Friday, July 9, 2021

နိုင်ငံရေး သေကြောင်းကြံခြင်း (Political Suicide)


လောဘ၊ ဒေါသ၊ မောဟ တွေ
အားမကြီးလို့ သတိထားရင်မြင်နိုင်ပါတယ်၊
မောဟ မနိုင်လို့ အတ္တလွန်သူတွေအတွက်တော့
နောင်ဆုံးမှာ ဒီလမ်းနဲ့ပဲ အဆုံးသတ်သွားကြရတာ
ယူတတ်ရင်တော့ သင်္ခန်းစာတွေပါ၊

..................

မနေ့က မဲစာရင်းအဆုံးသတ်တယ်
မသမာမဲ (၁၁.၃) သန်း၊ ရာနှုံးနဲ့တွက်ရင်
ကမ္ဘာ့စံချိန်တင်မလားပဲ၊ ရွေးကောက်ပွဲ လုပ်ဖို့တောင်
မလိုလောက်တဲ့ မဲအရေအတွက်၊

ပြောရရင် အတ္တကြီးလွန်းတာ
ပုဒ်မ ၂၆၁ ကိုကန့်ကွက်တယ်၊ ညွန့်ပေါင်းမဖွဲ့ချင်ဘူး
ဆိုတဲ့ (၂) ချက်ကိုက ပြည်ထောင်စုအရေးကို
နဂိုထဲက ရည်ရွယ်ချက်မရှိကြောင်း ပေါ်လွင်တယ်၊

ပညာကနည်းလေတော့
တပ်မတော်ဖက်က ညှိနှိုင်းတာကို တုံးတိပယ်ချတယ်
မလွှဲသာလို့အာဏာထိမ်းတော့
တနိုင်ငံလုံး ဒုက္ခရောက် ရောက်ကြရတယ်
မတွက်မိဘူးလား ?
တွက်မိနိုင်ပါတယ်၊ အတ္တများ၊ မောဟက ပိတ်နေအောင်
ဖုံးထားတော့.... တနိုင်ငလုံးဒုက္ခနဲ့ သူ့အတ္တကို
ရက်ရက်စက်စက် အလဲအလှယ်လုပ်သွားတဲ့ သဘောပဲ၊

တာဝန်အရ
စကားပြောခွင့်ရတော့ သတိထားလေ့လာခဲ့တာကြောင့်
အဲ့ဒီထဲက သူစိတ်ကိုသိတယ်၊
ပုဂ္ဂိုလ်ခင် တရားမင်တယ်
ဆန့်ကျင်စိတ်ကြီးမားတယ်
ပညာနုံ့ပြီး ဆင်ခြင်တုံအားနည်းတယ်
ခေါင်းမာပြီး သူများအပေါ်နေလိုတယ်
အထွတ်အထိတ်ကိုရယူချင်တယ်
ဘာမှမယ်မယ်ရရ မတတ်ပဲ ထောက်ခံမှုတွေကြောင့်
ကိုယ့်ကိုယ်ကို ဘဝစိတ်မြင့်နေသူ
အရွယ်အရ ရှိသင့်တဲ့ ရင့်ကျက်မှုမရှိသူ
အဲ့ဒါတွေ အားလုံးဟာ သူ့အားနည်းချက်ဖြစ်လာတယ်။

....................

ကံ...
အဆန်းကြယ်ဆုံးအရာ
အတိတ်ကံကြောင့် မမျှော်လင့်တဲ့နေရာကိုရလာတယ်
(၅) နှစ်စာမပြောနဲ့ (၅) လစာတောင်ကြိုမမြင်လေတော့
လှုပ်တိုင်း မြှုပ်မြှုပ်သွားတယ်၊
အတိတ်မှား အသိတွေရဲ့နာကျည်းစိတ်
အတိုက်အခံဘဝ ရှင်သန်မှုအတွက် ဂတိဂဝတ်များ
ကိုယ်တိုင်လက်စားခြေလိုစိတ်တွေ စုပေါင်းလိုက်တော့
မြင်ကြရတဲ့အတိုင်းဖြစ်လာရတော့တယ်၊

ကံ ကထပ်ပေးရှာသေးတယ်
ညံ့လွန်းအားကြီးလို့ဖြစ်ရတာမျိုး
ပြည်ဖျက်စီမံကိန်းကတော့ တစိတ်တပိုင်းအောင်မြင်တယ်
ကိုယ်တိုင် နိုင်ငံရေးသေကြောင်းကြံသလို
ဖြစ်သွားတာကလဲ အပြည့်အဝဖြစ်သွားပြန်တယ်၊

" ပြည်သူထောက်ခံမှု "
ဆိုတဲ့အသိက ထိမ်းမရတဲ့ဘဝင်ကိုဖြစ်စေပြီး
နေရာတခုကို့ပို့ပေးခဲ့သလို....
အဲ့ဒီ ပြည်သူထောက်ခံမှုအပေါ် တယူသန်အစွဲက
ငါလုပ်ချင်သလို လုပ်လို့ရတယ် ဆိုတဲ့ အသိအမှားကို
တွန်းပို့လိုက်ရင်း... နောက်ဆုံး အဲ့ဒီအသိကပဲ
ပြန်ပျက်စီးသွားစေခဲ့တယ်လို့ ပြောရလိမ့်မယ်၊

..................

အတိတ်ကံ ပေးတဲ့အခါမှာ
စည်းစိမ်၊ ရာထူး၊ အာဏာ၊ လုပ်ပိုင်ခွင့်တွေ
ရလာတတ်ပါတယ်၊

တခဏတာ ကိစ္စတွေပါလား
အများအတွက်တာဝန်တခုပါလားလို့
မဆင်ခြင်နိုင်ပဲ... ယစ်မူးသွားရင်
အဲ့ဒီစေတနာ ရင့်ကျက်လာချိန်မှာ ဒုက္ခပြန်ပေးတတ်တယ်
အဲ့ ဒီကံက ရပ်မသွားဘူး
အများကိုထိခိုက်ပျက်စီး စေထားတာကြောင့်
နောက်ဘဝ များစွာအထိ သက်ရောက်တတ်ပြန်တယ်၊

ဗုဒ္ဓဘာသာမှာ
ခင်ပွန်းကြီး (၁၀) ပါးဟာ မပြစ်မှားကောင်းဘူး
ဆရာဟာ ဆရာပဲ
ကျေးဇူးရှိသူဟာ ... ကျေးဇူးရှိသူပဲ
တလုပ်ကျွေးဘူးရင်တောင် ကျေးဇူးရှင်လို့
သတ်မှတ်ကြရပါတယ်၊

ပြည်သူထောက်ခံလို့ ဒီနေရာရောက်လာရင်
ပြည်သူဟာ ကျေးဇူးရှင်ဖြစ်ရပါတယ်၊
ပြည်သူကို ကိုယ့်အတ္တကြောင့် နစ်နာစေရင်
ဘယ်လောက်ကြီးမားတဲ့ အကုသိုလ်ကံ ဖြစ်လာမလဲ ?

ဘဝဆိုတာ တိုတိုလေးပါ
အဆုံအစမရှိတဲ့ ဘဝတွေကိုဖြတ်သန်းကြရဦးမှာပါ
ဘာလို့များ
တဘဝစာလောက်ပဲ တွေးကြရတာပါလဲ ?

#BaMaung ( 9.7.21 )