Sunday, July 11, 2021

ဘုန်းကြီး နဲ့ ခွေး မငတ်သေးဘူး ခေတ်ပျက်ခြင်း/မပျက်ခြင်း နိမိတ်များ


❒ကြက်တွေ အိပ်တန်းမမှန်တော့ရင်။
ကျီးတွေ ညပိုင်းအော်ဟစ်ဆူညံကြရင်။
ခွေးတွေ နေ့/ည အူသံပေးရင်။
သေချာပီ ခေတ်ပျက်မယ်ဆိုတဲ့ နိမိတ်။

❒ပတ်ဝန်းကျင်ကိုသတိထားမိကြရဲ့လား ?
ကြက်တွေ အိပ်တန်းမှန်နေသေးရင်
ကျီးတွေ အရုဏ်မတက်ခင်မှာအသံကြားနေရရင်
ခွေးတွေ နေ့/ညရက်ဆက်အူသံမကြားရရင်
ခေတ်ဆိုတာမပျက်သေးဆိုတဲ့ နိမိတ်ပဲ။

ဒါကိုရှေးပညာရှိတွေက
ခေတ်ပျက်ခြင်းနိမိတ် [ ၃ ]မျိုးဆိုပြီး
ကဗျာလေးစီထားခဲ့ကြပြန်တယ်။

ရော - ခွေး၊ ဒု - ကြက်၊ ဝဂ် - သတ်၊ တဲ့

❒ရော ခွေး -ဆိုတာက
ရောဂန္တရ ရောဂါကပ်ဘေးကြီးတစ်ခု
ကျရောက်လာတော့မယ်ဆိုလျှင်တဲ့
နိမိတ်တစ်ခုအနေအားဖြင့် တစ်လောကလုံးမှာ
ရှိကြတဲ့ခွေးတွေဟာ လမ်းမပေါ်ကိုထွက်ကြပြီး
နေ့/ညမပျက်အူနေကြသတဲ့။

❒ဒု ကြက် -ဆိုတာက
ဒုဗ္ဘက္ခန္တရ ငတ်မွတ်ခေါင်းပါးခြင်းကပ်ကြီးတစ်ခု
ကျရောက်တော့မယ်လျှင်တဲ့
နိမိတ်အားဖြင့် တစ်လောကလုံးမှာရှိကြတဲ့
ကြက်တွေဟာ အိပ်တန်းမမှန်ကြတော့သလို
ကျီးတွေဟာလည်း နေ့/ညမပျက်
အော်ဟစ်ပြီးတော့နေကြသတဲ့။

❒ဝဂ် သတ် -ဆိုတာက
ဝဂ်ဆိုတာ ဝဂ္ဂ ဆိုတဲ့ပါဠိကနေလာတာ
အဓိပ္ပါယ်က အပေါင်းစု အဖွဲ့အစည်းဖြစ်သတဲ့
အဲဒီဝဂ္ဂဆိုတဲ့ အဖွဲ့အစည်းတွေ ။အသင်းတွေပေ့ါ
တစ်ဖွဲ့တစ်ဖွဲ့နဲ့။တစ်သင်း နဲ့တစ်သင်း။
တစ်ရွာနဲ့တစ်ရွာ။ တစ်မြို့နဲ့တစ်မြို့။
ညီညွတ်ခြင်းတွေမရှိတော့ရင် ခိုက်ရန်ဒေါသတွေ
ဖြစ်ပွားလာရင်။သတ္တန္တရ လက်နက်ကပ်ဘေးကြီး
ကျရောက်တော့မယ်ဆိုတာပါပဲ။

လမ်းမပေါ်တက်ပြီး
ခွေးတွေ နေ့/ညမအူကြသေးဘူး။

ကြက်တွေ အိပ်တန်းမှန်နေကြသေးသလို
ကျီးတွေရဲ့အသံအရုဏ်မတက်ခင်ကြားရဆဲ။

တစ်မြို့နဲ့တစ်မြို့။တစ်တိုင်းနဲ့တစ်တိုင်း။
ညီညွတ်နေကြသေးတယ်။

❒ခေတ်ကြီးပျက်ရင် တဲ့
ဘုန်းကြီးနဲ့ခွေးပဲ အရင်ဆုံးငတ်မှာတဲ့လေ
လက်ရှိအခြေနေထိတော့ တစ်ခြားသော
ထေရဝါဒနိုင်ငံရဟန်းဘုန်းကြီးတွေ
ဆွမ်းကိစ္စအတွက်အခက်ခဲရှိတယ်လို့
မကြားရသေးသလို။ မြန်မာနိုင်ငံအတွင်းမှာ
သီတင်းသုံးကြတဲ့ ဘုန်းကြီးသလီရှင်တွေလည်း
ဆွမ်းကိစ္စတစ်ရပ်အခက်ခဲရှိတယ်လို့လည်း
မကြားမိသေးပါဘူး ဒီလိုအားလုံး
အဆင်ပြေနေတဲ့ပုံဆိုရင်ခေတ်မပျက်သေးပါဘူး
အားတင်းထားကြစေလိုပါတယ်
မကြာခင်ကာလမှာ ဆေးကောင်းကောင်းနဲ့
ဒီရောဂါတွေကိုတိုက်ဖြတ်နိုင်ပါလိမ့်မယ်

ယခုလက်ရှိအချိန်ခါကာလလေးမှာတော့
"လောဘကြောင့် ငတ်မွတ်ခေါင်းပါးခြင်းကပ်
ကျရောက်လာတယ်ဆိုတာသိရင်"

"ဒေါသကြောင့် လက်နက်ဘေးကပ်
ကျရောက်လာတယ်ဆိုတာသိရင်"

"မောဟကြောင့် ရောဂါကပ်ဘေးကြီး
ကျရောက်လာတယ်ဆိုတာသိရင်"

အတက်နိုင်ဆုံး
လောဘ ဒေါသ မောဟတွေကို
ထိန်းသိမ်းကြရင်းနဲ့
လောကကြီးအေးချမ်းလာစေဖို့
မေတ္တာတရားများသာနေ့စဉ်ပွား၍
နေထိုင်ကြစေလိုကြောင်း။

ဖန်ခါးမြေအရှင်
⭐⭐⭐⭐⭐

Credit to 🙏🙏🙏
ဖန်ခါးမြေအရှင်
ဓါတ္ပုံ