Friday, June 11, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (22)

 .......ဒီပြဿနာကလည်း ဦးသိန်းစိန် ပြုတ်ကျရေးအတွက် အရေးပါတဲ့ အဓိကရုဏ်းဖြစ်လို့ ကျနော် မှတ်မိသလောက် အသေးစိတ် ရေးပြချင်ပါတယ် ။

        ကျောင်းသားသမဂ္ဂကနေ ဦးသိန်းစိန် အစိုးရဆီကို ရာဇသံပို့တယ် ဗျ ။ သူတို့ သတ်မှတ်တဲ့ ကာလအတွင်းမှာ ဒါတွေကို လုပ်ပေးပါ ပေါ့ ။ လုပ်မပေးရင် အကြီးအကျယ် ဆန္ဒပြကြမယ် ဆိုပြီး အစိုးရကို ခြိမ်းခြောက်တောင်းဆိုကြပါတယ် ။ 

      သတ်မှတ်ကာလ ရောက်တော့ ဘာမှ လုပ်မပေးလို့ ဆိုပြီး ဆန္ဒပြကြပါတယ် ။ မန္တလေးက ဆန္ဒပြစစ်ကြောင်းဟာ ရန်ကုန်ကို ခြေလျှင် ချီတက်လာပါတယ် ။ အံမယ် အမြန်လမ်းက မလာဖူးဗျ မန္တလေး နွားထိုးကြီး မြင်းခြံလမ်း ကနေ လာကြတာပါ ။ 

    လူစုဖို့ရည်ရွယ်ချက်နဲ့ကိုး ဗျ ။ လူအနည်းငယ်နဲ့ ချီတက်လာတဲ့ မန်းသပိတ်စစ်ကြောင်းဟာ အနီကြောင်မြင်းခြံမြို့မှာ အဆမတန် အင်အားကောင်းသွားပြီ ။ သပိတ်တို့ရဲ့ ထုံးစံအတိုင်း အင်အားကောင်းလာပြီဆိုရင် သွေးကြွပြီး ကိုယ့်ကိုကိုယ် အထင်တကြီး နဲ့ ပေါက်ကရ လုပ်တော့တာပဲ ။

       မြင်းခြံကောလိပ်မှာ နိုင်ငံတော် အလံကို ချပြီး ကျောငသား သမဂ္ဂအလံ တင်ကြသတဲ့ ။ ပြစ်မှု ဘယ်လောက်ကြီးတယ် ဆိုတာ လုပ်တဲ့ ကလေးတွေက ဘယ်သိမလဲ လေ သူများမြှောက်ပေးလို့ လုပ်ပြတာကို ။

        လူစုရင်း ချီတက်လာတဲ့ သပိတ်စစ်ကြောင်းကို အစိုးရကနေ ဝန်ကြီးအဆင့်တွေထိ စေလွှတ်ပြီး တောင်းဆိုချက်တွေထဲက လိုက်လျှောနိုင်သမျှ လိုက်လျှောပေးခဲ့ကြပါတယ် ။ 

       ဒါပေမယ့်မရပါဘူး အလျော့အတင်းမရှိ ဇွန်တောင်းဆိုနေကြပြီး သပိတ်စစ်ကြောင်းဟာ မကွေးတိုင်းကို ဖြတ်ပြီး ပဲခူးတိုင်းထဲအထိ ရောက်လာပါပြီ ။ ချက်ခြင်း မလိုက်လျှောနိုင်တဲ့ အချက်က ပညာရေးအသုံးစရိတ် ​ရာခိုင်နှုံး မည်မျှ သုံးပေးရန်ဆိုတဲ့ အချက်ပါနေတယ် ။ 

       ဘက်ဂျက် အသုံးစရိတ်ဆိုတာ လွှတ်တော်ကို တင်ပြရကြောင်း ၊ လွှတ်တော်က ခွင့်ပြုမှသာ သုံးလို့ရကြောင်း ဒါကလည်း ဘက်ဂျက်ရာသီမှာသာ တင်ပြခွင့်ရှိကြောင်း သဘာဝကျကျ ရှင်းပြပေမယ့် တမင်ပြဿနာရှာဖို့ လုပ်ကြံနေတဲ့ သပိတ်က လက်မခံပါဘူး ။ 

           ပဲခူးအရောက်မှာ ရန်ကုန်တိုင်းထဲ မဝင်စေနဲ့ ဆိုတဲ့ အမိန့်အရ ပဲခူးတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်းက လက်ပန်းတန်းမှာ တားထားပါပြီ ။

      ခေါင်းဆောင်တွေကို လွှတ်တော် ဆွေနွေးပွဲ ခန်းမမှာ တကူးတကခေါ်ပြီး ဆွေးနွေးကြပါတယ် ။ ကလေကချေ အပြုအမူ နဲ့ ခွပ်ဒေါင်းအလံကို ခန်းမအတွင်း ဖြန့်ပြပါတယ် ။ 

      အစိုးရက ဆယ်တန်း စာမေးပွဲ နီးနေပြီဖြစ်လို့ ပြဿနာကို ဖြတ်ချင်တာနဲ့ ကျောင်းသားတွေ တောင်းဆိုချက် အားလုံးကို လိုက်လျှောပါတယ် ၊ သပိတ်လှန်ပြီး အိမ်ပြန်ကြပါလို့ ပြောပါတယ် ။

        သပိတ်ခေါင်းဆောင်တွေ သွေးနထင်ရောက်သွားပေပြီ ။ နောက်နေ မြှောက်ပေးနေတဲ့ NLD တွေ နဲ့ ကျော်သူတို့ကတော့ ရန်ကုန်အထိ ချီတက်ပြီး ရွှေတိဂုံရင်ပြင်မှာ အောင်ပွဲခံကြမယ်လို့ စီစဥ်ကြပါတယ် ။ ဒီတော့ သပိတ်မလှန်ဖူး ရန်ကုန်ထိ ချီတက်မယ် ပြီးမှ သပိတ်လှန်မယ် ဆိုပြီး လုပ်ကြပြန်ပါရော ။ 

        ဦးသိန်းစိန်အစိုးရ အလွန်အမင်း စိတ်ပျက်သွားပါပြီ ။ သပိတ်ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ပညာရေးတောင်းဆိုမှုတွေကို အလုံးစုံ လိုက်လျှောပြီးပါပြီ ။ သပိတ်တိုက်ပွဲကြီး အောင်မြင်ပါပြီ ။ ဒါကို အားမရသေးဖူး ရန်ကုန်အထိလာပြီး ဆူဆူပူပူ လုပ်မယ်ဆိုတာကတော့ အစိုးရ အနေနဲ့ စော်ကားခံကပြီလို့ သတ်မှတ်လိုက်ပါတယ် ။

       ဦးသန်းစိန်က ပဲခူးတိုင်း နယ်လုံဝန်ကြီးကို အပြတ်အမိန့်ပေးပါတယ် ၊ ရန်ကုန်တိုင်းနယ်နမိတ်အတွင်း ကျောင်းသားသပိတ်ဝင်လာရင် မင်းတာဝန် ပဲ တဲ့ ။ ဘယ်နည်းနဲ့ တားတား ရအောင်လုပ်ပါ လို့ အမိန့်ပေးခဲ့တယ် ။ 

        ဗိုလ်မှူးကြီးသက်ထွန်းလည်း လက်ပန်းတန်းသပိတ်စစ်ကြောင်းကို ကြည့်ပြီး ရှေ့က လွှတ်ပေးလိုက်တဲ့ မန္တလေးတိုင်း ၊ မကွေးတိုင်း ​နဲ့  အစိုးရကို ဆဲမိတာပေါ့ ဖမ်းစရာရှိ အစောကြီး မဖမ်းပဲ နဲ့ သူ့နယ်ထဲကျမှ ဖြိုခွဲခိုင်းတာ ကိုး ။ 

      ဗိုလ်မှူးကြီးသက်ထွန်းဆီကို ရန်ကုန်တိုင်း နယ်လုံဝန်ကြီးက ဖုန်းဆက်ပြန်တယ် ။ ငါ့ညီရေ မင်းဖက်က တုတ်နဲ့ရိုက် မဖြိုခွဲလို့ ရန်ကုန်တိုင်းနယ်နမိတ်ထဲ ဝင်လာရင်တော့ ငါက သေနတ်ပစ် ဖြိုခွဲမှာ ဗျာ အမိန့်ရထားပြီ မင်းလုပ်စရာ ရှိတာ လုပ်ဗျာ တဲ့ ။ 

        ဘာလုပ်ရမလဲ စဥ်းစားနေတုန်း သပိတ်က အစာငတ်ခံနေတဲ့ ကလေးတွေဆီ ခေါက်ဆွဲကျော် ခိုးပို့နေတဲ့ ကားဖမ်းလာလို့ ပြန်လွှတ်ခိုင်းလိုက်ရပါသေးတယ် ။ နိုင်ငံရေးကစားကွက်ကြား ညှပ်နေတဲ့ ဗိုလ်မှူးကြီးသက်ထွန်းကလည်း ပါးနပ်ပါတယ် ။ 

       ပဲခူးတိုင်း ဥပဒေအရာရှိကို ခေါ်တယ် ၊ တိုင်ပင်တယ် ။ ဥပဒေအရာရှိက အကြံပေးပါတယ် အခုနေ ခေါင်းဆောင်တွေကို ဖမ်းချုပ်ရင် အာမခံပေးလို့ရတဲ့ ပုဒ်မနဲ့ပဲ ဖမ်းဆီးနိုင်မယ် ၊ အကယ်၍ နောက်တကြိမ်ဖမ်းချင်ရင် ဖမ်းခွင့်မရှိတော့ဖူး တဲ့ ။

     ဘယ်လိုဆိုရင် ရက်ကြာကြာ ဖမ်းထားလို့ ရမှာလဲ ဆိုပြီး ပြန်မေးတော့ သူတို့ဖက်က စတင်ပြီး အကြမ်းဖက်လာရင် ရက်အကန့်အသတ်မရှိ ဖမ်းချုပ်ထားလို့ ရတယ် လို့ အကြံပေးပါတယ် ။

      နောက်နေ့မှာ ဗိုလ်မှူးကြီးသက်ထွန်းက သပိတ်ခေါင်းဆောင်တွေကို ခေါ်ပြီး ကဲ မင်းတို့ သွားချင်တဲ့ ရန်ကုန်ကို သွားကြဖို့ ငါ ခွင့်ပြုပေးမယ် လို့ ပြောလိုက်တော့ အားလုံးပျော်သွားပြီး စကားမဆုံးသေးဘူး အပြင်ပြေးထွက်ပြီး ငါတို့ ရန်ကုန်သွားလို့ ရပြီ ဟေ့ လို့ သတင်းပေးလိုက်ပါတယ် ။

      အပြင်က ကျောင်းသားတွေလည်း အုံးအုံးကျွက်ကျွက်ဖြစ်သွားပါတယ် ။ ဒီတော့မှ ဗိုလ်မှူးကြီးက ပြန်ခေါ်ပြီး ကဲ မင်းတို့ လိပ်စာတွေ ပေးကြ မင်းတို့ မြို့တွေကို လိုက်ပို့မယ် ပြီးတော့မှ ရန်ကုန်ပြန်သွားကြ ကွာ လို့ ဆက်ပြောတယ် ။ 

        အဲဒီမှာ ဟာ ဟင် နဲ့ ဖြစ်သွားကြပြီး ဒီအစုအဖွဲ့နဲ့ပဲ သွားကြမှာ ဖြစ်ကြောင်း ပြောပါတယ် ။ မင်းတို့ တောင်းဆိုတာ ရပြီပဲ ဘာသွားလုပ်မှာလဲ ဆယ်တန်းစာမေးပွဲ ဖြေတော့မယ် မလုပ်ကြပါနဲ့ ပြောလည်း မရတော့ပါဘူး ။ 

      အပြင်သွားပြီး ရန်ကုန်သွားလို့မရတော့ဘူး အစောက လိမ်ပြောတာ ဘာညာ နဲ့ ပြောလိုက်တော့ အားလုံး သွေးဆူ ဒေါသဖြစ်သွားကြပါတယ် ။ နောက်ဆုံး မထိမ်းနိုင်ပဲ ကျောင်းသားအချို့က ရေဗူးတွေ ခဲတွေ နဲ့ စတင် ပစ်ခတ်ကြပါတယ် ။ 

      အဲဒါကို စောင့်နေတဲ့ ဗိုလ်မှူးကြီး သက်ထွန်းက ဖြိုခွင်းဖို့ အချကိပေးလိုက်တော့ မှ ရဲတွေက ဖြိုခွင်းမှု စတင်ပါတယ် ။

        အဲဒီဖြစ်စဥ်ကို မီဒီယာအားလုံး မြင်တွေ့ကြပါတယ် ။ ဒါပေမယ့် ကျောင်းသားတွေက စတင်ပြီး ခဲ ရေဗူးတွေနဲ့ ပစ်ကြတာကို မဖော်ပြပဲ ရဲတွေ ရိုက်နှက်နေကြတဲ့ ပုံတွေပဲ ပလူပျံအောင် ဖြန့်ချီပြီး အစိုးရကို အပုပ်ချပါတော့တယ် ။

      ရှားရှားပါးပါး 7day သတင်းထောက် ဥက္ကာမင်းမောင် တယောက်ပဲ အမှန်အတိုင်း အင်တာဗျူးတယ် ရေးလည်းရေးခဲ့ပါတယ် ။ အမှန်တရားသမား ဥက္ကာမင်းမောင်ကို 7 day ဂျာနယ်က အလုပ်ဖြုတ်သလို မီဒီယာလောကသားတွေကလည်း ကျဥ်ထားကြပါတယ် ။ 

     မိမိအမှန်အတိုင်း ဖော်ပြတာကို လက်မခံရဲတဲ့ မြန်မာ့မီဒီယာလောကရဲ့ သုံးစားမရတဲ့ ဘက်လိုက်မှုကို သိသွားပြီး ဥက္ကာမင်းမောင်လည်း အဲဒီစိတ်နဲ့ ဆုံးပါးသွားခဲ့ရပါတယ် ။ 

        ဒါတွေကို ဘယ်လိုသိလဲဆိုတော့ ဗိုလ်မှူးကြီးသက်ထွန်းကိုယ်တိုင် ကျကျနန ပြောပြခဲ့လို့ သိရတာပါပဲ ။ သူလည်း ယခုတိုင် ကျန်းကျန်းမာမာ နဲ့ မြန်မာပြည်အနှံ့ခြေဆန့်နေတုန်းပါပဲ ။ 

       ဦးသိန်းစိန်းအစိုးရဟာ အဲဒီလို မီဒီယာလောကရဲ့ တဖက်သတ် အပုပ်ချ တိုက်ခိုက်နေမှုကို တောက်လျှောက်ခံနေကြရပြီး သူတို့ရဲ့ ကောင်းမှုလုပ်ငန်းတွေကတော့ ဖုံးကွယ်ခံနေရပါတယ် ။

     ရေကြီး ရေလျှံပြီး ပြည်သူတွေ ဒုက္ခရောက်ချိန်မှာ ဦးသိန်းစိန်ဟာ သမ္မတ အထူးရံပုံငွေထဲကနေ ထောက်ပံ့ခဲ့ပါတယ် ။ ပစ္စည်း ၃၆ မျိုးကို ပလပ်စတစ်ပုံးကြီးတွေနဲ့ စနစ်တကျထည့်ပြီး ရေဘေး ဒုက္ခသည် မိသားစုအားလုံး ဆင်းရဲ ချမ်းသာမရွေး မိသားစုဝင် လေးဦး နဲ့ အောက်ကို တပုံးစီ ၊ လေးဦးနဲ့အထက်ကို နှစ်ပုံးစီ အနိမ့်အမြင့် မရွေး ကူညီခဲ့ပါတယ် ။

       အဲဒီသတင်းကို မီဒီယာအများစု မဖော်ပြခဲ့ပါဘူး ။ ဒါပေမယ့် မဆီမဆိုင် ဦးရွှေမန်းကြီးက ရေဘေးဒုက္ခသည်တွေကို အဲဒီပစ္စည်းတွေ ထောက်ပံ့အောင် သူခွင့်ပြုပေးလိုက်တာ ဆိုပြီး အချောင်ပဏာယူ ပြောတာကြတော့ ဝေဝေဆာဆာ ဖော်ပြကြပါတယ် ။ ဦးရွှေမန်းက ဒေါ်စုကြည် နဲ့ ဆက်ဆံရေး အဆင်ပြေနေတာကိုး ဗျ ။ 

         ဦးသိန်းစိန် အတွက် နောက်ထပ် အမဲစက်ကြီးတခုကို ထပ်ပြီး လုပ်ပေးတဲ့ ဝန်ကြီးဌာနကတော့ သာသနာရေးဝန်ကြီးဌာန ပါပဲ ။ ဦးအောင်ကိုက ဒုတိယဝန်ပြီး ဦးဆန်းဆင့်က ဝန်ကြီးဖြစ်နေတဲ့ ကာလမှာပါ ။ ဖြစ်ခဲ့ရတဲ့ ပြဿနာက အကြီး ကြီးပါပဲ ။ 

      ပီနန်ဆရာတော်ကြီးရဲ့ မဟာသန္တိသုခ ကျောင်းတိုက်ကြီးနဲ့ ပတ်သက်နေပါတယ် ။ ဒီကျောင်းတိုက်ကြီးကို သံဃနာယက အဖွဲ့ကပိုင်သလိုလို ၊ ပီနန်ဆရာတော်ကြီးက ပိုင်သလိုလို နဲ့ ပြဿနာဖြစ်နေတာပါ ။ 

     သာသနာရေးဝန်ကြီးဌာနက အပိုင်စီးဖို့ စာတွေထုတ်တော့ ပီနန်ဆရာတော်ကြီးက ဦးသိန်းစိန်ကို တိုက်ရိုက်မိန့်ကြားပါတယ် ။ ဦးသိန်းစိန်က ကျောင်းရဲ့ ရာဇဝင်ကို သိထားပြီး ဖြစ်တော့ ဆရာတော်ကြီးကို အေးအေးဆေးဆေး သီတင်းသုံးတော်မူပါဘုရား ဘာမှ မဖြစ်စေရပါဖူးလို့ လျှောက်ထားခဲ့ပါတယ် ။

      ဦးသိန်းစိန် သိထားတဲ့ ကျောင်းကြီးရဲ့ ဖြစ်တည်မှု ရာဇဝင်က ဘယ်လိုလဲ ၊ လူယုတ်မာအောင်ကိုတို့ ဘယ်လို ကောက်ကျစ်မလဲ ဆိုတော့.......

        မျိုးဝင်း