Wednesday, July 7, 2021

စာဖတ်မပျင်းသူတေဖတ်ကြပေရော့ 💣💣💣 တခါတရံမဖီဆန်ချင်ခဲ့ပါသော်လည်း


စစ်ခေါင်းဆောင်မှန်သမျှ
အထက်ကပေးအပ်သောအမိန့်နှင့်
တာဝန်ကိုကျေပြွန်စွာ ထမ်းဆောင်ပါမည်

လို့ကတိသစ္စာခံယူခဲ့ကြပြီး
နေ့တိုင်းတန်းစီ အလေးပြု
သစ္စာဆိုကြရာ၌ လည်း
သစ္စာဆိုပြီးဖြစ်သည်

သို့သော်
အမိန့်ပေးတိုင်း လိုက်နာစရာလိုပါသလား

တရားဥပဒေနှင့်ညီသောအမိန့်ကို
လိုက်နာရမည်ဟုသာညွန်ကြားသည်

သို့ရာတွင်
လူအမျိူးမျိူး စိတ်အထွေထွေ
တပ်မတော် မှမဟုတ်
မည်သည့်အဖွဲ့အစည်းတွင်မဆို
လူ့လောကအသိုင်းအဝိုင်းတခုလုံး
တ ​ေလာ က လုံး

လူကြီးဆိုတိုင်းလူကောင်းချည်မဟုတ်
လူညစ် လူယုတ်
ကိုယ်ကျိူးစီးပွားဘဲကြည့်ကာ
လက်အောက်ငယ်သားကို
ထိုးကျွေးတတ်သော
အသားလွတ်အနိုင်ကျင့်
နှိပ်စက်ပါဝါပြတတ်သော
လူယုတ်မာကြီးများရှိကြသည်

ထိုအထဲတွင်
ယခုရေးမည့်အကြောင်းအရာ၌
လူအများစုထဲမှ အတ္တကြီးသူတစ်ဦးနှင့်ကျနော်
ထိပ်တိုက်ရင်ဆိုင်ကာ
ရှေ့တန်းတိုက်စစ်အမိန့်ကို
ပြောင်ငြင်းဆန်လျှက်
တပ်စုဖွဲ့ပြီးဗျူဟာကုန်းကိုပြန်ဝိုင်းကာ
ဗျူဟာမှူးကိုပစ်သတ်ရန်အထိ
လုပ်ခဲ့သည့်အဖြစ်အပျက်ဖြစ်သည်

ကရင်ပြည်နယ်နာမည်ကြီး
တိုက်ပွဲကြီးဖြစ်သည်အလျှောက်
လူသိများထင်ရှားရုံသာမက
တပ်မတော်သမိုင်းဝင်တိုက်ပွဲတခုလဲဖြစ်သည်

သမိုင်းဟူသည်
အနိုင်ရသူကရေးထိုးသော
မှတ်တမ်းတင်သော
သဘောရှိ၍ အလုံးစုံမမှန်ဟူသော
သဘောကိုဒီနေရာတွင်အနည်းငယ်
သိသာစေလိုသည်

ထို့အပြင်
စစ်ခေါင်းဆောင်တွင် ရှပ် ဖြစ်သော
စစ်ခေါင်းဆောင်

ဘရိုက် ဖြစ်သောစစ်ခေါင်းဆောင်

နှစ်မျိူးရှိကြသည်

ဘရိုက် ဖြစ်သူတို့သည်
တော်သည်ထက်သည်ရဲရင့်သည်
အရည်အချင်းပြည့်ဝကြသည်
ကိုယ့်အရည်အချင်းကို
ကိုယ်ယုံကြည်ကြသည်
မဟုတ်မခံ

ထို့ကြောင့် ထိုလူတန်းစားတို့သည်
မြန်မာနိုင်ငံတွင်
ဘယ်သောအခါမှထိပ်တန်းမရောက်
အစ္စရေးတွင်မူ
ထိုလူတန်းစားတို့သာထိပ်ရောက်သည်

ရှပ်ဖြစ်သူတို့က
အတော်ကြီးမဟုတ်
ခိုင်းရင်လုပ်တတ်သည်
ထူးချွန်အဆင့်တော့မဟုတ်
လူကြီးနှင့်အဆင်ပြေအောင်ပေါင်းကြသည်

မြန်မာတွင်
ထိပ်တန်းရောက်သူအများစုကား
ထိုလူတန်းစားများသည်
မလုပ်မရှုပ်မပြုတ်
မလုပ်မဖြစ်မှလုပ်သည့်လူစားမျိူး

အထက်အမိန့်ကိုဖီဆန်သည်မှာ
လွယ်ကူသောကိစ္စရပ်မဟုတ်

စစ်ပုန်ကန်မှုအထူးသဖြင့်
ရှေ့တန်းစစ်မြေပြင်တွင်
သေဒဏ်ကြိမ်းသေ
အခြားပြစ်ဒဏ် မရှိ

ကျနော် သက်တမ်းတလျှောက်
အထက်အမိန့်ဖီဆန်မှု
သုံးကြိမ်လုပ်ခဲ့ဘူးသည်

တကြိမ်က ဗိုလ်လောင်း
ဘဝ

ဒုတိယအကြိမ်
လက်နက်ကြီးအပစ်ရပ်ခိုင်းသည်ကို
မရပ်ဘဲဆက်ပစ်ခြင်း

တတိယအကြိမ်
စခန်းတက်တိုက်ရန်အမိန့်ပေးခြင်း
ဖီဆန်မှု

ယခုရေးမည့်အကြောင်းကား
တတိယအကြိမ်အာဏာဖီဆန်မှု
အကြောင်းပင်

အမိန့်နှင့်တာဝန်ကို
ဦးလည်မသုန်ထမ်းဆောင်နေပါသော်လည်း
အထက်၏မှားယွင်းသောစီမံခန့်ခွဲမှု
တိုက်စစ်စီမံချက်

အယုံအကြည်ကင်မဲ့လောက်စရာ
အခြေအနေများဖြစ်ပေါ်မှုတွင်
သကသနွယ်အမျိူးသမီးနှင့်
လက်ထပ်ထားသူဖြစ်ချင်း

ယင်းအချက်ကြောင့်
ယုံကြည်မှုကင်းမဲ့ကာ
အမိန့်ဖီဆန်ကာမလုပ်သင့်
မလုပ်အပ်သည်ကိုသိလျှက်
အမိန့်ဖီဆန်ကာ
ငြင်းပယ်ခဲ့ခြင်းဖြစ်သည်

ကရင်ပြည်နယ်စစ်ဆင်ရေး
အချိန်ကာလ ကြာရှည်စွာတိုက်ခဲ့ရသောပွဲ
နာမည်ကြီးစခန်းတခုကို
မရ ရအောင်တိုက်ရန်အမိန့်ပေးသည်

ကျနော့်တပ်ပါဝင်သော
ဗျူဟာက
ထိုစခန်းကိုတိုက်ရမည်
တဘက်နိုင်ငံနယ်စပ်မျဉ်းနှင့်ကပ်လျှက်
တိုက် စ ရာ က
တဘက်နိုင်ငံရှိနေသည့်အတွက်
ရှေ့မျက်နှာစာတဘက်ထဲ

သုံးမိုင်ခန့်မြေပြောင်နေအောင်
မြေထိုးစက်ဖြင့်ထိုးထားသည်

စတီးသံဆူးကြိုးလိပ်များကို
အတန်းလိုက်သံဆူးကြိုး
ဘာဂျာဆူးလိပ်များ
ဆယ့်တစ်ထပ်ကာရံထားသည်

သူတို့မှတ်တမ်းတင်ရာတွင်
အချိူ့ဝတ္ထုများ၌
ကိုးထပ်ဟုဖော်ပြနေကြသည်

တထပ်နှင့်တထပ်ကြား
ညှောင့် မိုင်းကွင်း ခြေကျွံကျင်း
အတားအဆီးများထားရှိသည်
နောက်ဆုံးစည်းငါးထပ်အကြားတွင်
မြေခွေးကျင်းများပါထားလျှက်တခါတရံ
ယင်းကျင်းများမှထွက်ကာ
အာပီဂျီဖြင့်အနီးကပ်ထုတတ်သေးသည်

ဘန်ကာအလုံးပေါင်းရာချီရှိကာ
သုံးထပ်ဘန်ကာများအထိ
လုပ်ဆောင်ထားသည့်အပြင်
ကွန်ကရိဘန်ကာကို
ကျွန်းလုံးကြီးများဆင့်ကာ
သုံးလေးထပ်မူလီစုပ်ကာရံထားသည့်အပြင်
အမိုးပေါ်နှင့်ဘေးတွင်
သဲအိပ်များဆင့်ကာစီထားလိုက်သေးသည်

စက်လတ်ကိုမဆိုထားဘိ
ပွိုင့် ဖိုက်ချည် အလက်နှစ်ဆယ်ခန့်
ပုံသေပစ်ကြောင်းဆင်ထားသည့်စခန်း
မည်မျှအတိုက်ခက်သည်ကို
ကရင်ပြည်နယ် တိုက်ပွဲစဉ်ဝတ္ထုများရှာဖတ်က
ပိုသိသာပေလိမ့်မည်

ယခုခေတ်ဆိုလျှင်
၁၂၂ မမ အတွဲလိုက်ပစ်ဒုံး
တပ်ခွဲတခွဲ
အတွဲလိုက်ပစ်ရုံမျှနှင့်
ပြားပြားဝပ်သွားနိုင်ပေသည်

ထိုခေတ်က
မြန်မာ့တပ်မတော်တွင်
စစ်လက်နက်ပစ္စည်းရှားပါးချိူ့တဲ့
နေချိန်မို့ လူအားနှင့်
တိုက်ရည်ခိုက်ရည်ကို
အရင်းတည်ကာ
တိုက်ခဲ့ရ၍

ဤမျှလောက်
အရင်းအနှီးကြီးစွာပေးဆပ်ရသော်လည်း
မြန်မာ့တိုက်စွမ်းရည် ကို
ကမ္ဘာက လေးစားချီးကျူးအသိအမှတ်
ပြုရုံသာမက
ယနေ့ခေတ်အချိန်အထိ
အမေရီကန်ငပွကြီးနှင့်အပေါင်းအပါများ
လေပစ်ခြောက်လှန့်နေသော်လည်း
မြန်မာ့မြေမကျူးကျော်ရဲခြင်းမှာ
ဤအချက်များကလည်း
အကြောင်းရင်းတခုဖြစ်ပေသည်

ယခုရေးလိုသည်မှာ
အထက်က မရ ရအောင် တိုက်ရန်
အမိန့်ပေးထား၍
ကျနော်တို့တိုက်ရမည်

ထို့ကြောင့် ဗျူဟာမှ ချထားပေးသော
အမိန့် တိုက်စစ် စီမံချက်အတိုင်း
အကြိမ်ကြိမ် တိုက်သည်
မရ လန်ကြသည်

မလန်ခံနိုင်မလား
ကျည်ကာအင်္ကျီမရှိ
သံချပ်ကာအကာကွယ်မပါ

စက်ကြီး စက်လတ် အာပီဂျီ
၅၇ မမ ၆၀ မမ ၄၀ မမ
၈၁ မမ ပုံသေပစ်ကြောင်းဆင်
မှတ်ပုံတင်ပစ်ခတ်နေသော
သတ်ကွင်းကြီးအတွင်း

ကျွန်းတုံးလှိမ့်တက်ကာ
ပျဉ်ပြားထောင်
ဖိလှဲအတားအဆီးဖြတ်ကျော်
တိုက်ခိုက်နေရသည်ဖြစ်ရာ

တမင်သက်သက်
ပိုးဖလံမျိူးမီးကိုတိုးသည့်သဖွယ်
အသေခံသွားရုံသက်သက်ဖြစ်ပေသည်

ဤတွင်ကျနော်နှင့်စတည်တော့သည်
ဗျူဟာမှုး ပေးသည့်တိုက်စစ်
စီမံချက်အတိုင်းမတိုက်ဘဲ
မြစ်ဘေးကပ်ကာ
ရန်သူ့စခန်းနောက်ပိုင်းမှပတ်ကာ
ချီတက်တိုက်ခိုက်ခွင့်ပြုရန်တောင်းသည်

ဤတွင်ခွင့်မပြုရုံသာမက
မင်းအဆင့်ကဘာလဲ
ခုမှဒုရင်းမှုးဖြစ်ရုံရှိသေးတယ်
မင်းကငါ့ထက်တတ်နေလား
ဆိုကာပါးလာရိုက်တော့သည်

ကျနော် ဤတကြိမ်တွင်သီးခံလိုက်ပါသည်
သူတို့ဗျူဟာကအမိန့်အတိုင်း
သတ်ကွင်းကိုဖြတ်ကာ
နောက်ထပ် ၅ ကြိမ်မျှ
ထိုးစစ်ဆင်သည်
အခြေအနေကား
အကျအဆုံးများစွာဖြင့်လန်ကျလာသည်

ရှေတန်းစစ်မြေပြင်ဆေးရုံတခုလုံး
ကျနော်တို့ဗျူဟာက
အရာရှိအခြားအဆင့်များဖြင့်
ပြည့်နေသည်

ရဟတ်ယာဉ်ဖြင့်
နောက်တန်းသို့ပို့ဆောင်ရသူတွေကလည်း
မနည်းလှတော့

မည်သည့်အတွက်ကြောင့်နည်း
ဤစခန်းရလျှင်ရာထူးတက်မည်
တပ်မမှူးဖြစ်ရန်သေချာသည်

ပတ်တိုက်၍
တဘက်နိုင်ငံနှင့်
ပြဿနာတက်သံတမာန်ရေးရာ
ဖြေရှင်းရလျှင် ရာထူးထိခိုက်မည်

တပ်မမှုးဖြစ်ရန်အတွက်အမှားမခံလို
မိမိတပ်မမှုးဖြစ်ရေးအတွက်
အရာရှိစစ်သည်
ဤမျှထိခိုက်နေသည့်ကြားက
ရှေ့မျက်နှာမှပင်တိုက်ရန်အမိန့်ပေးကာ
အခြားနည်းလမ်းစီမံချက်ဖြင့်
တိုက်ရန်ခွင့်မပြုခဲ့ပေ

ဤကားပထမ အချက်ဖြစ်သည့်
လွဲမှားသောစီမံခန့်ခွဲမှုတိုက်စစ်စီမံချက်အမှား

ဒုတိယချက်
ယခုတိုက်နေသောသကသနွယ်ဝင်
တိုင်းရင်းသားအမျိူးသမီးကို
လက်ထပ်ထားသူ

ကျနော်မသင်္ကာသည်မှာလည်း
ဤမျှအကျဆုံးများနေပါလျှက်
တိုက်စစ်စီမံချက်မပြောင်းချင်းမှာ
လူမျိူးရေးအရ ညှိထားသည်ဟု
ကျနော်တထစ်ချယုံကြည်သည်

စခန်းထိုးစစ်ဆင်ရန်
ဗျူဟာစီမံချက်စစ်ဆင်ရေးအစည်းအဝေးခေါ်သည်
ဗျူဟာအရာရှိမှလွဲ၍
ကျနော်အပါအဝင်
အရာရှိ ၁၂ ယောက်သာတက်နိုင်တော့သည်
ရင်းမှုး နှစ်ဦး
ဒုရင်းမှုးနှစ်ဦး
အရာရှိငယ် ၈ ဦး
ကျန်လူများကား ကျဆုံး
ဒဏ်ရာရ ဆေးရုံတက်တွေ
ရင်းမှုး တစ်ဦးနှင့်ကျနော်သည်ပင်
အကောင်းမဟုတ်

ရင်းမှုးတစ်ဦးကပေါင်ဖြတ်မှန်
အစည်းဝေးတက်နိုင်သည်ဆိုရုံသာ
မျက်နှာမကောင်းလှ

ကျနော်က
ညာပေါင်ရှပ်မှန်
ဘယ်လက်မောင်းရှပ်မှန်.
စစ်သားစကားအရဆိုလျှင်
ကျော်ဟိန်းမှန်
ကျနော့ရင်းမှုးကားဆေးရုံတက်

ယခုစီမံချက်ထိုးစစ်တွင်
ဦးဆောင်တိုက်ရမည့်သူမှာကျနော်
ထို့အပြင်
တပ်ရင်းသုံးရင်းစလုံးဖွဲစည်ပုံ ပျက်နေပြီ

တပ်ရင်းသုံးရင်းပေါင်းကာ
ပြန်လည်စုဖွဲ့သည်မှ လေးခွဲမပြည့်

စခန်းထိုးစစ်ဆင်ရန်
စုဖွဲ့ချိန်တွင်စုရပ်သို့ရောက်ပြီ
အရာရှိငယ်အချိူ့
မရဲတရဲကျနော်နား
ချဉ်းကပ်လာသည်
တပၼတခုလုံး
ကျနော့်အကြောင်းသိသည်

တော်ရုံ တပ်ရင်းမှုးပင်ကျနော့်ကို
ရှေ့တန်း၌စကားမာမာမပြောရဲ
မျက်နှာအခြေအနေကြည့်ကာ
ညီလေး အဆင်ပြေလား
စကားစပြီးမှသာ
ကျန်တာဆက်ပြောကြသည်

ကျနော်မျက်နှာ တည်တင်းနေလျှင်
ပြဿနာကောင်မို့
ဝေးဝေးရှောင်ကြသည်

အဘလေး ကျနော်တို့တင်ပြစရာရှိတယ်

အေး ဘာလဲပြော
အခုအတိုင်းတိုက်ရင်
စခန်းလဲမကျဘူး
ကျနော်တို့လည်းအကုန်ရှင်လမ်းမရှိဘူး
အဘလေး ဗျူဟာမှူးကြီးကို
ဟိုတခါတင်ပြသလိုထပ်ပြောကြည့်ပါ့လား

အေး ငါပြောတာမင်းတို့အကုန်ကြားတယ်မို့လား
ငါဘာဖြစ်သွားလဲသိလား

ဟုတ်သိပါတယ်

မင်းတို့တကယ်
ရှေ့ကမတိုက်ချင်ဘူးလား
အေးရှေ့ကမတိုက်ချင်ရင်လုပ်စရာ
တနည်းဘဲရှိတယ်
မင်းတို့လုပ်ရဲလား
ငါနဲ့အတူ
သေအတူရှင်မကွာလုပ်မလား

လုပ်မယ်

အေးဒါဆို
ပြောင်းလှည့်ချိန်တန်ပီ
ဗျူဟာကုန်းသွားဝိုင်းမယ်
ပါးစပ်နဲ့ပြောလို့အဆင်မပြေဘူး

အရာရှိများကော ရဲဘော်များပါ
လုပ်မယ်ကောင်းတယ်
သူတပ်မမှုးဖြစ်ချင်တာနဲ့
ကျနော်တို့တွေက်ို
တမင်အသေခံခိုင်းနေတာချမယ်

ကျနော်တို့ဗျူဟာ ကုန်းဘက်ချီတက်သွားခဲ့ရာ
ဂျီတူး မျက်လုံးပြူးမျက်ဆန်ပြူးပြေးထွက်လာကာ
အကိုကြီးဘာကိစ္စရှိလဲ

အေးသွားခေါ်လိုက် မင်းအဘငါတင်ပြစရာရှိလို့

ဂျီတူး မျက်နှာပျက်သွားသည်
ကျနော့်လေသံမာလွန်းနေသလို
ပါလာသူအကုန်လုံးကလည်း
ဗျူဟာကိုဝိုင်းလိုက်ပြီ

အမြန်အထဲပြေးဝင်သွားကာ
ပြောသည်
မင်းဘဲလာခဲ့ဟုဆိုကာ
ဗျူဟာမှူးလှမ်းပြောကာဝင်သွားသည်

ကျနော်နှင့်အတူတစုလုံး
အတင်းဝင်သွားရာ
အားလုံးရုတ်ရုတ်သဲသဲဖြစ်သွားသည်

မင်းဘာပြောချင်လို့လဲဟု
လေပြေနှင့်ပြောသည်

အဘခိုင်းတဲ့အတိုင်းကျနော်မတိုက်နိုင်ဘူး
တိုက်ရမယ်ဆိုရင်အဘဦးစီးပြီးကျနော်နဲ့အတူ
ရှေ့ကတက်ပါ

လက်နက်ကြီး ကြီးကြပ်ပြီးပစ်ဖို့
တခြားလူခိုင်းပါ
အဘကိုယ်တိုင်ရှေ့ကမတက်ရင်
ကျနော်တို့လဲမတိုက်နိုင်ဘူး

ဗျူဟာမှုးပစ္စတိုထုတ်ရန်ပြင်ချိန်
ကျနော် ကာဘိုင်ပြောင်းက
ရင်ဝထောက်ပြီးနေသလို
ပါလာသူအားလုံးကထိုး ချိန်လိုက်ကြပြီ

သူအားမတန်မာန်လျှော့ကာ
အေး မင်းကဒီလိုဆိုတော့လည်း
ငါက ကစထမှုးတင်ပြ
အဆုံးအဖြတ်ခံရတာပေါ့
ချက်ချင်းစက်ပေါက်ကာ
ကစထမှူးထံအစီရင်ခံသည်

ကစထမှုး ချက်ချင်း
လိုက်လာကာ
အကုန်လုံးအစည်းဝေးခေါ်လိုက်သည်

ကစထမှုးမျက်နှာသုန်မှုန်ကာ
မီးသွေး လိုမဲနေပြီ
အသားဆတ်ဆတ်တုန်နေချေပြီ
ကျနော်တို့ကလည်း
လက်ထဲကသေနတ်မချ
အခြေအနေ အရမ်းတင်းမာနေမှန်း
ကစထမှုး သဘောပေါက်သွားသည်

င့ါကောင်တွေလည်းပင်ပန်းနေမှာဘဲ
အာမီရမ်နဲ့မြည်းလုပ်လိုက်ချကွာ
ငါလည်းသောက်မယ်

စစ်သားဆိုတာ
စစ်သားစိတ်ရှိရတယ်
အမိန်နာခံရမယ်
တိုက်စိတ်ခိုက်စိတ်ရှိရမယ်
ဘာဖြစ်တယ်ဆိုတာ
ငါအသေးစိတ်မသိဘူး
လူကြီးဆိုတာတဘက်သတ်တင်ပြတာ
နားထောင်အမှန်ယူလို့မရဘူး
ဒါပေမယ့် ကြီးတဲ့သူက
စတင်ပြပြီးရင်
မင်းကအခုပြန်စုဖွဲ့တဲ့အထဲအကြီးဆုံး
မင်းကတင်ပြစရာရှိတာ
အမှန်အတိုင်းတင်ပြ

ဗျူဟာမှုးကတိုင်ပြော ပြောသည်

ပြီးမင်းအလှည့်ဆို၍

ကျနော်ပြောတော့သည်

မြေပြင်အခြေအနေ ရန်သူအခြေအနေ
သိဖို့လိုမယ်စစ်တိုက်တယ်ဆိုတာ
လက်ရှိစခန်းအနေအထား
ကျနော်ပြောစရာမလိုအောင်
ကစထမှူးသိပြီးဖြစ်မယ်

အခုကျနော်တို့ဗျူဟာအခြေအနေသိအောင်
တင်ပြချင်ပေမယ့်စကားရှည်မယ်
ရှေ့တန်းဆေးရုံကိုသာစစ်လိုက်ပါ
လက်ရှိစစ်ထွက်လက်ကျန်အင်အား
ဒါအကုန် ဘဲ
ဒီမှာကြည့် ကျနော်ကိုယ်တိုင်
အကောင်းမဟုတ်ဘူးဒဏ်ရာနဲ့

စစ်မှာပုံသေနည်း
ဒီအတိုင်ဘဲလုပ်ရမယ်
သတ်မှတ်ရင်
ကျနော်မတိုက်နိုင်ဘူး

ကစထမှုးအခုစစ်တိုက်တဲ့
ရည်ရွယ်ချက်ဘာလဲသိချင်တယ်

ရှေ့တည့်တည်ကတိုက်
စစ်သားတွေအသေခံ
အဲ့ဒါလိုရင်းလား

ရန်သူ့စခန်းရဖို့လိုရင်းလား

ရကောက်နဲ့ ရ ရ

ယပက်လက်နဲ့ ယ ယ

စခန်းရချင်တာဆိုကျနော်တိုက်မယ်
ကျနော်တိုက်ချင်သလိုတိုက်မယ်

ရှေ့ကတိုက်ဆိုရင်
ကျနော်မတိုက်ဘူး ပြောချင်တာဒါဘဲ

ကစထမှူဘာမှမပြော
အကုန်ငါနဲ့လိုက်ခဲ့ဆိုကာ
ရှေ့တန်းဆေးရုံလိုက်စစ်သည်

အခြေအနေကိုသဘောပေါက်သွားသည်

ဆေးရုံကပြန်အထွက်
မင်းဘာလက်နက်ယူမလဲ
ကျနော် ၈၄ မမ ကျနော်လိုချင်
သလောက်တောင်းသည်
လေကွဲကျည်တောင်းလိုက်သည်

အေးငါမပြန်ဘူး
ငါကိုယ်တိုင်ကွပ်ကဲပြီး
လက်နက်ကြီးပစ်ပေးမယ်

ဒီညနေအရင်လိုဘဲ
မင်းတပ်နေရာချ
ဖျောက်တောက်ဖျောက်တောက်ပစ်ပေး

ညမှောင်ရင်
မင်းတိုက်ချင်သလိုသာတိုက်
စခန် ရပစေ မရရင်ပြန်မလာနဲ့
လာရင်လည်းမင်းသေဒဏ်ဘဲ
ငါကိုယ်တိုင်ပစ်သတ်မယ်

စခန်းမရရင်
အဘပစ်သတ်စရာမလိုဘူး
ကိုယ့်ကိုယ်ကိုပစ်သတ်မယ်

ငါလိုးမသားလေး
ငါသားနဲ့စိတ်ဓာတ်တဝက်စီခွဲလဲလိုရ
လဲချင်တယ် ဟိုကောင်ကျတော့လည်း
ပျော့လို့ ကကထုတ်ပို့လိုက်ရတယ်
မင်းနိုင်ရင်နိုင် မနိုင်ရင်တိုက်ပွဲကျ
မကျလဲပြန်လာသေမှာဘဲ

မင်းဟိန်းခန့် ရာဇဝင်မရ မရှိဘူးစိတ်ချ

ကျနော်တို့ စထွက်သည်နှင့်
ကစထမှူးကွပ်ကဲကာ
စည်တီးတော့သည်
ညနေသုံးနာရီလောက်
ရှေ့မျက်နှာစာမှာ
လူစုကာနေရာချ
ဟန်ရေးပြကာ
သဘောလောက်ပစ်ခတ်ပြနေခဲ့သည်

ညနေမှောင်စပြုသည်မှစကာ
မြစ်ရှိရာဘက်သို့ချီတက်ခဲ့သည်
တဖက်နိုင်ငံဘက်သို့ခိုးဝင်ကာ
တိတ်ဆိတ်စွာချီတက်ခဲ့သည်
ည ၂၀း၀၀ နာရီခန့်တွင်
သူ ပုန် စခန်းနောက်ကျောပတ်မိသည်

အခြေအနေကိုစောင့်ကြည့်ရာ
ထိုင်းဘက်ခြမ်းမှကားများ
တစီးပီးတစီးရောက်လာကာ
စက်လှေများစက်နိုးကာ
ရန်သူ့စခန်းဘက်ထွက်ခွာသွားသည်

ရန်သူ့စခန်းလူချိန်းလေပြီ
စခန်းပေါ်သ်ို့
ကျည်ရိက္ခာများပို့ဆောင်ကြသည်
စခန်းပေါ်မှလူများဆင်းလာကြသည်

ဆင်းလာသောအင်အားကိုရေတွက်ခန့်မှန်း
ကြည့်ရာ လူ ၂၀၀ ကျော်မျှရှိသည်

ပြန်တက်သွားသောလူများက
ငါးဆယ်ပင်မပြည့်
ကျနော်အနည်းငယ်တွေဝေသွားသည်

သူတို့ထွက်သွားအပြီး
နှစ်နာရီကျော်ကြာသည့်အထိ
ငြိမ်နေလိုက်သည်
ဆသရစက်ကို
RT မတက်ဘဲမော့စ်ရိုက်ကာ
လက်နက်ကြီးပစ်ခိုင်းလိုက်သည်

စည်တော်ကြီးယွန်းနေချိန်ကျမှ
မြစ်တဖက်ဖြတ်ကူးကာ
ရန်သူသွားသည့်လမ်းကြောင်းအတိုင်းချဉ်းကပ်ကာ
ရန်သူ့စခန်းကိုဝင်သည်.

ရန်သူသုံးသည့်လမ်းဖြစ်၍
မိုင်းမကြောက်ရ
စခန်းကိုသတိထားချဉ်းကပ်ရာ
အဝင်တံခါးသော့ခတ်ထားသော်လည်း
ကင်းသမားမရှိသည်ကိုတွေ့ရသည်
ရန်သူသည်သူတို့ခံစစ်စခန်းကို
အင်မတန်ယုံကြည်စိတ်ချနေသည်မှာ
ထင်ရှားလှသည်

တဖက်နိုင်ငံဘက်အခြမ်းကို
ကင်းပင်မချချေ
ကျနော်တို့ ခြံစည်းရိုးကို
လူ တကိုယ်ဝင်စာဖျက်ကာ

အထဲဝင်လိုက်သည်
ပထမတစိတ်
နောက်တပ်စုတစု
ချီတက်ဝင်ရောက်သွားကြသည်

လျှောက်မြောင်းထဲအထိအေးဆေးစွာပြဿနာမရှိ
နောက်လူပြန်ခေါ်သည်
ပထမရောက်ရှိနေသောတပ်စု
မပစ်ဘဲငြိမ်ကာနေရာယူသည်

တပ်ခွဲသုံးခွဲလုံးအထဲရောက်မှ
တပ်ဖြန့်နေရာယူပစ်ခတ်သည်

ရန်သူသည်အစပိုင်းကြောင်သွားသည်
နောက်မှစခန်းကို
တပ်မတော်မှစီးမိနေပြီကိုသိကာ
တဖက်အခြမ်းသို့ဆုတ်ကာခုခံသေးသည်

ကျနော်တို့ဖက်က ၈၄ မမ
လေကွဲသုံးကာဖိတိုက်တော့
မခံနိုင် ရန်သူက အင်အားအပြည့်မရှိ
တစ်ရာကျော်သာ

ရန်သူသည် တနာရီမျှသာ
ခုခံပြီး မြစ်အတွင်းဆင်းကာ
တဘက်နိုင်ငံသို့ဆုတ်ပြေးလေပြီ

မနက် ၀၃း၀၀ နာရီတွင်စခန်းရလိုက်သည်
ကစထမှုးကိုယ်တိုင်လိုက်လာကာစစ်ဆေးသည်

ထိုနောက်ပြန်သွားအပြီး
ဗျူဟာမှုးချိန်းသည်
ဗျူဟာမှုးအသစ်ရောက်တော့မှကျနော့်ကို
ခုံရုံးတင်သည်

စခန်းရလိုက်၍ခံသာသော်လည်း
အထက်အမိန့်ဖီဆန်မှုပြစ်ဒဏ်
ခံလိုက်ရသည်

ဗျူဟာမှူးကိုအနားပေးလိုက်သည်
အလိုက်ကောင်း၍
ထောင်မကျ အရပ်ဘက်ပြောင်းရသည်
တပ်မမှုးကားမဖြစ်တော့

အခြေအနေအရ
တခါတရံအထက်လူကြီးများသည်
ဖြစ်ချင်တာသိသည်
လုပ်သင့်တာကိုမသိ
လုပ်ချင်ရာလုပ်သည်

သူအမိန့်အတိုင်းလုပ်လျှင်
ကျနော်ယခုကဲ့သိုစာရေးနိုင်အုံးမည်မထင်

နောင်တွင်ထိုလူကြီးနှင့်
မျက်ချင်းဆိုင်ဆုံတောင်
နှုတ်မဆက်တော့
အရမ်းရွံ အရမ်းမုန်းသွားခဲ့သည်

သူဆုံးဖြတ်ချက်မှားယွင်းမှုကြောင့်
အရာရှိစစ်သည်များစွာ
အင်အားမပြုန်းတီးသင့်ဘဲ
ပြုန်းတီးခဲ့ရသည်

ကျနော်လည်း
မိုက်ခဲ့မှားခဲ့သည်
နှောင်းလူတို့ကျနော့်ကဲ့သို့
မမိုက်စေ့ချင်
သေဒဏ်ကျနိုင်သည့်ပြစ်မှုမှန်းသိလျှက်
ကျူးလွန်ခဲ့သည်

အသိ သတိတရား သတ္တိ ဥာဏ်ပညာ
တိုဖြင့်ဆင်ခြင်နိုင်ကြပါစေ

မင်းဟိန်းခန့်

cred;…copy