Sunday, July 4, 2021

ကြံ့ခိုင်ရေးပါတီအနာဂတ်သုံးသပ်လေ့လာခြင်း


၁။ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အခြားသော မှတ်ပုံတင်ထားသည့် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးပါတီများအားလုံးထက် ဘဏ္ဍာရေးတောင့်တင်းမှု၊ စည်းစနစ်ကျမှု၊ အရှိန်အဝါ ကြီးမားမှုတို့တွင် သာလွန်နေသောပါတီကြီးတစ်ခုဖြစ်ပါသည်။ ပြိုင်ဘက်နိုင်ငံရေးပါတီ NLD ထက်ပင် လူ့စွမ်းအားအရင်းအမြစ်သာလွန်သည်မှာ ငြင်းမရနိုင်သော အချက်ပင်ဖြစ်သည်။ အဆိုပါအားသာချက်များသည် ပြည်သူလူထုအား ယုံကြည်အားကိုးလောက်စေသည်။ 

၂။ အားနည်းချက်များအနေဖြင့် စွန့်လွှတ်အနစ်နာခံရဲသော ပါတီဝင်အရေအတွက်မှာ ထိပ်ပိုင်းခေါင်းဆောင်များအတွင်း၌ရော အောက်ခြေပါတီဝင်များအတွင်၌ပါ နည်းပါးခြင်း ဖြစ်လေရာ နိုင်ငံရေးယုံကြည်ချက် အားနည်းပြီး အပျော်တမ်းပါတီထောင်ထားသကဲ့သို့ ဖြစ် နေပါသည်။ ထို့အပြင် မီဒီယာကို မချုပ်ကိုင်နိုင်သကဲ့သို့ တန်ပြန်တိုက်စစ်မဖွင့်နိုင်ဘဲ ဗီလိန် သရုပ်သကန်ဖြင့်သာ ဆက်လက်လှုပ်ရှားနေခြင်းအပေါ် မှန်မှန်ကန်ကန် ဆန်းစစ်ပြီး ပြင်ဆင်သင့်ကြောင်း တွေ့ရှိရသည်။ 

၃။ ခေတ်နှင့် အညီနားလည်တွေးခေါ်နိုင်သော ပါတီထိပ်ပိုင်းလူကြီးများဖြင့်သော် လည်းကောင်း၊ ထက်မြက်ထူးချွန်သော လူငယ်လူလတ်များကိုသော်လည်းကောင်း အစားထိုးခြင်း၊ နေရာပေးခြင်း၊ ပြည်သူလူထုနှင့် ထိတွေ့စေခြင်းတို့ကို ခွင့်ပြုသင့်သည်။ ခေတ်စနစ်များကို Up to Date ဖြစ်ခြင်း၊ မီဒီယာအသုံးချတတ်ခြင်း၊ ပြည်သူလူထုနှလုံးသားကို ဆွဲငင်နိုင်ခြင်း၊ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဆောင်ရာတွင် ကျွမ်းကျင်သူများကို အသုံးချခြင်းဖြင့် ပြန်လည် ဦးမော့လာနိုင်ခြေရှိရှိပါသည်။

၄။ ရှေ့ဆုံးမှ ထောင်ကျခံရဲ၊ ပါတီအကျိုးအတွက် ပေးဆပ်ရဲသူများအတွက် သီးသန့် နေရာကဏ္ဍတစ်ခုရှိနေရန်လိုအပ်သည်။ အလွယ်တကူနောက်လိုက်လုပ်ပြီး မလုပ် မရှုပ် မပြုတ်စိတ်ဖြင့် ဝင်လာမည့် ပါတီဝင်အရေအတွက်ကို အရေးပါသော နေရာများမပေးမိရန် လိုအပ်သည်။ တပ်ဘက်က အငြိမ်းစားယူပြီး ပါတီသို့ ဝင်ကြမည့် ပါတီဝင်လောင်းအား စိစစ် ရာတွင် ကိုယ်ရေးအချက်အလက်တစ်ခုတည်းဖြင့် မလုံလောက်တော့ပါ။ ပါတီအား ပိုမိုအင်အားကြီး၍ အောင်မြင်တိုးတက်စေရန်အတွက် အစီအမံများ၊ မိမိတို့၏ အယူအဆများ၊ မိမိသာ ပါတီဝင်တစ်ဦးဖြစ်လာပါက လုပ်ဆောင်လိုသည့် အစီအမံများကို စာတမ်းတစ်ခု ရေးသားတင်သွင်းခြင်းတို့ဖြင့် အသိပညာရှင်၊ ကျွမ်းကျင်သူပညာရှင်၊ ဝါသနာရှင်အဆင့် ခွဲပြီး လိုအပ်သည့်နေရာများတွင် နေရာပေးရမည်ဖြစ်သည်။ 

၅။ မြန်မာနိုင်ငံအား ရန်ကုန်မြို့မှ မောင်းနှင်နေခြင်းဖြစ်ပြီး မီဒီယာလောကသားများ စုဝေးရာဖြစ်သည်။  သို့ဖြစ်ပါ၍ ရန်ကုန်မြို့ရှိမီဒီယာလောကအား ချုပ်ကိုင်စည်းရုံးခြင်း၊ မိမိတို့ဘက်သို့ ယိမ်းစေခြင်း သို့တည်းမဟုတ် ထိပ်တိုက်မတွေ့စေရန် ဆောင်ရွက်ခြင်းဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုအမြင်အား ဦးစွာပြောင်းလဲရမည်ဖြစ်သည်။ 

၆။ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသသည် ပူပြင်းခြောက်သွေ့ကာ စိတ်ဓာတ်ပိုမို ပြင်းထန်လေ့ရှိသဖြင့် အညာဒေသတစ်ခွင် တိုးတက်ရေးကို ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေ အင်အားစိုက်ထုတ်ကာ ဆောင်ရွက်နိုင်ပါလျှင် မြန်မာပြည်၏ နှလုံးသားနှင့်တူသော ဒေသ အား စည်းရုံးနိုင်မည်ဖြစ်သည်။ ရန်ကုန်သည် မြန်မာပြည်၏ ဦးနှောက်ဟု တင်စားပါက အညာဒေသသည် ဗမာအများစုနေသော နှလုံးသားဒေသပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗမာ လူမျိုးစု၏ ယုံကြည်ချစ်ခင်အားကိုးမှုမရဘဲ နိုင်ငံကို ဦးဆောင်နိုင်ရန် မဖြစ်နိုင်သေးပါ။ 

၇။ ဘာသာရေးဘက်တွင်လည်း မြန်မာပြည်တွင် လက်ခံထားသော ဘာသာတရားများ အားလုံးကို အထူးသင်တန်းတစ်ခုဖွင့်ကာ ပါတီဝင်များ သိရှိနားလည်စေရန် သင်ကြားပေး ခြင်း၊ ကိုးကွယ်ရာဘာသာတရားအားလုံးနှင့် သဟာဇာတဖြစ်စေပြီး ရင်းနှီးယုံကြည်မှု တည် ဆောက်နိုင်ရန် သော့ချက်များကို စနစ်တကျသင်ကြားခြင်း၊ ဘာသာရေးခေါင်းဆောင်များ နှင့် ထိတွေ့မှုရှိခြင်းတို့ကို မပြတ်လုပ်ဆောင်သင့်သည်။ 

၈။ ပြည်သူလူထုအား မြို့နေနှင့် တောနေဟူ၍ နှစ်ပိုင်းစဉ်းစားရမည်ဖြစ်သည်။ မြို့နေ လူတန်းစားအများအတွက် လိုအပ်ချက်မှာ နေထိုင်စရာအိုးအိမ်ပင်ဖြစ်ပြီး မြို့ကြီးများတွင် အိမ်ငှားခစရိတ်များ ကြီးမြင့်မှုကို ဖြေရှင်းခြင်း၊ လူနေအိမ်များစွာတည်ဆောက်ပြီး အဖိုးအခ ချိုသာစွာငှားနိုင်စေရန် ပါတီမှ အားထုတ်ခြင်းသည် ကောင်းမွန်သော လုပ်ရပ်ဖြစ်သည်။ လူငယ်လူကြီးအားလုံးအတွက် အနားယူအပန်းဖြေနိုင်မည့် ပြည်သူပိုင်နေရာများ၊ ကျန်းမာ ရေးလိုက်စားရန်နေရာများ ဖန်တီးပေးခြင်းသည်လည်း ကောင်းမွန်ပါသည်။ လွတ်လပ်စွာ မိမိတို့ ဆန္ဒကို ဖော်ထုတ်ခွင့်ကို အာမခံပေးခြင်း၊ အလုပ်သမားအခွင့်အရေး၊ အလုပ်ရှင် အခွင့် အရေးများကို ဥပဒေနှင့်အညီ အကာအကွယ်ရနိုင်စေရန် ဦးဆောင်လှုပ်ရှားခြင်းဖြင့် မြို့နေ လူတန်းစား၏ ထောက်ခံမှုကို ရယူသင့်ပါသည်။ 

၉။ တောနေလူတန်းစားအတွက် လိုအပ်ချက်မှာ ၎င်းတို့၏စိုက်ပျိုးထွက်ကုန်၊ မွေးမြူရေး ထွက်ကုန်များကို စျေးနှုန်းအာမခံချက်ရှိစေရေး၊ နယ်စပ်ကုန်သွယ်ရေးလမ်းများပွင့်ရေး၊ တရုတ်နိုင်ငံမှ အထူးကုန်စည်အခွန်သက်သာခွင့်များရရှိစေရန် ညှိနှိုင်းပေးခြင်း၊ ထိုင်းနှင့် အခြားသောနယ်စပ်ဂိတ်များမှလည်း လွယ်ကူစွာ ကူးသန်းရောင်းဝယ်နိုင်စေရေးကို အားပေး ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ တောနေလူတန်းစားဘဝအဆင့်အတန်းကို စနစ်တကျမြှင့် တင်ပေးခြင်းဖြင့် မြို့နှင့် တော လူနေမှု အဆင့်အတန်း ကွာဟမှု ကျဉ်းမြောင်းလာစေရန်ဖြစ် သည်။ တရုတ်နိုင်ငံ၏ အထူးအခွင့်အရေး၊ ကုန်သွယ်ရေးလမ်းကြောင်းများလုံခြုံရေးနှင့် စျေးနှုန်းများမှန်မှန်ကန်ကန် ရရှိရေးကို ပါတီ၏ ဦးစားပေးမူဝါဒအဖြစ် သတ်မှတ်ကာ လုပ်ဆောင်ခြင်းဖြင့် တောနေလူတန်းစား၏ ထောက်ခံမှုကို ရယူသင့်ပါသည်။ 

၁၀။ မိမိတို့ပါတီသည် ပြည်သူ့အကျိုးပြုပါတီဖြစ်ကြောင်းကို လုပ်ရပ်ဖြင့် သက်သေပြခြင်း၊ ပြည်သူလူထုအခက်အခဲကို ဖြေရှင်းညှိနှိုင်းဆောင်ရွက်ပေးခြင်းတို့ကို အာဏာရစဉ်၌သော် လည်းကောင်း၊ အတိုက်အခံပါတီဘဝ၌သော်လည်းကောင်း မပြောင်းလဲဘဲ လုပ်ဆောင်သင့်ပါသည်။ တိုင်းရင်းသားဒေသများနှင့် ပက်သက်လာလျှင် မိမိတို့ပြည်နယ် တိုးတက်ရေးအတွက် လက်နက်ကိုင်ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင် များနှင့် အပေးအယူမျှမျှဖြင့် လက်တွဲလုပ်ဆောင်သင့်ကြောင်း တင်ပြလိုပါသည်။

#MarioMoeset