Friday, July 9, 2021

ဆေးခန်းအတွင်း ဝင်ရောက်၍ ကိုယ်ထိလက်ရောက်ကျူးလွန်သူများကို တောင်ဒဂုံရဲစခန်းတွင် ပ/၄၇၁ဖြင့် အမှုဖွင့်


ရန်ကုန်၊ ဇူလိုင် ၉

တောင်ဒဂုံမြို့နယ်၊ ၂၆ရပ်ကွက်ရှိ ဆေးခန်းတစ်ခုတွင် မယန်နေ့ (၈-၇-၂၀၂၁)ရက်နေ့က ဆေးခန်းဝန်ထမ်းအား ကိုယ်ထိလက်ရောက်ကျူးလွန်စော်ကားသည့် မိသားစုကို တောင်ဒဂုံမြို့နယ်စခန်းတွင် ပုဒ်မ ၂၉၄၊ ၃၂၃၊ ၁၁၄  ပ/၄၇၁ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားခံရသည့် ဆေးခန်းဝန်ထမ်း မအိမွန်အောင်အား ဆက်သွယ်မေးမြန်းရာ “မနေ့က ၁၁နာရီဝန်းကျင်မှာ ဖြစ်သွားတာပါ။ သူတို့က တုန်ကင်နံပါတ် ၁၆ ပေါ့နော်။ ၁၅က ဖုန်းဆက်ပြီး ဘိုကင်ပေးထားတော့ ၁၅မရောက်သေးလို့ တခြားတယောက်ကို အရင်သွင်းပေးမယ် ပြောတဲ့အချိန်မှာ ၁၅သမားက ရောက်လာတယ်။ ၁၅သမားကို ဝင်ခိုင်းပြီး သူ့ကို ခဏလေးစောင့်ဖို့ပြောတယ်။ သူက နင်လူပါးမဝလွန်းဘူးလားတဲ့။ ဒီခဏလေးတောင် မစောင့်နိုင်ဘူးလားဆိုပြီး ကျွန်မကို ဆဲတယ်။ ၁၅သမားဖြစ်နေလို့ တုန်ကင်ကြိုပေးထားတဲ့သူမို့လို့ ပေးလိုက်တာလို့ ပြောပြတယ်။ နင်က လူပါးမဝလွန်းဘူလားတဲ့။ နင့်စောက်ဆင့်က ဘာစောက်ဆင့်လဲတဲ့။ နင်သတ္တိရှိရင် ထွက်ခဲ့တဲ့။ မသီတာအေးဆိုတဲ့ အမျိုးသမီးပါ။ ဆဲလည်းဆဲတယ်။ စိန်ခေါ်ထုတ်တယ်။ ကျွန်မမထွက်ဘဲနဲ့ ဆေးပေးတဲ့နေရာမှာပဲ ဆေးပေးနေတယ်။ အဲဒီအချိန်မှာ သူ့ချွေးမ စံပါယ်ဦး ကလေးနှစ်ယောက်နဲ့ ထပ်ရောက်လာပြီး ကျွန်မကို ထပ်ဆဲတယ်။ ကျွန်မက ခဏလေးစောင့်ဖို့ပဲ ပြောတာ။ သူတို့က မရဘူး။ ဆဲတာ။ပိုးဆိုးပက်ဆက် ပြောပြီးတော့ စိန်ခေါ်ထုတ်လို့ သမီးက မထွက်လည်း မထွက်ရော သူ့ချွေးမရယ်၊ သူရယ်က ကောင်တာထဲကို ဝင်လာတယ်။ သမီးဘာမှမပြောဘဲ ဆေးပဲထည့်နေတယ်။ ဝင်လာပြီး ဒေါ်သီတာအေးက ကျွန်မကို ပါးလှမ်းရိုက်တယ်။ သူ့ကို ဘာလို့ ကိုယ်ထိလက်ရောက်လုပ်တာလဲ ပြန်ပြောနေတဲ့အချိန်မှာ သူ့ချွေးမက ဆံပင်တွေစောင့်စွဲ၊ ပါးတွေနားတွေ ဝင်ရိုက်တယ်။ သူ့ယောက္ခမနဲ့ သမီးနဲ့က ကျွန်မလက်ကို ချုပ်ထားတယ်။ အဲဒီလိုဖြစ်တော့ ကျွန်မတို့က ရဲစခန်းသွားတယ်။ အိမ်က အမက ကျွန်မစက်ဘီးကျန်ခဲ့လို့ ဆေးခန်းကို သွားယူတော့ ဒေါ်သီတာအေးရဲ့ ယောက်ျား ဦးထွန်းလွင်က ဓားကြိမ်း ကြိမ်းပြီး ဆဲတယ်။” ဟု ပြောသည်။

ကိုယ်ထိလက်ရောက်ကျူးလွန်ခံရသူ မအိမွန်အောင်၏ အမဖြစ်သူက “ညီမလေးတို့က ရဲစခန်းသွားတော့ စက်ဘီးက ဆေးခန်းမှာ ကျန်ခဲ့လို့ ကျွန်မသွားယူတာပါ။ ဦးထွန်းလွင်က ဓားကြိမ်း ကြိမ်းပြီး ဆဲဆိုတာပါ။ အဲဒီလို ဓားကြိမ်း ကြိမ်းတာကိုလည်း ပုဒ်မထည့်ပေးဖို့ အမှုကိုင်ကို ပြောပါတယ်။ စခန်းမှူးနဲ့တွေ့ခွင့်တောင်းပါတယ်။ ပေးမတွေ့ပါဘူး။ ဘာဖြစ်ချင်တာလဲ။ ဒီပုဒ်မတွေက စခန်းမှူးချပေးတာလို့ ပြောပါတယ်။” ဟု အမှုသွားဖွင့်သည့် အခြေအနေနှင့် ပတ်သက်၍ ပြောသည်။

ကိုယ်ထိလက်ရောက်ကျူးလွန်စော်ကားသည့် မိသားစုသည် ရဲစခန်းရှေ့တွင် စားသောက်ဆိုင်ဖွင့်လှစ်၍ ရောင်းချနေသူများဖြစ်ကြောင်း သိရသည်။

#MyanmarNationalPost
#mnpnews