကြသည်ကို တွေ့ရှိရသဖြင့် ယနေ့မှစ၍ သာသနာတော်ပြန့်ပွားရေးကို မလိုလား၍ သံဃာများကို ရိုင်းစိုင်းနေမှုများ၊ သာသနာတော်ညှိုးနွမ်းစေမှုများ၊ 
ရဟန်းသံဃာများကို စော်ကားနေမှုများ၊ အမျိုးသားရေးစိတ်ဓာတ်ပျက်ပြားစေမှုများ၊ နိုင်ငံတော်ကို ဖျက်လိုဖျက်ဆီးလုပ်နေကြသော ပြည်ပဩဇာခံ လောက်ကောင်များ၊ ပညာရေးကိုနှောင့်ယှက်ဖျက်ဆီး
အကြမ်းဖက်နေကြသူများ၊ ဘုရားစေတီပုထိုးနှင့် သာသနာ့မြေ ဘုန်းကြီးကျောင်းမြေများတွင်
အကြမ်းဖက်နေကြသူများတို့ကို မိမိတို့ အသင်းကြီးမှ ဤထုတ်ပြန်ချက် ထွက်ရှိသည့်နေ့မှစ၍ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ တန်ပြန်တိုက်ဖျက် သွားမည်ဖြစ်ပြီး အမျိုး ဘာသာ သာသနာ ပညာကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

မြန်မာနိုင်ငံတွင် မဲမသမာမှုများကြောင့် NLD ထိပ်ပိုင်းခေါင်းဆောင်တချို့ ထိန်းသိမ်းခံခဲ့ရပြီး ကျန်NLDပါတီ ခေါင်းဆောင်များက အဖွဲ့မျိုးစုံဖွဲ့စည်း၍ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်နေကြခြင်းဖြစ်ပြီး YMBAရုံးချုပ်ကိုလည်း ဝင်ရောက်ဖျက်ဆီးခဲ့ကြသည်။

#MyanmarNationalPost 
#mnpnews