Friday, June 11, 2021

ရဲရဲပြန်ကြည့် စမ်းပါ

         မနက်က ကိုစိုးလာတော့ သူ့တူပါ ပါလာတယ် ။ လက်ဖက်ရည်သောက်ပြီတော့ ရေနွေးကြမ်းသောက်တာ ကြည့်ပြီးတာ နဲ့ ဒီကောက်လေး ဆေးသမားမှန်း ကျနော်သိလိုက်ပါပြီ ။ 

     မသိသေးတဲ့ မိဘတွေအတွက် ဗဟုသုတ ပြောချင်ပါတယ် ။ ခင်ဗျားတို့ရဲ့ ဆယ်ကျော်သက်တွေ လူငယ်တွေ ဆီမှာ ဒါမျိုးတွေ ဖြစ်နေကြသလား ၊ ဒီ ပစ္စည်းတွေ ဆောင်ထားသလား လေ့လာကြည့်ပါ ။

...ရေနွေးကြမ်းလို ခါးသက်တဲ့ အရသာရှိသော အရေကို သောက်လျှင် ပလုပ်ကျင်းပြီး မထွေးပဲ မျိုချနေပြီလား..?

...အစားမစား ကွမ်းမစားပဲ ပါးစပ်အလွတ်ကို အံကြိတ်ပြီး သွားခြင်း ကြိတ်နေပြီလား.. ?

...စကားတွေ မလိုအပ်ပဲ အလွန်အကျွံပြောနေပြီလား..?

...အိပ်ချိန်မှာ မအိပ်ပဲ တခုခု လုပ်နေတတ်သလား.. ဥပမာ အလုပ်မရှိ အလုပ်ရှာပြီး အမှိုက်မရှိပဲ တံပျက်စီး ထလှဲတာမျိုး...?

...သူ့အသုံးအဆောင်ထဲမှာ လီတာဝက် ရေသန့်ဗူး အလွတ်ဆောင်ထားသလား..?

...မီးတောက် သေးသေးမျှင်မျှင် ဖြစ်အောင် ပြုပြင်ထားတဲ့ ဂါတ်မီးခြစ် ရှိနေပြီလား...?

...ငွေရောင် ခဲပတ်ပါ ပီကေလို စားစရာဆောင်ထားပြီလား..?

       သေချာပြီ အဲဒီကလေး ဆေးစွဲနေပါပြီ ။ 

    ဒါက ကြုံကြိုက်လို့ ပြောပြတာပါ ။ WY ဆေးစွဲနေတဲ့ သစ်စက် အလုပ်သမားတွေ နဲ့ တောထဲမှာ ကာလရှည် နေခဲ့ဖူးတော့ သူတို့ အကျင့်တွေ သိနေလို့ ပြောနိုင်တာ ပါ ။ 

       ထားပါ ဗျာ ခုနက ကိုစိုးတူ နဲ့ ပြောခဲ့ကြတာတွေကို ပြန်ပြောချင်တာပါ ဗျာ ။ မိတ်ဆက်ပြီးတာ နဲ့ သူက မေးပါတယ်..

"ဦးရေးတဲ့ စာတွေကို ဦးလေးစိုးက ပြလို့ ဖတ်ရပါတယ် သိချင်တာတွေ မေးချင်လို့ပါ ''

"မေးပါ ဗျာ ငါကလည်း သိသလောက်တော့ ပြောရမှာပေါ့ ''

"ဦးရေးထားတဲ့ အတိုင်းဆိုရင် ဗိုလ်ချုပ်တွေ ခိုးလို့ ပြည်သူတွေ ဆင်းရဲနေကြတာ မဟုတ်ဖူးလား ''

"အင်းးးပြောရရင်တော့ ခိုးတယ် ဆိုတာ ဘာကို ဆိုလိုတာလည်း အရင်းရှင်းမှ ရမယ် မင်းတို့က ဗိုလ်ချုပ်တွေက သစ်တွေခုတ် ရောင်းစား ၊ ကျောက်မျက်တွေတူးပြီး ရောင်းစား ကိုယ်ကျိုးရှာသွားတယ်လို့ မြင်ပြီး မေးနေတာ မဟုတ်လား ''

"ဟုတ်တယ်လေ ''

"မဟုတ်ဖူး ကွ အဲလို ထုတ်လုပ်ခွင့်ဆိုတာ ဗိုလ်ချုပ်တွေမှာ မရှိကြဖူး ၊ ထုတ်လုပ်မယ့် ခရိုနီတွေက အစိုးရကို သတ်မှတ် တန်ဖိုးအခွန်တွေ သွင်းပြီးမှ ထုတ်ခွင့်ရှိတာ ဗိုလ်ချုပ်တွေက ချိတ်ဆက်အာမခံပေးကြလို့ ခရိုနီတွေ ပေးတဲ့ ငွေကြေးလက်ဆောင် တနည်း လာဘ်လာဘ ရကြတယ် ကွ သူတို့တိုက်ရိုက်တူးယူလို့ မရပါဘူး''

"ဒါဆို သူတို့လာဘ်စားတာကို တိုင်လို့ မရဖူးလား ''

"အလွန်ခက်ပါတယ် ခရိုနီတွေက ဖော်မှ ရမှာလေ သူတို့လည်း ဘယ်ဖော်မလဲ အခုဆို 10 % ဆိုတာ တရားဝင်လို လုပ်နေကြပြီ အဲလို ချမ်းသာကုန်ကြတာပဲ ''

"သယံဇာတ ပေါတဲ့ ကျနော်တို့ နိုင်ငံ ဘာလို့ ဆင်းရဲနေကြရတာလည်း ''

"သယံဇာတကနေ ရတဲ့ အချိုးကျဝေစု နဲ့ အခွန်အခက တကယ်တန်းကျတော့ အစိုးရ အသုံးစရိတ်ထက် နည်းတယ် ကွ ဒါကြောင့် အကြွေးတင်နေတာပေါ့ ''

"ကျနော်မေးတာက ပြည်သူတွေ ဘာကြောင့် မွဲနေရတာလည်း ''

"ချမ်းသာလောက်တဲ့ စားသောက် နေထိုင်မှု စီးပွားရှာနိုင်မှု မရှိလို့ဆိုတဲ့ ပြစ်ချက်က အဓိကပဲ ကွ ''

"မဟုတ်သေးပါဘူး ဗျာ ''

"ရပ်ကွက်ထဲက ​​ယောကျ်ား​တွေရဲ့အရက်သောက်နှုံး ၊ ကွမ်းစား ဆေးသောက်နှုံး ၊ မိန်းမတွေရဲ့ ချဲထိုးနှုံး အဝတ်အစားလော်မာနှုံး တွေ ပြန်ကြည့်လိုက်လေ ''

"ဒီလောက်ကတော့ ရှိမှာပေါ့ ''

"တနေ့ကို တသောင်းဝင်တဲ့ မိသားစုမှာ အပိုကုန်ငွေ ၅၀၀၀ လောက် သုံးနေမှတော့ တကယ်လိုအပ်တဲ့ စားစရာ နေစရာ အတွက် ဘယ်လို လုံလောက်ပါ့မလဲ ကွာ ''

"ဒီထက် ချွေတာရလည်း ငတ်သေရုံပဲလေ ''

"အရက် ဆေးလိပ် ကွမ်း ချဲ ဖဲ ဖြတ်နိုင်ရင် လူတန်းစေ့ နေနိုင်ပါတယ် ကွာ အလုပ်လည်း မပျင်းမရိ လုပ်မယ်ဆိုရင်ပေါ့ ''

"ဦးလေးကလည်း အလုပ်က ရှိအုံးမှလေ ''

"မင်း အခု ဘာလုပ်သလဲ ''

"အလုပ်မှ ရှာမရတာ ဗျာ ဘယ်ရှိမလဲ ''

"ကောင်းပြီလေ မြေဆီစက်ရုံ နဲ့ သံရည်ကျိုစက်ရုံမှာ အလုပ်ရမယ် မင်း အခုလုပ်မလား ငါ လိုက်ပို့မယ် တရက် ၅၀၀၀ ရမယ် ''

"ဟာ အဲဒါတွေလည်း မလုပ်ချင်ပါဘူး ဗျာ ''

"မင်းလိုလူငယ်တွေ များနေလို့ မွဲနေတာ ဆိုရင် မင်းလက်ခံ မှာလား ''

"ဟာ ဗျာ ဘာဆိုင်လဲ ဗျ ''

"မင်း မိသားစု ဘယ်လောက် ဝင်ငွေကောင်းကောင်း မင်းတယောက် ဖြုန်းနေတာ နဲ့ လူမွေးမပြောင်ဖူးလို့ ငါ ပြောရဲတယ် ကွ''

"ဟာ ဦးလေးက ဘလိုင်းကြီးဗျာ ကျနော် ဘာလုပ်နေလို့လဲ အလုပ်မရှိတာပဲ အပြစ်လား ဗျ ''

"မဟုတ်ဖူး ကွ မင်းက ဆေးစွဲနေတဲ့ ကောင်ပဲ ဆေးမချရရင် အိမ်က ရှိသမျှ ခိုးရောင်းပြီး ဆေးချမှာပဲ ဒီတော့ မင်းမိဘတွေ ဘယ်လောက်ရှာရှာ ကုန်မှာပဲ ''

"ဟာဗျာ ကျနော် ဆေးမချပါဘူး''

        သူငြင်းနေလို့ ကျနော် ကိုစိုးကို လှမ်းကြည့်လိုက်တော့ ကိုစိုးက သူ့တူကို ဇာတ်ပိုးခပ်ဆတ်ဆတ် တချက်ရိုက်ပြီး..

  " ဟေ့ ကောင် မင်း ငမျိုးကို ငြင်းမနေနဲ့ ဒီကောင်က မင်းလို ဆေးသမား သုံး/လေး ဆယ် နဲ့ တောထဲမှာ လပေါင်းများစွာ သစ်ထုတ်လာတာ ဆေးသမား အထာတွေ အရမ်းကျွမ်းတယ် ''

"တခါတလေ ပါဗျာ''

"အေးကွ ရှမ်းတွေက အဲဒီ wy ကို ဘယ်လို ခေါ်သလဲ သိလား ''

"ရာဘ ၊ လိမ္မော်သီး ၊ အသီး အမျိုးမျိုး ခေါ်ကြတာပဲ''

"သူတို့ခေါ်တဲ့ မင်းမသိတဲ့ တမျိုးက အဓိပ္ပါယ် ရှိတဲ့ အမည် ဗျာ ''

"ဘာတဲ့လဲ ဗျ ''

"WY ကို တလုံးလို လို့ ခေါ်တယ် ဘယ်လောက် ရှူရှူ မဝလို့ အမြဲတမ်း ရှူချင်နေလို့ တလုံးလို လို့ အမည်ပေးထား​ကြတာ ''

"ငမျိုးရေ ဒီကောင်က အရက်လို များရင် မှောက်မသွားဖူးလား ''

"မမှောက်ဖူး သူက ကြိုက်သလောက်ချ မှောက်မသွားဖူး ဒါကြောင့် ဘယ်လောက်ချချ မဝတတ်လို့ တလုံးလို ဆိုပြီး နာမည်ပေးထားတာ ''

"အန္တရာယ်ပဲ ကွ ''

"မှန်ပါ့ဗျာ ခင်ဗျားတူ အဆင့်က နုပါသေးတယ် ဖြတ်မယ်ဆို ရပါသေးတယ် ''

"ဟေ့ကောင် ကြားလား သူတောင်းစား ငါနဲ့တွေ့မယ် မင်းအဖေပါ နရင်းရိုက်ပစ်မယ်.....ဒါနဲ့  နေအုံးကွ ငမျိုး သူ့ထက်ဆိုးတဲ့ အဆင့်ဆိုတာ က ''

"သူ့ထက်ဆိုးရင် သွားတွေ ကျဲသွားမယ် ယိုင်သွားမယ် နောက်ဆုံး တချောင်ကျွတ် နှစ်ချောင်းကျွတ်  အခွေလိုက်ကျွတ်ကြသွားမယ် ''

"ကြောက်စရာကွာ ဘာလို့ အဲလိုဖြစ်သွားတာလဲ ''

"သူ့ဆေးကိုက အပြင်းစား အက်ဆစ်တွေ နဲ့ ဆေးမြစ် သစ်ခွ အစရှိတဲ့ အရာတွေ နဲ့ ပေါင်းစပ်ထားတာ လေ အခု စျေးအပြိုင်ချရောင်းရင် အက်ဆစ်တွေပဲ များလာတော့ သူ့အငွေ့ နဲ့ တိုက်ရိုက်ထိရတဲ့ နုနယ်သော သွားဖုံးတွေက အက်ဆစ်ဒဏ်ခံရပြီး ပြိုကျပျက်ဆီးလာလို့ သွားတွေကို မထိမ်းနိုင်တော့ဖူးလေ ''

"အေးကွာ ကြောက်စရာပဲ မင်းဆီခေါ်လာတာ နိုင်ငံရေး အစွဲချွတ်ပေးမလို့ဟေ့ အခုတော့ ဆေးသမား ဘဝပါ ချွတ်ပေးရတော့မယ် ကျေးဇူးပဲ ကွာ ''

"ပြောစရာလား ကိုကြီးစိုးရာ ခင်ဗျားတူဆိုတာ ကျနော့်တူပါပဲ ကဲ ငါ့တူရေ ဦးမျိုးကို စိတ်မဆိုးနဲ့ မင်းဘဝ အတွက် ပြောတာပါ ''

"သူစိတ်ဆိုးလဲ ခဏပေါ့ကွာ နောက်တော့ မင်းကို လာကန်တော့လိမ့်မယ် ကဲ ပြန်ကြစို့ကွာ ဒီနေ့တော့ WY ဗဟုသုတ ပေါ့ ''

"အဲလို မပြောနဲ့ ဗျ အခု ပြောတဲ့ WY အကြောင်းက အပေါ်ယံ ပဲ ရှိသေးတယ် တံဆိပ်တွေကြည့်ပြီး 
Y ထူ ၊ Y ပါး ၊ Y တို ၊ Y ရှည် နဲ့ အဆင့်မြင့် ice တွေ ကျန်သေးတယ် ''

"အမလေးကွာ တော်ပါပြီ အ​မြည်းနဲ့တင် ခေါင်းမူးပြီ ကွ''

(လူငယ်များ မူးယစ်နွံအတွင်းမှ လွတ်ကင်းကြပါစေ)

             မျိုးဝင်း