Wednesday, June 9, 2021

ဝင်မပါ ပါနဲ့၊ ငြိမ်ငြိမ်နေကြပါ

ဝင်မပါ ပါနဲ့၊ ငြိမ်ငြိမ်နေကြပါလို့ ဆိုတာ EAO လို့ ခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပြောနေတာပါ။ အရင်တုံးကတော့ သူပုန်၊ သောင်းကျန်းသူ၊ အဖျက်သမား၊ ငပွေး စသည်ဖြင့် ခေါ်တာပေါ့။ အင်တာနေရှင်နယ်မှာ အိုးမဲသုတ်ချင်ရင်တော့ အကြမ်းဖက်သမားလို့ နာမယ်တပ်တာပေါ့။ အကြမ်းဖက် တဲရိုရစ် လို့ခေါ်ရင် အနောက်ကမ္ဘာက မုတ်ဆိတ်နဲ့ တွဲမြင်ပီး အရေးတယူ လုပ်ကြလွန်းလို့ နစက နဲ့ အင်ယူဂျီဟာ၊ တဖက်နဲ့ တဖက် အကြမ်းဖက့် နာမယ်တပ်ပီး အပြန်အလှန် စွပ်စွဲနေကြတယ်။
အခုပြောနေတာ ခါတော်မီ အကြမ်းဖက်သမားတွေကို မဟုတ်။ အမှန်အကန် အော်ရီဂျင်နယ် သူပုန် သူကန်တွေကို ပြောတာ။ ဥပမာ… ကရင်ဖက်က ကေအင်းယူ ပေါ့။
တချို့သော အမျိုးသားရေးသမားတွေက ကချင်သူပုန်၊ ကယားသူပုန်၊ ကရင်သူပုန်၊ ချင်းသူပုန် တွေရဲ့ ထကြွမှုဟာ ခရစ်ယာန်ဘာသာဝင် အချင်းချင်းမို့လို့ ဆိုတဲ့ ဘာသာရေးအကြောင်းခံနဲ့ ချိတ်ဆက် အဓိပ္ပါယ်ဖေါ်ကြတယ်။
ဒါကို လုံးဝမှားတယ်လို့ ပြောမယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လဲ မဟုတ်လို့ပါ။ ပီးတော့ ဘာသာရေးနဲ့ နိုင်ငံရေးရောထွေးလိုက်ရင် တဒင်္ဂ မခံချင်စိတ်ကို နှိုးဆွနိုင်ပေမဲ့ မဟာဗျူဟာမြောက် အမှားကို ကျူးလွန်လိုက်သလို ဖြစ်စေလို့ တကယ်ဟုတ်ခဲ့ရင်တောင် ဘေးဖယ်ပစ်ရမဲ့ အကြောင်းဖြစ်ပါတယ်။ သေချာတာက ကချင်၊ ကယား၊ ကရင်၊ ချင်း အဖွဲ့တွေရဲ့ ခုခံစစ်သာ ဘာသာရေးကို အကြောင်းခံရိုးမှန်ရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေဆိုတာ ဖြစ်လာစရာ အကြောင်းတောင် မရှိပါဘူး။
လောလောဆယ် ၂၀၂၀ အာဏာလုပွဲနဲ့ မရှေးမနှောင်း ကချင်၊ ကယား၊ ကရင်၊ ချင်း ဒေသတွေမှာ ဖြစ်လာတဲ့ တိုင်းရင်းသားခုခံစစ် (သံတမန်ဆန်ဆန်လေး ခေါ်လိုက်တာ😅) တွေဟာ ပုံသဏ္ဍန် မမှန်ပါဘူး။ ဒီလေးဖွဲ့နဲ့ ပါတ်သက်ပီး ကိုမိုးစက် အရင်ရေးခဲ့ဖူးတဲ့ Post ထဲက အချက်အချို့ကို ပြန်ပီး ဖေါ်ပြချင်ပါတယ်။

ကချင်
ကချင်က ရှင်းတယ်။ NLD နဲ့ ရှုပ်ရှုပ်ယှက်ယှက် မရှိဘူး။ ကချင်ဒေသမှာ ဖြစ်နေတဲ့ စစ်တွေဟာ သူတို့လူမျိုးစုရေးရာ နဲ့ လူမျိုးစုနယ်မြေစိုးမိုးရေး အတွက်သက်သက် ဖြစ်တယ်။

ကယား
သူလဲ ကချင်လိုပဲ။ NLD နဲ့ ရှုပ်ရှုပ်ယှက်ယှက် မရှိဘူး။ ကယား ဒေသမှာ ဖြစ်နေတဲ့ စစ်တွေဟာ သူတို့လူမျိုးစုရေးရာ နဲ့ လူမျိုးစုနယ်မြေစိုးမိုးရေး အတွက်သက်သက် ဖြစ်တယ်။

ကရင်
ကရင်ကတော့ NLD နဲ့ နိုင်ငံရေးအရ ပါတ်သက်မှုအရှိဆုံးပဲ။ ၁၉၈၈ အရေးအခင်းကစလို့ ပြည်မနိုင်ငံရေးအစုအဖွဲ့တွေနဲ့ ဒူးတင်ပေါင်တင် မရှင်းမရှင်း ဖြစ်နေတဲ့ အဖွဲ့ဟာ ကရင် ပဲ။ ကရင်ဒေသမှာ ဖြစ်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ သူတို့ ကရင်လူမျိုးစုရေးရာ နဲ့ ကရင်လူမျိုးစုနယ်မြေစိုးမိုးရေးအတွက် သက်သက်ပါလို့ ပြောဖို့တောင် ခက်နေတဲ့ လှုပ်ရှားမှုတွေ ဖြစ်တယ်။

ချင်း
လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခ မရှိတဲ့ ချင်းပြည်နယ်မှာ မင်းတပ်မြို့ကို အခြေခံတဲ့ လက်နက်ကိုင် ပုန်ကန်ထကြွမှုဟာ ဒေသန္တရ စစ်ရေးပဋိပက္ခသာ ဖြစ်ပီး ချင်းလူမျိုးစု တရပ်လုံးကို ကိုယ်စားမပြုတဲ့ နိုင်ငံရေးပယောဂ တွန်းအားတွေကြောင့် ဖြစ်ရတဲ့ ကိစ္စဖြစ်လို့ မင်းတပ်ဆူပူမှုမှာ NLD ဟာ ရာခိုင်နှုံးပြည့် တာဝန်ရှိပါတယ်။ မင်းတပ်ဆူပူမှုဟာ NLD နဲ့ဆက်စပ်တဲ့ ကိစ္စစင်စစ်ဖြစ်လို့ တိုင်းရင်းသား ခုခံစစ်လုံးဝ မဟုတ်ပါဘူး။

အန်အယ်ဒီပါတီ အာဏာအဆိပ်တက်ပီ တိုင်းပြည်ကို အလုံးစုံပျက်သုဉ်းရေး လမ်းကြောင်းဆီ တွန်းပို့နေချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေဖက်က စစ်ကစားလာတာဟာ မြန်မာစစ်တပ်အနေနဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ဝင်ပါပီး အကျပ်ရိုက် အားလျော့နေချိန်မှာ တိုက်စစ်ဖွင့်ရင် နယ်မြေစိုးမိုးရေး အတွက် အသာစီးရမယ်၊ အထောက်အကူ ဖြစ်မယ်လို့ ယူဆလို့ ဖြစ်တယ်။ တောမီးလောင် တောကြောင် လက်ခမောင်းခပ်တဲ့ သဘောပါ။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တဖွဲ့ချင်းစီမှာ မတူညီတဲ့ လိုလားချက်နဲ့ ရည်ရွယ်ချက်တွေ ရှိကြတယ်။
ဒါပေမဲ့ အန်အယ်ဒီကတော့ တိုင်းရင်းသားတွေရဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒကို ပလပ်ပီး သူတို့ရဲ့ အရေခြုံဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံပီး စစ်ရေးအရ တပ်မတော်ကို တိုက်ခိုက်သယောင်ယောင် ပုံမှားရိုက် အမြတ်ထုတ် အသုံးချလိုက်တယ်။
ဒါကို ကချင် နဲ့ ကယား က ကောင်းကောင်းသိလို့ ကချင် နဲ့ ကယားမှာ အခြေစိုက်မဲ့ ပီဒီအက်ဖ် တွေကို သူတို့အောက်ထဲ ဆွဲထည့်လိုက်တယ်။ ဒါဟာ မှန်ကန်တဲ့ လုပ်ရပ်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကချင်နဲ့ ကယား လက်နက်ကိုင် တွေဟာ စစ်တပ်ကို ခုခံတိုက်ခိုက်နေပေမဲ့ အန်အယ်ဒီရဲ့ အဆွယ်အပွားတွေကို အပူး မခံလို့ ဖြစ်တယ်။ သဘောက အန်အယ်ဒီ နဲ့ အပေါင်းအပါတွေဟာ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားတွေမှန်း ကချင် နဲ့ ကယားတွေ ကောင်းကောင်း နားလည်တယ်။ မင်းတပ်မှာ ဖြစ်တဲ့ကိစ္စကတော့ ချင်းဒေသမှာဖြစ်လို့ ချင်းကို နာမယ်တပ်ရတာ ဖြစ်ပေမဲ့ မင်းတပ်ကိစ္စဟာ အန်အယ်ဒီရဲ့ ထိုးဇာတ်သက်သက်ပဲ။ မင်းတပ်ကိစ္စမှာ ထိခိုက်နစ်နာသူ အားလုံးဟာ အန်အယ်ဒီပါတီရဲ့ ခုတုံးလုပ်တာခံကြရတဲ့ အစတေးခံတွေသက်သက်ပါ။ အချိန်က စကားပြောပါလိမ့်မယ်။ စောင့်ကြည့်ပါ။
တိုင်းရင်းသားခုခံစစ် ကျင့်သုံးနေတဲ့အထဲမှာ ပုံမလာဆုံးကတော့ ကေအင်းယူ ပဲ။ မြန်မာအစိုးရအဆက်ဆက်ကို သက်တမ်းအရှည်ဆုံး ထော်ကော်ကန့်လန့်လုပ်လာတဲ့ ဖုတ်မကျက် ပြုတ်မနူး လက်နက်ကိုင်တွေပေါ့။ ကရင်လူထု အသီးသီးရဲ့ ကေအန်ယူ အပေါ်ထားတဲ့ မျှော်လင့်ချက့်တွေကို နားလည်ပေးလို့ရပါတယ်။ ဝမ်းနည်းစရာကောင်းတာက ကေအင်န်ယူ ဟာ အင်န်အယ်ဒီလိုပဲ သူတို့ကို ယုံကြည်အားထားနေတဲ့ ပြည်သူလူထုကို လိမ်လည်လှည့်ဖျား နေတယ်။ ပီးတော့ ကေအင်န်ယူဟာ စစ်တပ်နဲ့ရော အင်န်အယ်ဒီနဲ့ပါ အတွင်းကျကျ ပတ်သက်ပီး လှေနံ နှစ်ဖက်နင်းနေတဲ့ ရပ်တည်ချက်ခိုင်မာမှုမရှိသော အဖွဲ့ ဖြစ်တယ်။ 
လောလောဆယ် အင်န်အယ်ဒီပါတီ အာဏာအဆိပ်တက်ပီး သေကောင်ပေါင်းလဲ ဖြစ်နေချိန်မှာ ဒေါင်းရူးတုတ်ကွေး ဗိုင်းရပ်စ် အကူးခံရတဲ့ ပြည်မက လူတွေဟာ ခြေဦးတည့်ရာ ပြေးရင်း ကချင်၊ ကယား၊ ကရင် ဒေသတွေဆီကို ရောက်နေကြတယ်။ ကရင်တွေဆီမှာ အများဆုံးဖြစ်လိမ့်မယ်။
အင်န်အယ်ဒီက လူတွေဟာ စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်လို့ ပြေးရတိုင်း တိုင်းရင်းသားလက်နက်ကိုင် ဒေသကို ပြေးကြတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ ကလဲ လက်ခံကြတာပါပဲ။ 
ဒါပေမဲ့ အခြေအနေတွေ တည်ငြိမ်သွားလို့ ပြည်တွင်းပြန်ရောက်သွားတဲ့ အင်န်အယ်ဒီတွေ၊ ပြည်ပရောက်သွားတဲ့ အရေခြုံဒီမိုအရေစီလှုပ်ရှားသူတွေဟာ သူတို့ ဒုက္ခရောက်နေချိန် မစခဲ့သူတွေကို ဆေးဖေါ်ကြောဖက် မလုပ်ပါဘူး။ အတိုပြောရရင် အင်န်အယ်ဒီပါတီ နဲ့  အရေခြုံဒီမိုအရေစီလှုပ်ရှားသူတွေဟာအမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား အချောင်သမား စိတ်ရှိတယ်လို့ ဆိုချင်တာပါ။ အခန့်မသင့်ရင် နာမယ်ပါဖျက်ကြအုံးမှာ ဖြစ်တယ်။ ပါဂျောင်လို၊ ထ၃လုံး လို ဇာတ်လမ်းမျိုးတွေနဲ့ပေါ့။
အခုဆိုရင် အင်န်အယ်ဒီဟာ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ကိုကျော်ပီး တိုင်းရင်းသား ဆိုတာအထိပါ ပေးဖို့ အသံပစ်နေပါတယ်။ ဒါပေမဲ့ ဒါဟာ ရိုဟင်ဂျာတွေကို စေတနာ ရှိလွန်းလို့မဟုတ်ပဲ သူတို့ရဲ့ အာဏာနီ တည်ဆောက်ရေးအတွက် ရိုဟင်ဂျာတွေကို ခုတုံး လုပ်လိုက်တာသာ ဖြစ်တယ်။ ရိုဟင်ဂျာတွေနဲ့ ပါတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့ လိုက်လျောဆောင်ရွက်ဖွယ်တွေ ရှိတာမှန်ပေမဲ့ NLD-NUG က လုပ်နေသလို အမြင်တိုတို နဲ့ လုပ်လို့် မရပါဘူး။ ဒီလိုလုပ်တာကိုလဲ ရခိုင်တွေက လုံးဝ လက်ခံမှာ မဟုတ်ပါဘူး။ အခုကိုပဲ အင်န်အယ်ဒီရဲ့ ဆဲလ်တွေဟာ သံတွဲမှာ PDF ဖွဲ့လာလို့ ရခိုင်ဒေသနဲ့ လူမှုအသိုက်အဝန်းကြားမှာ ရှုပ်ထွေးမှုကို မြင်ကြရတော့မှာ ဖြစ်တယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ NLD-NUG ဟာ စစ်တပ်ကို ဆန့်ကျင်လို့ မိမိတို့နဲ့ ခံယူချက် အရောင်အသွေး ခြင်းတူတယ်လို့ ယူဆရင် တက်တက်စင်အောင်မှားပီး ဈေးပေါပေါဒါးတချောင်းနဲ့ နောက်ကျောကို အရှိုခံရမှာ သေချာပါတယ်။ ၈၈ တုံးကလဲ တခါဖြစ်ခဲ့ပီးပါဘီ။ 
တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ မြန်မာစစ်တပ်ကို ထိပ်တိုက်ရင်ဆိုင် ဆန့်ကျင်တိုက်ခိုက် နေကြတဲ့အပေါ် အကောင်းအဆိုး မဝေဖန်လိုပေမဲ့ NLD-NUG နဲ့ ပါတ်သက်တာ၊ အပါတ်သက်ခံတာကတော့ ကိုယ့်သေတွင်း ကိုယ်တူးတာပါပဲ။
မြန်မာစစ်တပ်ဟာ တိုင်းပြည်ကို အပြိုကွဲခံမှာ မဟုတ်ဖူး။ NLD-NUG က ကြွေးကျော်နေတဲ့ အလုံးစုံပျက်သုဉ်းရေး ဟာ စစ်တပ်ကို ရည်ညွှန်းပေမဲ့ စစ်တပ်ပြိုကွဲရင် တိုင်းပြည်ပြိုကွဲမယ်ဆိုတာကို မသိကျိုးကျွန်ပြုတာကတော့ NLD-NUG ရဲ့ အာဏာရမ္မက်တက်ခြင်း သရုပ်မှန်ပဲ ဖြစ်တယ်။ အချို့တိုင်းရင်းသားတွေက လူမျိုးရေးမုန်းတီးမှုကို အခြေခံပီး မြန်မာနိုင်ငံအလုံးစုံ ပျက်သုဉ်းရေးကို အာသီသရှိနေတာကြလဲ ရှိမယ်။ ဒါကတော့ နိုင်ငံရေးအမြင်တိုမှု၊ နိုင်ငံရေးကျပ်မပြည့်မှု၊ နိုင်ငံရေးသူငယ်နာမစင်မှု လို့ပဲ ဆိုပါမယ်။
တိုတိုနဲ့ လိုရင်းကို ချုပ်ပြောရရင် တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ မြန်မာစစ်တပ်ကို ခုခံတိုက်ခိုက်ချင်တဲ့ အာသီသကို ခေတ္တခဏ ချိုးနှိမ်ထားပါ။
မြန်မာ့နိုင်ငံရေးလောကထဲက လစ်ဘရယ်သမားတွေ၊ ဒီမို သမားတွေဟာ နိုင်ငံရေးလုပ်စားပီး လျှာအရိုးမရှိတိုင်း ပြောချင်ရာပြောနေကြတာဖြစ်လို့ အဲဒီလို ပါတီထောင်စားတဲ့ လူတွေပြောတဲ့စကားတွေဟာ သုံးခွက် တခွက်တင်ကျိုပီး ခြင်းကြားထဲလောင်းထဲ့လို့ ကျန်သလောက်သာ ယုံလို့ရတာပါ။
အဲဒီတော့ သူတို့ပြောတာယုံပီး NLD-NUG ရဲ့ တိုင်းဖျက်ပြည်ဖျက်လုပ်ငန်းတွေမှာ အလိုတူအလိုပါ ဝင်ပါမိရင်တော့ စစ်တပ်ရဲ့ချေမှုန်းတဲ့အထဲ ကြားညှပ်ပီး ပါသွားပါလိမ့်မယ်။
ဒါကြောင့် NLD-NUG ရဲ့ အာဏာရူးပီး မစားရတဲ့အမဲ သဲနဲ့ပက်နေတဲ့ အလုံးစုံပျက်သုန်းရေးထကြွလှုပ်ရှားမှုတွေ မှာ ဝင်မပါကြပါနဲ့။ ငြိမ်ငြိမ်ကလေး နေကြပါလို့။
ကိုမိုးစက်ထွန်း။

https://www.facebook.com/103573278177079/posts/268500098351062/