Monday, July 5, 2021

"ဗုဒ္ဓကို ခလုတ်မတိုက်ပါနဲ့လား"


နိုင်ငံရေး နယ်ပယ်မှာ ဒီမိုကရေစီဆိုတဲ့ စကားလုံးအတိုင်း လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်၊ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် ရှိပါတယ်။ ဒါပေမဲ့ သူများတော့ မထိခိုက်စေနဲ့ပေါ့။ ဘာသာရေးမှာလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိနေပါတယ်။ ကိုယ်ကြိုက်တဲ့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်လို့ရနေတာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်ကို မစော်ကားမိစေနဲ့ပေါ့။ စားကောင်း သောက်ကောင်း၊ ဖားကောင်း ကြွားကောင်း၊ အနေချောင်ဖို အစားချောင်ဖိုအတွက် မူလဘာသာတရားကို ချနင်းပြီး ဒုတိယရွေးချယ်လိုက်တဲ့ ဘာသာကို ဖားတာမျိုးတော့ မဖြစ်စေချင်ပါ။

ဥမမည် စာမမြောက်၊ဖားတစ်ပိုင်း ငါးတစ်ပိုင်း မတောက်တခေါက်အသိလေးနဲ့ လူကြားသူကြားထဲ ဘာသာတရားအကြောင်းကို ဂဃနဏ မပြောတတ်တဲ့အခါကျတော့ ရှက်စရာကောင်းတာပေါ့။ တစ်သက်လုံး နိုင်ငံရေးနယ်ပယ်ထဲက လောဘနွံ ဒေါသနွံ မောဟအမိုက်အမှောင်နွံထဲ နစ်နေပြီး စားကောင်း သောက်ကောင်း ဝင်ငွေကောင်းအောင် ဟိုလူ့မြှောက်လိုက် ဒီလူ့မြှောက်လိုက်၊ ဟိုလူ့ဖားလိုက် ဒီလူ့ဖားလိုက်၊ ဟိုလူ့ဆဲ ဒီလူ့ဆဲလိုက်၊ ဟိုလူနဲ့ ရန်တိုက်၊ ဒီလူနဲ့ရန်တိုက်တဲ့ဘဝမျိုးနဲ့ ကျင်လည်နေခဲ့တော့လည်း ဘာသာရေးနဲ့ ပတ်သက်လို ပိုးစုန်းကြူးတစ်ကောင်ရဲ့ အလင်းရောင်လောက်တောင် မတောက်ပခဲ့တော့ ဘာသာကူးပြောင်း တာ မဆန်းဘူးပေါ့။ ဒီလိုဘာသာရေး ကိုယ်ခံအားမရှိတဲ့ သူတွေ ဗုဒ္ဓဘာသာကို စွန့်လွှတ်တာ မဆန်းပါဘူး။ တခြားဘာသာဘက် ရောက်သွားရင်လည်း နောက်ထပ်အစားချောင် အနေချောင်တဲ့ နောက်ထပ်ဘာသာ တစ်ခုကို ထပ်ပြောင်းဖို ဝန်မလေးတဲ့သူလို မှတ်ချက်ပြုချင်ပါတယ်။ ဘာသာတရားက သူ့တိုအတွက် ထူးဆန်းတဲ့အရာမဟုတ်သလို အလေးအနက်ထားရမယ့် အရာလည်းမဟုတ်ဘူးပေါ့။ 

အခုအားလုံးသိတဲ့ ဘာသာပြောင်းသူက ဗုဒ္ဓသာသနာအတွက် ဘယ်တုန်းကမှ ဘာတစ်ခုမှ အကောင်းဘက်ကနေပြီး ဆောင်ရွက်ထားတာမရှိပါဘူး။ ဗုဒ္ဓကို စော်ကားတဲ့အခါမှာလည်း နာရကောင်းမှန်း သိတဲ့သူမဟုတ်ပါဘူး။ ပြီးတော့ ဗုဒ္ဓရဲ့ တရားတော်တွေကို လေ့လာထားဟန်မရှိပါဘူး။ သစ္စာလေးပါးတရား၊ ဝိပဿနာတရားကို နောက်ထား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်တာလည်းစတဲ့ ယဉ်လေးလိမ္မာသင်တန်းက အခြေခံလောက်ကို သိဟန်မတူ။ ဒါကြောင့်လည်း ဘာသာရေးနဲ့ ပတ်သက်တဲ့ အသိ မြူတစ်မှုန်တောင် မရှိ၊ အခြေခံလောက်ကို နားလည်ဟန်မရှိ၊ အခြေအမြစ်မရှိတဲ့ စကားလုံးတွေနဲ့ အာချောင်ပြီး တစ်ဖက်မှာ စားကောင်းသောက်ကောင်း ဝင်ငွေကောင်းအောင် သခင်အားရ ကျွန်ပါးဝတဲ့ အနေနဲ့ တစ်ဖက်ဘာသာကို မျက်နှာလိုမျက်နှာရလုပ်ရင်း ဗုဒ္ဓကိုခလုတ်သွားတာဖြစ်ပါတယ်။ ကိုယ်မကြိုက်လို ပြောင်းသွားတာ၊ တစ်ဖက်ကို လွတ်လပ်စွာရွေးချယ်တာ အပြစ်လိုမပြောလိုပေမယ့် ဗုဒ္ဓကိုခလုတ်တိုက်သွားတာကိုတော့ အသည်းကို အပ်နဲ့ အဆွခံရသလို နာကျင်ရပါတယ်။

ဗုဒ္ဓသာသနာကို အချိန်မရွေး ဒုက္ခပေးနေတဲ့ ဥမမည် စာမမြောက်၊ ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဗုဒ္ဓဘာသာတစ်ယောက် ဘာသာကူးပြောင်းသွားတာ ဗုဒ္ဓသာသနာတော်အတွက် ဝမ်းနည်းစရာ၊ နှမြောစရာ၊ အနှုတ်လက္ခဏာဆောင်တဲ့ အရာမဟုတ်ဘဲ မြန်မြန်ကူးပြောင်းသွားတာကပဲ ဗုဒ္ဓသာသနာအတွက် အပေါင်းလက္ခဏာဆောင်တဲ့ သဘော၊ ဗုဒ္ဓသာသနာသန့်ရှင်းသွားတဲ့ သဘောပါပဲ။ ကိုယ်ကြိုက်တဲ့ ဘာသာကို လွတ်လပ်စွာကူးပြောင်းသွားလိုက သွားနိုင်ပါတယ်။ မိမိရဲ့ စားဝတ်နေရေး၊ အနေချောင် အစားချောင်ဖိုအတွက် ဗုဒ္ဓကိုတော့ ခလုတ်မတိုက်ပါနဲ့လား။ နိုင်ငံရေးဘက်က ပြောတာမဟုတ် ဘာသာရေးဘက်က ပြောခြင်းပါ။

ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
(ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)
#MyanmarNationalPost
#mnpnews