Sunday, July 11, 2021

သူ့အလုပ် သူလုပ်နေပြီ


သီဟိုဠ်မှာ ကပ်ဘေးဆိုက်တော့ တဆယ့်နှစ်နှစ်မိုးခေါင်ခဲ့တယ်
အဲဒီအချိန်မှာ တောအုပ်ကြီးရဲ့
တစ်ဖက်တစ်ချက်စီမှာ ရဟန္တာပေါင်း 
တစ်သောင်း နှစ်ထောင်စီ သီတင်းသုံး
နေထိုင်ကြတယ်တဲ့၊

လူတွေက ကပ်ဘေးဆိုက်တဲ့အခါ ငါတို့ 
သေချင်သေပါစေ ရဟန်းသံဃာတော်တွေအတွက်
ဆွမ်းအဆင်ပြေစေရမယ်ဆိုပြီး သုံးနှစ်စာအတွက်
စပါးတွေ သိုလှောင်ပေးထားခဲ့တယ်၊

ဒါပေမဲ့ အဲဒီသုံးနှစ်စာ သိုလှောင်ထားတဲ့ စပါးတွေဟာ တစ်ညတည်းနဲ့ကြွက်တွေ ကိုက်ဖြတ်စားသောက်လို ကုန်သွားတယ်၊ အဲ့ဒီအခါ တောအုပ်တစ်ဖက်ခြမ်းက ရဟန္တာကြီးတွေဟာ တစ်ခြားဖက်ခြမ်းကို ကြွရောက်ပြီး ပူးပေါင်းဖို့လာတဲ့အခါ တစ်ဖက်ခြမ်းက ရဟန္တာမထေရ်မြတ်ကြီးတွေကလည်း ထိုနည်းတူပဲ ကြွလာပြီး တောအုပ်ထဲမှာ ဆုံကြတယ်၊

ရဟန္တာကြီးတွေ ဖြစ်တဲ့အတွက် သံဝေဂ ဉာဏ်တွေရကြပြီး တောအုပ်ထဲမှာပဲ ရဟန္တာအပါးနှစ်သောင်းလေးထောင်ဟာ 
ပရိနိဗ္ဗာန် စံကြရတယ်၊

လူတွေ သီလ သမာဓိ ပညာ အားနည်းလို့ 
ကပ်ဘေးတွေ ဆိုက်ရောက်ပြီဆိုရင် 
သူတိုကို ကယ်မယ့် သူတော်ကောင်းကြီးများပါ ဒုက္ခရောက်ကြရတာ လောကဓမ္မတာပါပဲ၊

အကျင့်သီလတွေ ပျက်လာရင် ရာသီဥတုစောင့်တဲ့ နတ်တွေဟာ သွားမြဲလမ်းက မသွားပဲ အခြားလမ်းတွေကနေသွားလို ရာသီဥတုတွေ ပြင်းပြင်းထန်ထန် ဖေါက်ပြန်ကြတယ် လို
ဗုဒ္ဓ ဟောထားပါတယ်၊

ကပ်သုံးပါး ဖြစ်တဲ့ လက်နက်တွေနဲ့ 
သတ်ကြဖြတ်ကြတဲ့ ဘေး သတ္တန္တရကပ်၊
ရောဂါမျိုးစုံ ပေါ်ပေါက်တဲ့ဘေး ရောဂန္တရကပ်၊
အစာရေစာ ငတ်မွတ်ခေါင်းပါးတဲ့ဘေး 
ဒုဗ္ဗိဂ္ဂန္တရ ကပ်၊

အဲဒီကပ်သုံးပါးဟာ လူ့လောက ကလူသားတွေရဲ့ ကိုယ်ကျင့်တရားတွေ နဲ့တိုက်ရိုက်သက်ဆိုင်တယ်၊
ဒါပေမဲ့ ဒီနေ့ကမ္ဘာကြီးပေါ်မှာ အဲဒီအဆိုကို
မဲခွဲရင် ဒီ သဘောကို လက်မခံတဲ့သူတွေကများပြီး မဲရှုံးလိမ့်မယ် ဒါဟာ အဓမ္မတွေ လွှမ်းမိုးလာပြီး
ဓမ္မတွေ အားနည်းလာပြီဆိုတာ ပြသတာပါပဲ၊

ဘယ်လိုပဲဖြစ်ဖြစ် သဘာဝတရားကြီးကတော့ 
သူ့နိယာမအတိုင်း လုပ်တော့မှာမို့ ကြောက်စရာကောင်းလှတယ်၊

အဲဒီလိုဖြစ်ဖို့အကြောင်းတရားကလည်း
တစ်သံသရာလုံးမှာ လုပ်ခဲ့တဲ့
အကုသိုလ်တွေ လူတိုင်းမှာ ရှိနှင့်နေပြီလေ၊

အခုသူတော်ကောင်းတွေ နှလုံးစိတ်ဝမ်း မအေးချမ်းကြတော့ဘူး နှုတ်ဆိတ်ကုန်ကြပြီ၊
ဒါဟာ ကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူး
လူတွေ အကုသိုလ်ကြီးလာပြီဆိုရင်
အမှားကိုအမှန် ထင်လာတတ်ကြတယ်
ပြောင်းပြန်မြင်တတ်လာကြတယ်
ဒါဟာ ပျက်စီးဖို့အကြောင်းတရားပါပဲ၊

သတ္တဝါတွေရဲ့ကံ ညံ့လာပြီဆိုရင်
ဘုရားရှင်တောင် အကြိမ်ကြိမ်မျက်နှာလွဲရပါတယ်၊
သတ္တဝါတွေရဲ့ ကံ ညံ့လာရင်
သူတော်ကောင်းကြီးတွေ မကယ်နိုင်တော့ဘူး
ဒါကို ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်တယ်ဆိုရင် ကုသိုလ်များများလုပ်ပြီး ကာကွယ်ထားရလိမ့်မယ်၊
ကိုယ့်ကိုကိုယ် လွတ်အောင်ရုန်းဖို့တော့ ရလိမ့်မယ် အကုသိုလ်ကြီးပြီး ပျက်စီးမဲ့လူတွေ နဲ့ရောမပါဖို့ ပရိတ်ပဌာန်း များများရွတ်ကြ မေတ္တာများများပို့ကြ သီလလုံခြုံအောင်နေကြ၊

ကံမုန်းရင် ရှောင်စရာ နေရာမရှိဘူး
လူတွေလည်း ပြောင်းပြန်မြင်နေကြပြီ၊
သဘာဝတရားကြီးက လည်း
သူ့အလုပ် သူလုပ်နေပြီ။

    #CRD    ဦးမြင့်ခိုင်